ကိုစည်သူမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း. . .

ကိုစည်သူမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း. . .
Published 8 July 2018

“ဘယ်အချိန်ခေါ်မလဲဆိုတဲ့ အဖြေရကျပ်တဲ့မေးခွန်းတွေ မမေးပါနဲ့တဲ့။ သူတို့ လုပ်ဆောင်နေတဲ့အရာတွေကို ရှင်းပြမယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြမယ်။ သူတို့ကို ဘယ်အချိန် ပြန်ထုတ်နိုင်မလဲဆိုတာက သူတို့မှာ အဖြေမရှိသေးဘူး”

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူတွင် တောဝက်ဟု အမည်ရသည့် ဒေသခံဘောလုံးအသင်းမှ ဘောလုံးသမားကလေးငယ် ၁၂ ဦးနှင့် နည်းပြဆရာတစ်ဦးတို့ ပိတ်မိလျက်ရှိသည်။ ဇွန် ၂၃ ရက်မှစ၍ ပျောက်ဆုံးလျက်ရှိသည့် ၎င်းတို့အား ထိုင်းအာဏာပိုင်များမှ ဂူအတွင်း ရှိနိုင်သည်ဟုယူဆလျက် ရှာဖွေခဲ့ကြသည်။ ၁၀ ရက်ခန့်အကြာတွင် ၎င်းတို့အား ဂူဝမှ ၃ ဒသမ ၈ မိုင်အကွာ ပတ္တယားကမ်းခြေတွင် ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇွန် ၂၄ ရက်မှ စတင်ကာ ဂူဝတွင်စောင့်ဆိုင်းပြီး လူမှုကွန်ရက် Facebook စာမျက်နှာတွင် သတင်းများတင်ပေးနေသည့် ကိုစည်သူမောင်အား The Daily Eleven သတင်းစာက ဇူလိုင် ၇ ရက်တွင် ဆက်သွယ် မေးမြန်းခဲ့ပါသည်။

■ မေး - ဒီနေ့မှာ ကလေးတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာများထူးခြားသေးလဲ ခင်ဗျ။

ဖြေ - ဒီနေ့အခြေအနေကတော့ သိပ်ထူးခြားမှု မရှိသေးပါဘူး။ အားရကျေနပ်ဖွယ် မရှိသေးဘူး။

■ မေး - အခုလက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ဘာတွေများထပ်ပြီး ထုတ်ပြန်ထားပါသလဲ။

ဖြေ - သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာတော့ ဒီကလေးတွေကို ရေလမ်းကြောင်းကနေ ပြန်ခေါ်ထုတ်လာဖို့ဆိုတာ လုံးဝတော့ မဖြစ်နိုင်ဘူး။ အဲဒီတစ်ချက်ပေါ့။ သို့သော် ရာသီဥတုကောင်းမယ် ဆိုလို့ရှိရင်တော့ ရေတွေကို တောက်လျှောက်လည်း စုပ်ထုတ်တယ်။ တောင်ပေါ်မှာရှိတဲ့ ဂူထဲကိုဝင်မယ့် စမ်းချောင်းတွေကိုလည်း လွှဲပေးနေတယ်။ ဒါပေမဲ့ တောင်ပေါ်မှာ မိုးမရွာပေမယ့် ဒီဘယ်လိုခေါ်မလဲ အရင်ရက်တွေက မိုးရွာထားတဲ့အတွက်ကြောင့် သဘာ၀ မြေအောက်စမ်းချောင်းတွေက တောက်လျှောက်စိမ့်ဝင် စီးဆင်းနေတာများတယ်။ အဲဒီအခါကျတော့ နံပါတ် ၁ က တောင်ပေါ်မှာရှိတဲ့ ဂူပေါက်ကယ်ပေါက်တွေကို လိုက်ရှာတော့ အပေါက် ၁၀၀ လောက်တွေ့တယ်။ အပေါက် ၁၀၀ လောက် တွေ့ပေမယ့် ၁၈ ပေါက်လောက်ပဲ ဂူအောက်ကို ထိုးဖောက်တဲ့ အပေါက်လောက်ပဲပေါက်တယ်။ ဒါပေမဲ့ အဲဒီအပေါက်တွေလည်း ဒီကလေးတွေရှိနေတဲ့ လိုဏ်ဂူနဲ့ တိုးလျှိုပေါက် မဖြစ်ဘူး။ တွေ့တဲ့အပေါက်တွေကလည်း ပေ ၁၂၀၀ လောက်ပဲ ရှိတယ်။ ပေ ၁၂၀၀ လောက်ပဲရှိတော့ အောက်ကို ထပ်ဖောက်ဖို့ကလည်း ခက်ခဲတယ်။ နောက်တစ်ခုက ချီလီနိုင်ငံလိုမျိုးပေါ့။ ချီလီက မိုင်းတွင်း။ ပြီးတော့ သူကမြေပြန့်။ အဲဒီမှာက ရာသီဥတု အတားအဆီး မရှိဘူး။ သူက ဖောက်ပြီးဝင်သွားလို့ ရတယ်။ ချီလီမှာ တစ်ခုသာတာက တည်နေရာကို GPS နဲ့ဖမ်းပြီးကြည့်နိုင်တယ်။ တန်းဖောက်လို့ရတယ်။ ချီလီမှာတောင်မှ တစ်ကီလိုမီတာကို နှစ်လကြာတယ်ပြောတယ်။ ဖောက်တာက။ ဒီမှာက တောတောင်ဖြစ်နေတော့ ကလေးတွေရဲ့နေရာကို GPS ရှာလို့မရဘူး ဖြစ်နေတယ်။ သစ်ပင်တွေ တအားများတယ်။ သဘာ၀ အတားအဆီး ကျောက်တုံးတွေ ထုံးကျောက်တွေ များနေတော့ နည်းပညာမြင့်တဲ့ဟာတွေနဲ့တောင် ရှာလို့မရဘူးဖြစ်နေတယ်။ အခုဟာက ကျောက်တောင်ကြီးဆိုတော့ တုတ်နဲ့လိုက်ထိုးသလို ထိုးလို့ကလည်းမရဘူး။ အဲဒီတော့ ကလေးရှိတဲ့နေရာကို သေနတ်ပစ်သလိုနဲ့ ပစ်လိုက်ရင် အများကြီး လွဲချော်သွားမယ်ပေါ့။ သူတို့အတတ်နိုင်ဆုံးကတော့ ရေတွေကို စုပ်ထုတ်နေတယ်။ အဲဒါက သတင်းစာရှင်းလင်းပွဲမှာပြောတာ။ လောလောဆယ်တော့ ရာသီဥတုက ပူနေပေမယ့် ကောင်းကင်မှာတော့ တိမ်မည်းတွေလည်း ရှိနေတယ်။ နောက်ဆုံးအဆင့်အထိတော့ ဘယ်လိုလုပ်မလဲဆိုတာ မသိရသေးဘူး။

■ မေး - အထဲမှာရှိတဲ့ ကလေးတွေအတွက်ရော သူတို့ဘာတွေလုပ်ထားသလဲ။

ဖြေ - ကလေးတွေအတွက်ကတော့ ရိက္ခာတွေ ပို့ထားပြီးပြီ။ ဒါပေမဲ့အဓိက အခက်အခဲဆုံးက အောက်ဆီဂျင်ပဲ။ ကလေးတွေကို ရေကူးဝတ်စုံနဲ့ ခေါ်ထုတ်လာဖို့ဆိုတာက မလွယ်ဘူး။ ပင်လယ်ထဲမှာကျတော့ အပေါ်ကနေနဲ့ အောက်မှာက မြင်ရတယ်။ အခုဟာက ဂူထဲမှာ။ နောက်ပြီးတော့ ဂူလမ်းကြောင်းထဲမှာ စီးနေတဲ့ရေက ကြည်ကြည်လင်လင် မရှိဘူး။ ရေက တောင်ကျရေဆိုတော့ မည်းညစ်ညစ်တွေချည်းပဲ။ နောက်ပြီး ကလေးတွေကို ခေါ်လာရင် အောက်ဆီဂျင် ပေးထားပေမယ့် ကြောက်လန့်သွားရင် လိုအပ်တာ ထက်ပိုပြီးတော့ အောက်ဆီဂျင် ပေးရမယ်ဆိုရင် ကြားထဲက အောက်ဆီဂျင်ပြတ်သွားရင် မနေ့ကလိုပဲ ဖြစ်သွားလိမ့်မယ်။ ဒါတောင် မနေ့က အသက်ဆုံးရှုံးသွားတဲ့သူက ကျွမ်းကျင်တဲ့ ရေကူးသမားနော်။ သူတို့တောင် ဒီလိုအဖြစ်တွေရှိနေတော့ သူတို့ကို ခေါ်လာဖို့က ခက်ခဲတယ်။

■ မေး - အခုလက်ရှိ ဂူအပြင်ဘက်မှာရော ဘယ်လိုလှုပ်ရှားမှုတွေ ရှိနေသလဲ။

ဖြေ - ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို ဆက်လက်လုပ်ဆောင်နေတယ်။ ရေတွေကိုလည်း စုပ်ထုတ်နေတာပေါ့။ ဒါတောင်မှ တစ်နာရီမှာ တစ်စင်တီမီတာပဲလျော့တယ်။ ရေစတင် စုပ်ထုတ်တဲ့အချိန်ကစပြီး ဒီနေ့ဒီအချိန်အထိ လီတာပေါင်း ၁၂၈ သန်းလောက်တော့ရှိပြီ။ အဲဒီက စုပ်ထုပ်တဲ့ ရေတွေမှန်သမျှကလည်း အနီးအနားမှာရှိတဲ့ လယ်ဧက ၂၆၀၀ လောက်ကို ရေလွှမ်းမိုးနေပြီ။ သတင်းစာ ရှင်းလင်းပွဲမှာကလည်း ထိုင်းအာဏာပိုင်တွေ ပြောသွားတာက ကျွန်တော်တို့ကလေးတွေကို တွေ့ပြီလို့ ဝမ်းသာအားရ ကြေညာလိုက်ပေမယ့် ဒီပျော်ရွှင်မှုက ခဏတာလေးပါပဲတဲ့။ အစစ်အမှန်ပျော်ရွှင်မှုက ကလေးတွေကို ခေါ်ထုတ်နိုင်မှုကသာလျှင် အောင်မြင်မှုပေါ့။ ကလေးတွေကို တွေ့ပြီဆိုပြီး ဗီဒီယိုကလစ်ကို ထုတ်ပြန်နိုင်ပေမယ့် စစ်ပွဲသေးသေးလေးကို အောင်မြင်တာပဲ ရှိသေးတယ်တဲ့။ တွေ့ပြီးကတည်းက တစ်ရက်တစ်ရက် အစည်းအဝေးတွေကို တစ်ခါတစ်ခါလုပ်ရင် လေးနာရီကြာအောင် လုပ်ရတယ်တဲ့။ ဒီကလေးတွေကို ဘယ်လိုကယ်ထုတ်ရမလဲဆိုတာက သူတို့အတွက် ခေါင်းမီးတောက်နေပါတယ်တဲ့။ ဘုရင်ကြီးကလည်း သူတို့ကို မြန်မြန်ခေါ်ထုတ်ဖို့ ပြောထားတာဆိုတော့ သူတု့ိကိုယ်တိုင်က ဘယ်အချိန်ခေါ်မလဲဆိုတဲ့ အဖြေရကျပ်တဲ့ မေးခွန်းတွေ မမေးပါနဲ့တဲ့။ သူတို့ လုပ်ဆောင်နေတဲ့အရာတွေကို ရှင်းပြမယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြမယ်။ သူတို့ကိုဘယ်အချိန် ပြန်ထုတ်နိုင်မလဲဆိုတာက သူတို့မှာ အဖြေမရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ ဒီကလေးတွေရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကိုတော့ စိတ်ချ။ ကောင်းကောင်းမွန်မွန် ပြည့်စုံတဲ့ အခြေအနေမှာ ထားထားတယ်ဆိုတာ ပြောတယ်။ နောက်ပြီး အထဲမှာလည်း အောက်ဆီဂျင်ဘူးတွေကိုလည်း တစ်နေရာနဲ့ တစ်နေရာ ၂၅ ပေအကွာမှာ ထားထားတယ်။ နောက်ပြီး ရေငုပ်တဲ့သူတွေကိုလည်း လျှော့ချမယ်။ အထဲမှာ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို မျှတအောင် လုပ်မယ်တဲ့။

■ မေး - မြန်မာနိုင်ငံသား ကလေးနှစ်ယောက်ပါတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ် အစ်ကို။ အဲဒါနဲ့ပတ်သက်ပြီးလည်း ပြောပေးပါဦး။

ဖြေ - မြန်မာနိုင်ငံသားဆိုတာက ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာမှာ မွေးတယ်။ ဒီဘက် (ထိုင်း) မှာ ကြီးပြင်းလာတယ်။ နောက်တစ်ခါက ဒီဘက်မှာ နိုင်ငံသား ခံယူထားသလားဘာလား ဆိုတာက အစ်ကိုတို့ တိတိကျကျ ပြောလို့မရဘူး။ ဒီမှာက ဘာမှပြဿနာ မရှိဘူး။ လူကို လူလို့ပဲမြင်တယ်။ ကယ်ထုတ်ဖို့ပဲ လုပ်တယ်။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး အာဏာပိုင်တွေကလည်း အတည်ပြုပြောကြားတာ မရှိဘူး။

■ မေး - အခုလာကူညီတဲ့သူတွေကိုရော ဘယ်လို ကူညီထောက်ပံ့မှုတွေ ပေးနေသလဲ။

ဖြေ - အကုန်လုံးကတော့ တိုက်ရိုက်လွှင့်တဲ့အထဲမှာလည်းပါတယ်။ ကူညီတဲ့သူတွေ ဘာဖြစ်ချင်လဲ။ ဘာလုပ်ချင်လဲ အကုန်ဖြည့်ဆည်းပေးတယ်။ မိန်းကလေးတွေအတွက် အပေါ့အပါးသွားနိုင်ဖို့ Mobile Toilet က အစရှိတယ်။ ဘာမှ လိုလေသေးမရှိဘူး။ ခေါင်းလျှော်ချင်သလား၊ ခေါင်းညှပ်ချင်သလား။ လက်ဆေးဂျယ်လီတွေကအစ ရှိတယ်။ အကုန်အစုံရှိတယ်။ ဆေးဝါး၊ လူသုံးကုန်အစရှိတယ်။ စားချင်တာလဲ ဘာစားချင်သလဲ။ ရေသန့် ကားတွေဆိုလည်း မနည်းဘူး။ တစ်ရက်ကို ရေသန့်ဘူး ၄၀၀၀ ထုတ်လို့ရတဲ့ကားတွေ လာရပ်ပေးထားတာ။ ဘာမှလိုလေသေးမရှိဘူး။ သတင်းသမားတွေအတွက် ဆိုရင်လည်း ဝိုင်ဖိုင်တွေ လွှတ်ပေးထားတယ်။ မီးပါဝါကြိုးတွေကအစ အကုန်လုပ်ပေးထားတယ်။ တစ်ခုပဲရှိတယ်။ ကန့်သတ်နေရာတွေရှိမယ်။ အမှိုက်မပစ်ရတဲ့နေရာတွေရှိတယ်။ အဲဒါလေးပဲရှိတယ်။

■ မေး - အစ်ကို့အနေနဲ့ ဒီဖြစ်စဉ် စဖြစ်ကတည်းက ရောက်ရှိနေခဲ့တာဆိုတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုယ့်နိုင်ငံအစိုးရအတွက် ဘာများပြောချင်ပါသေးလဲခင်ဗျ။

ဖြေ - အထွေအထူး မရှိပါဘူး။ ဒီဖြစ်စဉ် စဖြစ်ကတည်းက လာအိုနိုင်ငံဆိုရင် ကျွမ်းကျင်သူ သုံးယောက်ပို့ထားတယ်။ ဖိလစ်ပိုင်ဆိုရင်လည်း ပို့ထားတယ်။ တရုတ်ပါတယ်။ ဒတ်ချ်ပါတယ်။ ယူကေပါတယ်။ သြစတြေးလျပါတယ်။ အစုံပဲ။ အစ်ကိုတို့ မြန်မာနိုင်ငံဆိုတာက ကျောချင်းကပ်နေတဲ့ နိုင်ငံတွေ။ မိတ်ဆွေတွေပဲလေ။ အစ်ကိုတို့အစိုးရအနေနဲ့ကလည်း ဒါမျိုးနဲ့ပတ်သက်ပြီး သဘာဝဘေးတွေကို ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာက အတွေ့အကြုံရအောင် သုံးယောက်၊ ဒါမှမဟုတ် လေးယောက်လောက် လွှတ်ပေးစေချင်တယ်။ ရေငုပ်ကျွမ်းကျင်တဲ့သူတွေပဲဖြစ်ဖြစ် ကယ်ဆယ်ရေးကျွမ်းကျင်သူတွေပဲဖြစ်ဖြစ် လွှတ်ပေးစေချင်တယ်။ ဒါကဘာပဲပြောပြော ဒီဖြစ်စဉ်က အတွေ့အကြုံ အများကြီးရမှာ ကျိန်းသေတယ်။ ဒီဖြစ်စဉ်က ကမ္ဘာမှာ တစ်ခါမှ မဖြစ်ဖူးသေးတဲ့ ဖြစ်စဉ်ပဲ။ နိုင်ငံခြားပညာရှင်တွေကလည်း ပြောကြတယ်။ ချီလီမှာ ဖြစ်တာက မိုင်းတွင်း။ ဒါကသဘာဝဂူ။ မိုင်းတွင်းက အောက်ထဲမှာ လူ ၁၀၀ လောက် နေလို့ရတယ်။ ဒီမှာက နေရာကလည်း အများကြီး မရှိဘူး။ အစ်ကိုပြောချင်တာကတော့ အဲဒါပဲ။ ကိုယ့်နိုင်ငံက စောစောရောက်လာမယ်ဆိုရင် ချစ်ကြည်ရေးအတွက်လည်း ကောင်းတယ်။ ကိုယ်တွေအတွက်လည်း အတွေ့အကြုံ ကောင်းကောင်းရမယ်။ ဘယ်လိုပဲပြောပြော မိတ်ဆွေနိုင်ငံအတွက်လည်း ကောင်းတယ်။

Most Read

Most Recent