ဂုဏ်ထူးနှစ်ခုဖြင့် အောင်မြင်ခဲ့သည့် မောင်ကောင်းမြတ်သူနှင့် တွေ့ဆုံမေးမြန်းခြင်း

ဂုဏ်ထူးနှစ်ခုဖြင့် အောင်မြင်ခဲ့သည့် မောင်ကောင်းမြတ်သူနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 25 June 2018

၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော အကျဉ်းသား ၁၉ ဦးအား ဂုဏ်ပြုသည့် အခမ်းအနားကို ဇွန် ၁၉ ရက်က အင်းစိန်ဗဟိုအကျဉ်းထောင် မိုးလုံလေလုံ အားကစားရုံခန်းမ၌ ကျင်းပစဉ်

၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၃၄ ဦးရှိပြီး ၁၉ ဦး အောင်မြင်ကာ အောင်ချက် ၅၅ ဒသမ ၈၈ ရာခိုင်နှုန်းရှိခဲ့သည်။ ယင်းသို့ အောင်မြင်သူ ၁၉ ဦးအနက် အင်းစိန်အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပြီး အဋ္ဌမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အကျဉ်းထောင်၌ ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပထဝီဘာသာ၊ သမိုင်းဘာသာ ဂုဏ်ထူးနှစ်ခုဖြင့် အောင်မြင်ခဲ့သည့် မောင်ကောင်းမြတ်သူနှင့် တွေ့ဆုံ၍ အကျဉ်းထောင်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်အောင် မည်သို့ကြိုးစားလေ့လာ အားထုတ်ခဲ့ရသည်များကို မေးမြန်းခဲ့ပါသည်။

လဲကျရင် ပြန်ထနိုင်တဲ့စိတ်ဓာတ် ရှိရပါမယ်။ လွယ်လွယ်ကူကူနဲ့ ဘယ်အရာမှ မလုပ်ဆောင်သင့်ပါဘူး . . .

■ မေး - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ညီလေးက ဂုဏ်ထူး ဘယ်နှခုနဲ့ အောင်မြင်တာလဲ။ အမှတ်ပေါင်းရော ဘယ်လောက်ရပါသလဲ။

ဖြေ - ကျွန်တော် ၁၀ တန်း စာမေးပွဲကို ပထဝီနဲ့ သမိုင်း ဂုဏ်ထူးပါပါတယ်။ ကျွန်တော့်အမှတ်စုစုပေါင်းက ၃၈၅ မှတ်ပါ။

■ မေး - ညီလေးအနေနဲ့ အကျဉ်းကျနေရင်းနဲ့ အခုလို ၁၀ တန်းစာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်တော့ ဘယ်လိုခံစားမိလဲ။

ဖြေ - ကျွန်တော်စာမေးပွဲအောင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ကြိုးစားမှုတွေ အောင်မြင်တယ်လို့ ခံယူထားပါတယ်။ အောင်စာရင်းထွက်တဲ့နေ့ကလည်း ပြောမပြတတ်အောင် ဝမ်းသာခဲ့ရပါတယ်။

■ မေး - ညီလေးအနေနဲ့ ဘယ်လိုပြစ်မှုမျိုးနဲ့ ထောင်ကျခဲ့တာလဲ။ ထောင်ဒဏ် ဘယ်နှနှစ် ချမှတ်ခံရတာလဲ။

ဖြေ - ကျွန်တော် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခဲ့တာပါ။ သုံးနှစ်ကျော်၊ လေးနှစ်လောက် နေပြီးပါပြီ။ လေးနှစ်ကျော်၊ ငါးနှစ်လောက် ကျန်ပါသေးတယ်။

■ မေး - ညီလေးက ဒီအကျဉ်းထောင်မှာ ဘယ်အတန်းမှာကတည်းက စာသင်ကြားဖြစ်တာလဲ။

ဖြေ - ကျွန်တော် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကတည်းက စတက်ခဲ့တာပါ။ ရှစ်တန်းကတည်းက စတက်ခဲ့တာပါ။ အခု ၁၀ တန်းအထိ တက်ရောက်ခဲ့တာပါ။

■ မေး - အကျဉ်းထောင်မှာ ၁၀ တန်း စာမေးပွဲကို အောင်မြင်ခဲ့တော့ ဘယ်လိုမျိုးကြိုးစား လေ့လာခဲ့ရသလဲ။

ဖြေ - အရင်ဆုံးကတော့ စာသင်နှစ်စပြီဆိုတာနဲ့ ကျွန်တော် စာအရမ်းကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့ အချိန်ဇယားတွေ ရှိပါတယ်။ တစ်နေ့တာ အချိန်ဇယားတွေ စာကျက်မှတ်ခဲ့ရပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို သင်ကြားပေးတဲ့ အနီးကပ် ဆရာတွေက ဂရုစိုက်ပြီးတော့ သင်ကြားပေးပါတယ်။ လိုလေသေးမရှိအောင် ဂရုစိုက်ပေးပါတယ်။

■ မေး - အကျဉ်းကျရင်း ၁၀ တန်းစာမေးပွဲ အောင်မြင်ခဲ့တဲ့သူတစ်ယောက် အနေနဲ့ အပြင်မှာ ၁၀ တန်းစာမေးပွဲ ကျရှုံးသူတွေကို ဘယ်လို အားပေးစကားပြောချင်လဲ။

ဖြေ - လဲကျရင် ပြန်ထနိုင်တဲ့စိတ်ဓာတ် ရှိရပါမယ်။ လွယ်လွယ်ကူကူနဲ့ ဘယ်အရာမှ မလုပ်ဆောင်သင့်ပါဘူး။ အားတင်းပြီးတော့ ကြိုးစားပါလို့ပဲ ပြောချင်ပါတယ်။ ကျွန်တော့်လိုပဲ ကျောင်းသားတွေကို စာကြိုးစားဖို့ ပြောချင်ပါတယ်။ စိတ်တွေမလေဘဲနဲ့ စာကြိုးစားဖို့ ပြောချင်ပါတယ်။

■ မေး - အခုလို အကျဉ်းကျနေရင်းမှ ၁၀ တန်း စာမေးပွဲဖြေဆိုနိုင်အောင် ဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဘာပြောချင်လဲ။

ဖြေ - ကျွန်တော်တို့ကို ကျောင်းတက်ခွင့်ပေးခဲ့တဲ့ အကျဉ်းဦးစီးဌာနကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို စာသင်ပေးတဲ့ အကျဉ်းထောင်က ဆရာဆရာမများ၊ အပြင်က လာရောက်သင်ကြားပေးတဲ့ ဆရာဆရာမများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို အစစအရာရာ လိုလေသေးမရှိအောင် ကူညီဆောင်ရွက်ပေးတဲ့ အလှူရှင်တွေကို အရမ်းကျေးဇူးတင်ပါတယ်။

■ မေး - ညီလေးရဲ့ မိသားစုကရော ဘယ်လိုမျိုး ထောက်ပံ့အားပေး ကူညီပေးသလဲ။

ဖြေ - ကျွန်တော့်အမေကတော့ အမြဲတမ်းလာတွေ့တယ်။ ကျွန်တော့်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ စာအုပ်တွေ၊ ကျက်မှတ်ရလွယ်ကူမယ်ထင်တဲ့ မှတ်စုတွေ ဝယ်ထည့်ပေးပါတယ်။ ကျွန်တော့်အမေက စိတ်ဓာတ်မကျအောင် အမြဲတမ်း အားပေးခဲ့ပါတယ်။

■ မေး - ညီလေးအမေအတွက် ညီလေးအနေနဲ့ ပြောချင်တဲ့စကားက ဘာဖြစ်မလဲ။

ဖြေ - ကျွန်တော့်ဘဝရဲ့ အောင်မြင်မှုကို အမေ တွေ့မြင်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီလိုအောင်မြင်အောင် စိတ်ဓာတ် ခွန်အားတွေပေးတဲ့ အမေ့ကို အများကြီး ကျေးဇူးပါတယ်။

Most Read

Most Recent