<

တင်မောင်ဆန်းမင်းဝင်းနှင့် တွေ့ဆုံခြင်း

မြန်မာ့ဇာတ်သဘင်မှာ တောက်ပတဲ့ အနုပညာငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းအနေနဲ့ ဇူလိုင် ၂၁ ရက်ကစပြီး ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ‘မိုးရာသီ အပတ်စဉ် ဇာတ်သဘင်ဖျော်ဖြေပွဲ’ ကို စတင်ကပြနေပြီဖြစ်ပါတယ်။ ဒီနှစ်နဲ့ဆိုရင် မိုးရာသီပွဲကို မြို့ပေါ်မှာ အပတ်စဉ်ပွဲတစ်ခုအဖြစ် ကပြဖြစ်တာ လေးနှစ် မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနှစ်ရဲ့ မိုးရာသီ အပတ်စဉ်ဖျော်ဖြေပွဲအကြောင်းအရာတွေနဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်  .  .  . 

 

မေး – မိုးရာသီဖျော်ဖြေပွဲကို လေးနှစ်မြောက်အဖြစ် ဒီနှစ်မှာ ဆက်ပြီးကျင်းပဖြစ်တဲ့အကြောင်းလေးကို အရင် ပြောပြပေးပါဦး။

ဖြေ – ဒီပွဲကို ကပြဖြစ်တာက မိုးရာသီဆိုရင် ပွဲတွေနားလေ့ရှိတဲ့အတွက် ဇာတ်အဖွဲ့သားတွေရဲ့ စားဝတ်နေရေးအတွက်ရော၊ ရန်ကုန်လိုမြို့ကြီးမှာ အချိန်ပိုင်းကြည့်ရှုလို့ရမယ့် ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုကို ရှိနေစေဖို့အတွက်ရော တင်ဆက်ဖြစ်တာပါ။ နောက်ပြီး နိုင်ငံခြားသားတွေအနေနဲ့ မြန်မာ့ရိုးရာ ဇာတ်သဘင်ကို ရန်ကုန်မြို့ပေါ်မှာပဲ လာရောက်လေ့လာကြည့်ရှုနိုင်မယ့် ပွဲလေးလည်းဖြစ်တာကြောင့် ကျွန်တော်အနေနဲ့ နှစ်စဉ်တိုင်းလိုလို ကျင်းပနိုင်ဖို့ ကြိုးစားတာပါ။ လေးနှစ်မြောက်ဖြစ်တဲ့ ဒီနှစ်မှာ တင်ဆက်နိုင်ဖို့အတွက်လည်း ကျွန်တော် အများကြီး ကြိုးစားထားပါတယ်။ ပွဲကနိုင်ဖို့အတွက် ရုပ်သံထုတ်လွှင့်မှုပိုင်းရော စပွန်ဆာရဖို့အတွက်ရော ကျွန်တော်အရမ်းကြိုးစားပြီး ဖြစ်အောင်လုပ်ထားပါတယ်။ ဒါက မြို့ပေါ်မှာ လူငယ်တွေ အမြဲရောက်လာဖြစ်တဲ့နေရာမျိုးမှာ မြန်မာ့ ဇာတ်သဘင်ကို တင်ဆက်နိုင်တဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ပါ။ ဒီနှစ်ပွဲဖြစ်လာဖို့အတွက် အဓိက ကူညီပေးကြ   တဲ့ 3D သွားတိုက်ဆေးနဲ့ 5 Plus ရုပ်သံလိုင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

မေး – လေးနှစ်မြောက်အဖြစ် ကပြဖြစ်တဲ့ပွဲမှာ ဘယ်လိုတင်ဆက်မှုတွေနဲ့ ဖျော်ဖြေသွားမလဲ။

ဖြေ – ကျွန်တော့်အနေနဲ့ တစ်နှစ်နဲ့တစ်နှစ် မတူအောင်လည်း ကြိုးစားပြီး စီစဉ်တင်ဆက်ပါတယ်။ ဒီနှစ် မိုးရာသီဖျော်ဖြေပွဲမှာ တင်ဆက်တာတွေက လာမယ့်သဘင်ရာသီသစ်မှာ ဖျော်ဖြေမယ့်တင်ဆက်မှုတွေပါ။ ဒီနှစ်မှာတော့ နောက်ပိုင်းဇာတ်တော်ကြီးတွေကို စီစဉ်တင်ဆက်ဖို့ အဓိက စီစဉ်ထားပါတယ်။ နောက်ပိုင်းဇာတ်တော်တွေထဲကနေမှ ကျွန်တော်တို့တွေနဲ့ နီးစပ်မှုရှိ နတ်သမိုင်းတွေကို ဒီနေ့ခေတ်ပရိသတ်တွေ မပျင်းရအောင်ရယ် ကိုယ်နိုင်တဲ့အင်အားနဲ့ ကပြနိုင်တာလေးတွေကို အကောင်းဆုံးဖြစ်အောင် တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး ကပြဖျော်ဖြေချိန်ကို နှစ်နာရီအတွင်းမှာ ဘောင်ဝင်အောင် ဖျော်ဖြေတင်ဆက်ဖို့ သေချာပြင်ဆင်ထားပါတယ်။ အဲဒီအတွက် စတိတ်ရှိုးအစီအစဉ်ကတော့ လုံးဝပါမှာ မဟုတ်ပါဘူး။

မေး – ဒီနှစ် မိုးရာသီဖျော်ဖြေပွဲတွေမှာရော မင်းရွှေရောင်တင်လေးက ဘယ်လိုပုံစံနဲ့ ပါဝင်ကပြသွားဖို့ရှိမလဲ။

ဖြေ – ဒီနှစ်မှာတော့ သားပူတူး (မင်းရွှေရောင်တင်) က နယ်မှာ ကျောင်းတက်နေတာဖြစ်လို့ အပတ်စဉ်တိုင်း ပါဝင်ကပြဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီအတွက်လည်း သူ့ရဲ့ ပရိသတ်တွေကို နားလည်ပေးဖို့နဲ့ ပွဲကိုတော့ လာပြီး တောင်းဆိုချင်ပါတယ်။ နောက်ပြီး သူ့အရွယ်က စာသင်ရမယ့် အရွယ်ဖြစ်တာကြောင့် ပညာရေးကိုပဲ ဦးစားပေးမှာပါ။ ဒီပွဲတွေမှာ သူကျောင်းအားတဲ့ အပတ်တွေမှာတော့ ပါဝင်ကပြဖို့ရှိပါတယ်။ သူ့အနေနဲ့က သူ့ဝါသနာ၊ သူ့ဗီဇပါလာတဲ့ အနုပညာအရသာ သူက သဘင်အနုပညာသည်တစ်ယောက်လို ဖြစ်နေတာပါ။ တကယ်တော့ သူက သဘင်အနုပညာသည် မဟုတ်သေးပါဘူး။ သူမပါပေမဲ့လည်း ပရိသတ်တွေက ချစ်ခင် အားပေးပါလို့ ပြောချင်ပါတယ်။

မေး – အချိန် နှစ်နာရီအတွင်းမှာ နောက်ပိုင်းဇာတ်တော်ကြီးကို အခြားအစီအစဉ်တွေ၊ နှစ်ပါးသွားတွေနဲ့ တွဲဖက် တင်ဆက်မယ်ဆိုတော့ ဘယ်လိုအခက်အခဲရှိလဲ။

ဖြေ – အဓိက,ကတော့ တင်ဆက်ရမယ့် အချိန်အတွင်းမှာ အနှစ်သာရမပျောက်အောင် ဇာတ်လမ်းသွားကို တင်ဆက်နိုင်ဖို့ ကျွန်တော်တို့ အဓိကထားပြီး တင်ဆက်ထားပါတယ်။ ဒါ့ကြောင့်လည်း နောက်ပိုင်းဇာတ်တော်ဆိုပေမဲ့ နတ်သမိုင်းတွေကိုပဲ အဓိကထားပြီး တင်ဆက်ဖို့စီစဉ်ထားပါတယ်။ ဆို၊ ငို၊ ပြောတွေနဲ့ တကယ့်မြန်မာ့ဇာတ်သဘင်ရဲ့ အနှစ်သာရတွေကို တင်ဆက်နိုင်ဖို့ ကျွန်တော်တို့ တတ်စွမ်းသလောက်၊ နိုင်သလောက်အင်အားနဲ့ ကျွန်တော်တို့တစ်တွေ အကောင်းဆုံး ကြိုးစားထားပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်တိုင်က ဇာတ်သဘင်မင်းသား စစ်စစ်ကြီးတွေလို မတတ်မြောက်သေးဘဲ ဇာတ်သဘင်အနုပညာကို တတ်နိုင်သမျှ ထိန်းသိမ်းနေတဲ့ မင်းသားအဆင့်ပဲ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ တင်ဆက်မှုတွေ လိုအပ်တာတွေရှိခဲ့ရင် ဇာတ်သဘင်ပညာသည်ကြီးတွေကရော ပရိသတ်တွေကပါ နားလည်မှုနဲ့ ခွင့်လွှတ်မှုနဲ့ ကြည့်ရှုပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

မေး – ခေတ်ရေစီးကြောင်းအရ ဖျော်ဖြေရေးတွေမှာ အနုပညာပေါင်းစုံက အင်အားကောင်းကောင်းနဲ့ ၀င်ရောက် လာချိန်မှာ ဇာတ်ခုံပေါ်က မင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ကြိုးစားနေရလဲ သိပါရစေ။

ဖြေ – ဒီနေ့က ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဖျော်ဖြေရေး ကဏ္ဍမှာလည်း အနုပညာတင်ဆက်မှုတွေက ရိုးရာအနုပညာတွေထက် အများကြီး အားကောင်းတာတွေချည်းပါပဲ။ ကျွန်တော်တို့ ဇာတ်သဘင်ပညာသည်တွေအနေနဲ့ အားငယ်ရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ နောက်ပြီး ဇာတ်ခုံပေါ်မှာ တကယ်တမ်း တင်ဆက်ကပြရတဲ့အခါ ကျွန်တော်တို့ကို ဘယ်သူကမှ တာဝန် မပေးထားပေမယ့်လည်း ကျွန်တော်တို့တွေ ကိုယ့်ရိုးရာကိုထိန်းသိမ်းရပါတယ်။ အဲဒီမှာ ပြဿနာက ပရိသတ်တွေရဲ့ အကြိုက်ဆိုတာကလည်း ပါလာပါတယ်။ ပရိသတ်တွေမကြိုက်ဘဲ မကြည့်ချင်ဘဲနဲ့လည်း ကျွန်တော်တို့ မရပ်တည်နိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့တွေက ကိုယ့်ရိုးရာကို ပရိသတ်တွေကြိုက်လာအောင် ပုံစံသစ်လေးတွေနဲ့ ကြိုးစားရတဲ့အပိုင်းတွေ ရှိလာပါတယ်။ ဒါတွေကို လူကြီးတွေကရော ပရိသတ်တွေကပါ နားလည်မှုနဲ့ ဖေးမလမ်းညွှန်မှုတွေရှိရင် ပိုအဆင်ပြေမှာပါ။ ပရိသတ်တွေအတွက် အမြဲတမ်း ကြိုးစားနေပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ကျေးဇူးအမြဲတင်ရပါတယ်။

မေး – လာမယ့် ဇာတ်သဘင်ရာသီသစ်မှာ ဘယ်ဒေသတွေကို သွားရောက်ဖျော်ဖြေဖို့ စီစဉ်ထားလဲ။

ဖြေ – ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေဘက်မှာ သွားပြီး ကပြဖို့အတွက် စီစဉ်ထားတဲ့ပွဲတွေ ရှိပါတယ်။

 

 

July 22, 2018














Copy Protected by Chetan's WP-Copyprotect.