Myanmar Idol Top 3 ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုနှင့် တွေ့ဆုံခြင်း

Myanmar Idol Top 3 ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုနှင့် တွေ့ဆုံခြင်း
Published 31 July 2018

Myanmar Idol သီချင်းဆိုပြိုင်ပွဲ၏ Top 3 ပြိုင်ပွဲဝင်တစ်ဦးဖြစ်ကာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်သည့် ပြိုင်ပွဲဝင်ချမ်းမြေ့မောင်ချိုမှာ တေးသံရှင်အိအိ၏ မျိုးဆက်သစ် သမီးငယ်လေးဖြစ်သည်။ ချိုသာသည့်အပြုံး၊ ကိုယ်ပိုင်ဆိုဟန်တစ်ခုကို ပိုင်ဆိုင်ထားသည့် ချမ်းမြေ့မောင်ချိုသည် ပြိုင်ပွဲကာလတစ်လျှောက်တွင် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာသူဖြစ်သည်။ ချမ်းမြေ့မောင်ချိုနှင့် တွေ့ဆုံ၍ ပြိုင်ပွဲကာလအတွေ့အကြုံများ၊ အကဲဖြတ်ဒိုင်များ၏ Comment များအပေါ် သဘောထားခံယူချက်များ၊ နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် ကြိုးပမ်းလျှောက်လှမ်းသွားရန် ပြင်ဆင်ထားသည်များကို မေးမြန်းဖြစ်ခဲ့သည်။

■ မေး - Myanmar Idol Top 3 အထိ ပါဝင်ခွင့်ရလာတဲ့ ခံစားချက်ကို အရင်ဆုံး ပြောပြပေးပါဦး။

ဖြေ - တကယ်တမ်း ပြောရရင်တော့ ဒီအဆင့်အထိကို ရောက်လာတယ်ဆိုတာက သမီးကိုအားပေးကြတဲ့ ပရိသတ်တွေရဲ့ ကျေးဇူးကြောင့်ပါ။ ပရိသတ်တွေရဲ့ အားပေးမှုတွေ၊ Voting ပေးတာတွေ မရှိဘူးဆိုရင် ဒီနေရာအထိလည်း ပါဝင်ခွင့်ရမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဆက်လက်ကြိုးစားခွင့်ရတာကိုက ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါပဲ။ ဒါကြောင့် ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ မေမေလည်းသမီး အခုလိုက်လက်ယှဉ်ပြိုင်နိုင်တဲ့အပေါ် ကျေနပ်မယ်ထင်ပါတယ်။

■ မေး - ချမ်းမြေ့မောင်ချိုက ပြိုင်ပွဲစပြိုင်ကတည်းက သီချင်းတိုင်းကို ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ဆိုတတ်တယ်။ အဲဒီလို သတ်မှတ်ခံရတဲ့အပေါ် ခံစားမှုကို သိချင်ပါတယ်။

ဖြေ - ပရိသတ်တွေက သမီးသီချင်းဆိုတဲ့အခါ ဘာသီချင်းပဲဆိုဆို ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ဆိုတယ်လို့ပြောကြသလို အကဲဖြတ်ဒိုင်တွေကလည်း သမီးက ကိုယ်ပိုင်ဟန်ရှိတယ်လို့ ပြောကြတာတွေရှိတယ်။ သမီးအရမ်းလည်းပျော်ပါတယ်။

■ မေး - ပြိုင်ပွဲကာလတစ်လျှောက်မှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေရခဲ့သလို စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်ရတာတွေလည်း ကြုံရမှာပဲလေ။ ဒါတွေကို ဘယ်လိုကျော်ဖြတ်လဲ။

ဖြေ - ဒါကတော့ ဘယ်ပြိုင်ပွဲမဆို Challange ကတော့ ရှိမှာပဲလေ။ လွယ်ကူမှာတော့ မဟုတ်ဘူးဆိုတာ စိတ်ထဲမှာထားထားတယ်။ အကဲဖြတ်ဒိုင်တွေက သမီးအတွက် Comment တွေပေးတယ်ဆိုရင်လည်း သမီးထက် အများကြီးတော်တဲ့ အတွေ့အကြုံတွေရှိတဲ့ လူကြီးတွေက သမီးလိုအသက် ၁၉ နှစ်ပဲရှိသေးတဲ့ ကလေးတစ်ယောက်ကို ဆုံးမပေးကြတယ်။ လမ်းညွှန်ပေးကြတယ်။ ဒါကိုသမီးအနေနဲ့ တတ်နိုင်သလောက် လိုက်နာရမယ်ဆိုတာမျိုး အမြဲစဉ်းစားတယ်။ သမီးကိုကောင်းစေချင်လို့ ပြောတာဖြစ်တဲ့အတွက် လိုက်နာတယ်။ စိတ်ဆိုးတာလည်း မရှိသလို စိတ်ညစ်တယ်လို့လည်း မခံစားဘူး။ သူတို့ပြောတာတွေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို စဉ်းစားတယ်။ ဆက်လုပ်ပါတယ်။

■ မေး - ကိုယ့်ကို ဝေဖန်တိုက်ခိုက်သူတွေကိုရော ဘယ်လိုတုံ့ပြန်လေ့ရှိလဲ။

ဖြေ - ဝေဖန်တဲ့သူတွေကို အမြဲတမ်း အာရုံစိုက်နေမယ်ဆိုရင် ပြိုင်ပွဲကိုအာရုံထားနိုင်မှာ မဟုတ်ဘူး။ ဒီစကားတွေကိုသာ အာရုံစိုက်နေရင် သမီးစိတ်ဓာတ်ကျသွားနိုင်တယ်။ သမီးကို ဝေဖန်ကြတဲ့သူတွေထဲကမှ ပြုပြင်သင့်တဲ့ အကြောင်းအရာ ဆိုရင်တော့ ကိုယ်တိုင်လည်း ပြုပြင်နိုင်ဖို့ ကြိုးစားတယ်။ အဲဒီလိုမဟုတ်ဘဲ သက်သက်တိုက်ခိုက်တာ ဆိုရင်တော့ ခေါင်းထဲမထည့်ဘူး။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်တယ်။ ကြိုးစားစရာရှိတာကို အကောင်းဆုံး ကြိုးစားတယ်။

■ မေး - Myanmar Idol ကို ဝင်ပြိုင်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်ဆိုရင်ရော။

ဖြေ - အဓိက ရည်ရွယ်ချက်ကတော့ သမီးသီချင်းဆိုရတာကို ကြိုက်တယ်။ အိမ်မှာသီချင်းဆိုရင် အမေက မဆိုခိုင်းဘူး။ နားငြီးတယ်လို့ပြောတယ်။ ပြိုင်ပွဲဆိုတော့ ကိုယ်ဆိုချင်တဲ့အတိုင်း ဆိုလို့ရပြီလေ။ ဘယ်သူမှလည်း ပြောတော့မှာမဟုတ်ဘူး။ အဲဒီလိုပေါ့။ ဒီအဆင့်အထိ ရောက်လာမယ်လို့လည်း မထင်ခဲ့ဘူး။ ဒီ Level အထိရောက်လာတော့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြမိတယ်။

■ မေး - ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက်ရော ဘယ်လိုတွေပြင်ဆင်ခဲ့ရလဲ။

ဖြေ - အကုန်လုံး ပြင်ဆင်ခဲ့ရပါတယ်။ ပြိုင်ပွဲဖြစ်တဲ့အတွက် ဝတ်စားဆင်ယင်မှုအပိုင်း၊ အဆိုပိုင်း၊ ကျန်းမာရေးပိုင်း အားလုံးပြင်ဆင်ရတယ်။ ကိုယ်မဝတ်ချင်တာလည်း ဝတ်ရတယ်။ ပြိုင်ပွဲဖြစ်တဲ့အတွက် သီချင်းနဲ့လိုက်အောင်ဝတ်ရတယ်။ အဲဒီအပေါ်မှာလည်း ဝတ်စုံကို အာရုံအရမ်းမထားဘူး။ ကျန်းမာရေးလည်း တစ်ခါတလေ အားနည်းတတ်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရတယ်။ စိတ်ဓာတ်ပိုင်းက အလိုအပ်ဆုံးပါပဲ။ စိတ်ဓာတ်ကျရင် ကျန်းမာရေးထိမယ်။ ကျန်းမာရေးထိရင် အဆိုပါထိမယ်ဆိုတော့ စိတ်ကိုတော့ အမြဲတမ်း ပိုပြီးသတိထားတယ်။

■ မေး - ကိုယ်နဲ့ရင်းနှီးတဲ့ပြိုင်ပွဲဝင်တွေ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်သွားရတဲ့ အပေါ်ခံစားမှုကို သိချင်ပါတယ်။

ဖြေ - ဝမ်းနည်းရပါတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်းအတူတူတွေ့မြင်ပြီး အတူနေလာခဲ့ကြတဲ့သူတွေဆိုတော့လေ။ သူတို့တွေအားလုံးက အနုပညာလမ်းကြောင်းပေါ်မှာ ရှိနေမယ်ဆိုတာကိုတော့ သမီးယုံကြည်တယ်။ Final ညမှာတော့ အားလုံးအတူတူ တွေ့ခွင့်ရမှာဖြစ်တယ်။ အကောင်းဆုံးသီဆိုပြီး ထွက်သွားတာဖြစ်လို့ သူတို့ တစ်ယောက်ချင်းစီအတွက် ဂုဏ်ယူပါတယ်။

■ မေး - Winner ဖြစ်ဖို့အတွက်ရော မျှော်လင့်ထားလား။

ဖြေ - ဒါကတော့ ပရိသတ်များက ရွေးချယ်တဲ့ Voting နဲ့ ဆုံးဖြတ်တာဖြစ်လို့ သမီးသေချာတော့ မပြောတတ်ပါဘူး။ သမီးဘက်ကတော့ အကောင်းဆုံး ကြိုးစားသီဆိုသွားပါမယ်။

■ မေး - ပြိုင်ပွဲပြီးသွားရင်ရော ဘာတွေဆက်လုပ်သွားဖို့ စိတ်ကူးထားလဲ။

ဖြေ - သမီးကတော့ သမီးတကယ်ဝါသနာပါတဲ့ သီချင်းတွေဆိုနေမယ်။ သမီးကိုချစ်ခင်ပေးတဲ့ ပရိသတ်တွေလည်း ဆက်ပြီးအားပေးစေချင်ပါတယ်။

■ မေး - ဒီနှစ် Winner ဆုကို မိန်းကလေးကို ရစေချင်တယ်လို့ ပရိသတ်တွေက ပြောကြတာရှိတယ်။ အဲဒီအပေါ်ရော ဘယ်လောက်အထိ မျှော်လင့်လဲ။

ဖြေ - ဒါကတော့ သေချာမပြောတတ်ပါဘူး။ သမီးဘက်က ကြိုးစားမှုရယ်၊ ပရိသတ်တွေရဲ့ မဲပေးမှုရယ်၊ ကံတရားရယ် အများကြီး သက်ဆိုင်ပါတယ်။