အကယ်ဒမီ ဖွေးဖွေးနှင့် တွေ့ဆုံခြင်း

အကယ်ဒမီ ဖွေးဖွေးနှင့် တွေ့ဆုံခြင်း
Published 25 July 2018

မြန်မာ့ရုပ်ရှင်လောကမှာ အနုပညာအရည်အသွေးပြည့်ဝတဲ့ ကြိုးစားတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် အားလုံးရဲ့ အသိအမှတ်ပြုမှုတွေနဲ့အတူ အချိန်တိုအတွင်းမှာ သူ့ရဲ့အနုပညာအရည်အချင်းကို အသိအမှတ်ပြုမှုတွေရရှိခဲ့တဲ့ ဖွေးဖွေး၊ အကယ်ဒမီ ဖွေးဖွေးအနေနဲ့ ဇူလိုင် ၂၇ ရက်မှာ ရုံတင်ပြသမယ့် ‘ ကာဗွန်ဒိုင်အောက်ဆိုဒ်’ ဇာတ်ကားကြီးမှာလည်း ပါဝင် သရုပ်ဆောင်ထားသူပါ။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’ ဇာတ်ကားက အမှတ်တရတွေကြိုးစားမှုတွေကို တွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်  .  .  .  .

 

မေး - လက်ရှိ အနုပညာလှုပ်ရှားမှုတွေကိုအရင်သိပါရစေ။

ဖြေ - အခုက ဒါရိုက်တာ ကိုဝိုင်းနဲ့ပဲ ‘ လှပ်၍လွင့်သော’ ရုပ်ရှင်ကားကြီး ရိုက်နေပါတယ်။ နောက်ပြီး ဇူလိုင် ၂၇ ရက်မှာ ‘ ကာဗွန်ဒိုင်အောက်ဆိုဒ်’ ဇာတ်ကားရုံတင်မှာဖြစ်လို့ ပရိသတ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

 

မေး - ‘ လှပ်၍လွင့်သော’ ဇာတ်ကားမှာ ဘယ်လိုကာရိုက်တာမျိုးနဲ့ ပါဝင်ထားလဲ။ ဖွေးအနေနဲ့ ဘယ်လိုအတွေ့ကြုံသစ်တွေကော ရလဲ။

ဖြေ - ‘ လှပ်၍လွင့်သော’ က အချစ်ဇာတ်လမ်းတော့ မဟုတ်ပါဘူး။ အတွေ့အကြုံသစ်အနေနဲ့ကတော့ ဘားအံမှာသွားရိုက်တုန်းက ကြာအင်းတောင် (ခုနှစ်စဉ်တောင်ထိပ်) မှာ လည်း ရိုက်ခဲ့တယ်။ အဲဒီမှာ မြူတွေရော၊ မိုးတွေရောကျတယ်။ လေလည်းအရမ်းတိုက်တယ်။ အဲဒီလိုနေရာမျိုးလေးက ဖွေးအတွက် အသစ်ဖြစ်တာကြောင့် ပရိသတ်တွေအတွက် Facebook မှာတောင် Live လွှင့်ဖြစ်သေးတယ်။ အဲဒီမှာ နောက်အတွေ့အကြုံသစ်ကတော့ မျက်နှာမှာ နေလောင်သလို ဒဏ်ရာလေးတွေဖြစ်သွားတယ်။ သူတို့ပြောတာတော့ မြူစားတယ်လို့ပြောတာပဲ။

 

မေး - ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားမှာရော ဘယ်လိုဇာတ်ကောင် စရိုက်မျိုးနဲ့ပါဝင်ထားလဲ။

ဖြေ      - ‘ ကာဗွန်ဒိုင်အောက်ဆိုဒ်’ ဇာတ်ကားမှာကတော့ ဖွေးက သာယာဆိုတဲ့ကောင်မလေးနေရာက ပါဝင်ထားပါတယ်။ အလင်းရောင်ခေါ် နောင်နောင်ရဲ့ Best Friend အဖြစ်နဲ့ ပါဝင်ထားပါတယ်။

 

မေး - ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကား ရိုက်ကူးခဲ့တုန်းက အမှတ်တရတွေ၊ ကြိုးစားခဲ့ရတာတွေကိုလည်း ပြောပြပေးပါဦး

ဖြေ - ဒီဇာတ်ကားက ကြောက်လန့်စရာတွေ ပါမယ်။ အဲ ဒီဇာတ်လမ်းမျိုးက ကြည့်ရတဲ့သူတွေကိုတောင် ပင်ပန်းမှုတွေဖြစ်စေသလိုပဲ ကိုယ်တွေလည်း ရိုက်ခဲ့ရတာ ပင်ပန်းခဲ့တယ်။ ဒီဇာတ်ကားမှာ ဖွေးက အပမှီနေတဲ့ပုံစံမျိုး တစ်ချက်တစ်ချက်မှာ သရဲဝင်ပူးတာ ခံရတာမျိုးဆိုတော့ ဖွေးကို လှလှပပတော့ မြင်ရမှာမဟုတ်ဘူး။ နောက်ပြီး ဖွေးအတွက် ဒီ ဇာတ်ကားရိုက်ကွင်းမှာ အမှတ်အရဆုံး အဖြစ်ကတော့ ကိုဝိုင်း (ဒါရိုက်တာ)က ဘာမှ ကြိုပြောမထားဘဲနဲ့ တကယ်ရိုက်တဲ့အ ချိန်မှာ မှ တကယ့်လောက်အစစ် တွေကို ဖွေးခြေထောက်ပေါ် ပက်ချလိုက်တဲ့အခန်းပဲ။ ကိုယ့်အနေနဲ့က အဲဒီလိုခံစားချက်မျိုး တစ်ခါမှလည်း ခံစားဖူးဘူး။ အရမ်းကို လန့်ပြီး ရိုက်ကွင်းမှာပဲ စိတ်ရှိလက်ရှိ ငိုချပြစ်လိုက်မိတာပဲ။ နောက်ပြီး အဲဒီဇာတ်ကား တုန်းက ညဘက်ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေလည်းများတော့ အိပ်ရေးတွေလည်းပျက်တယ်။ သရဲဝင်ပူးသလို၊ အပမီသလို အိုက်တင်မျိုးစိတ်မျိုးသွင်းထားရပြီး ကားရိုက်တဲ့အချိန် နှစ်ပတ်ကျော်လောက် ကြာလာတော့ လူကအရမ်း စိတ်ပင်ပန်းလာတယ်။ အဲဒီချိန် လူက Relax ဖြစ်အောင် နေချင်တယ်။ အဲဒီလို အချိန်ဆို ကိုယ်ကလည်း ပေါတောတောနေတတ်တာဆိုတော့ သူများကို လိုက်ပြီး စချင်နောက်ချင်တယ်။ အလင်းရောင်ကလည်း သူ့ဇာတ်ကောင် စရိုက်ပီဖို့ အဲဒီဇာတ်ကောင်စိတ်မျိုးနဲ့ နေနေတာဆိုတော့ စလို့မရဘူး။ စနောက်စရာကလည်း ကိုကျော်ထက်အောင်တစ်ယောက်ပဲရှိတော့ သူ့ ကိုပဲစမိတယ်။ ကိုဝိုင်းကတော့ အဲဒီလို စတာနောက်တာတွေမကြိုက်တော့ ဆူခံရသေးတယ်။

 

မေး - ခုနောက်ပိုင်းမှာ ဖွေးအနေနဲ့ဘယ်လိုဇာတ်လမ်းမျိုးတွေကို ပိုပြီး ရိုက်ဖြစ်နေလဲ။

ဖြေ - အခုနောက်ပိုင်းမှာတော့ ဖွေးအနေနဲ့ အချစ်ဇာတ်လမ်းမျိုးတွေကို ဦးစားမပေးဘဲနဲ့ တခြားဇာတ်လမ်းမျိုးတွေပိုရွေးဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဇာတ်လမ်းမျိုးတွေ၊ ဥပဒေနဲ့ ပတ်သက်တဲ့ဇာတ်လမ်းမျိုးတွေ ပေါ့။ ပရိသတ်တွေကိုလည်း အသိပညာတစ်ခုခုပိုပြီးပေးနိုင်မယ့် ဇာတ်လမ်းမျိုးတွေကို ရွေးချယ်ဖြစ်တယ်။

 

မေး - နောက်ထပ်ရိုက်ကူးမယ့် ‘ကံ့ကော်နီ’ ဇာတ်ကားအတွက်ရော ဖွေးဘယ်လိုတွေ ပြင်ဆင်သွားမလဲ။

ဖြေ - ဖွေးအနေနဲ့ ရှေ့တစ်လမှာလည်း ‘ သူစိမ်းအိမ်’ ဇာတ်ကားကြီး ရိုက်ထားတယ်။ ခုလည်း ‘ လှပ်၍လွင့်သော’ ရိုက်နေတယ်ဆိုတော့ အဲဒီအတွက် မပြင်ဆင်နိုင်သေးပါ ဘူး။ ကားရိုက်တွေလည်း အရမ်းဆက်နေတော့ လူလည်း အရမ်းပင်ပန်းနေပြီ။ အရမ်းလည်းနားချင်နေပြီ။ သြဂုတ်လထဲမှာတော့  ဖွေးအနေနဲ့ မွေးလလည်းဖြစ်တာကြောင့် ခဏနားဦးမယ်။ ပြီးမှပဲ အဲဒီအတွက် ပြင်ဆင်ဖြစ်မှာပါ။

 

မေး - သြဂုတ်လထဲမှာကျရောက်မယ့် ဖွေးရဲ မွေးနေ့အတွက်ရော ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ။

ဖြေ - ဖွေးအနေနဲ့က မွေးနေ့ကို အထူးတလည်ကြီး လုပ်လေ့မရှိပါဘူး။ မွေးနေ့ ဘုရားသွားမယ်။ အလှူလေးတစ်ခုလောက် တိုးတိုးတိတ်တိတ်လုပ်မယ်။ ညဘက်မှာ သူငယ်ချင်းတွေနဲ့ မုန့်သွားစားမယ် ဒီလောက်ပဲ လုပ်ဖြစ်ပါတယ်။ ဖွေးရဲ့ မွေးနေ့က ရှစ်လေးလုံးပြီး နောက်တစ်ရက်ဖြစ်တဲ့ ၉ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ် မွေးတာလေ။ အဲဒီနေ့ရက်တွေက မြန်မာပြည်ရဲ့အဖိုးတန်လူငယ်တွေအများကြီး အသက်ဆုံးရှုံးရတဲ့နေ့တွေလည်း ဖြစ်တာကြောင့် အမှန်အတိုင်းပြောရရင် ဝမ်းနည်းမိတယ်။ ဒီနှစ်မှာတော့  Bella က ဝေသစ်လွင်ကတော့ ဖွေးမွေးနေ့အတွက် ရွှေတိဂုံဘုရားမှာ ဆီမီးတစ်သောင်းတစ်ထောင်ကို ပူဇော်ဖို့စီစဉ်ထားတယ်။ ရာသီဥတုကောင်းရင် ဖွေးကိုယ်တိုင်သွားပြီးပူဇော်ဖြစ်မယ် ပရိသတ်တွေလည်း အတူလာပြီး ပူဇော်နိုင်ပါတယ်။

 

မေး - အခု ဖွေးနဲ့ ရန်းဂွတ်ပူးပေါင်းပြီး လက်ကိုင်အိတ်လေး ဒီဇိုင်းထုတ်ဖြစ်တာကိုလဲသိချင်ပါတယ်။

ဖြေ - အဲဒါကရော SYKO တံဆိပ်နဲ့အင်္ကျ ီတွေ ထုတ်ဖြစ်တာရောက ဘဝရဲ့ အမှတ်တရတွေ လုပ်ချင်တဲ့အတွက် လုပ်ဖြစ်တာပါ။ အိတ်ကလေးကတော့ ဖွေးတို့ ပူးပေါင်းလုပ်ဖြစ်တာပါ။ ဒီဇိုင်းပိုင်းမှာတော့ ဖွေးကြိုက်တာလေးတွေကို ထည့်ဖြစ်တယ်။ ကြာပန်းကတော့ အသစ်ပြန် လည်စတင်တဲ့သဘောလည်းဖြစ်သလို ရွံ့နွံတွေထဲကနေ ရုန်းထွက်ပြီး လှလှလေးပွင့်ရတဲ့ပန်းလည်းဖြစ်တာကြောင့် ကြာပန်းသရဖူလေးထည့် တယ်။ နောက်ပြီး ပရိသတ်တွေက ဖွေးကို ဖွေးစိန်လို့လည်းခေါ်ကြတော့ စိန်ပွင့်လေးထည့်ဖြစ်တယ်။

 

မေး - ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုပြောချင်တာက။

ဖြေ -    သရဲကားမှကြိုက်ပြီး ကြောက်ချင်တဲ့ ပရိသတ်တွေဆိုရင် ဒီဇာတ်ကားက ကြိုက်မယ်လို့ ယုံကြည်ပါတယ်။

Most Read

Most Recent