<

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း

ဇွန်လဆန်းပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်တွင် အချို့ဒေသများတွင် ရေပြန်ကျသွားသော်လည်း ဒေသအချို့တွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် လူနေအိမ်ပြောင်းရွှေ့ရခြင်း၊ မြစ်ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ယင်းအခြေအနေများအပေါ် အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အဓိကတာဝန်ရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သည်။ ဇွန် ၁၇ ရက်တွင်မူ မွန်ပြည်နယ်ဘက်တွင် ရေကြီးမှုများ ဖြစ်ပေါ်နေခြင်းကို ကူညီထောက်ပံ့မှုများပြုလုပ်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်လျက်ရှိရာ ယင်းခရီးစဉ်တွင် လိုက်ပါသွားသည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

“ဒီတစ်ခေါက်မှာ ရေကသိပ်မကြာဘူး။ ဘာလို့လဲဆိုတော့ မြစ်ရေတွေက ရေနည်းနေသေးတယ်။ စိုးရိမ်ရေမှတ်တွေဘာတွေ မရှိသေးဘူး …”

■ မေး – လက်ရှိ ရေကြီးရေလျှံမှုဖြစ်နေတဲ့ ဒေသတွေထဲမှာ ဘယ်ဒေသမှာ အများဆုံး ဖြစ်ပေါ်နေတာပါပဲ။

ဖြေ – ကျွန်တော်တို့ ဒီရက်ပိုင်းမှာ မကွေးဘက်မှာရယ်၊ ရခိုင်ဘက်မှာရယ်၊ အဲဒီဘက်က ရေပြန်ကျသွားတယ်။ ဒီနေ့တော့ ညကမှ ဖြစ်တာ။ မွန်ပြည်နယ်ဘက်၊ သံဖြူဇရပ်ဘက်လို့တော့ ကြားတယ်။ အခု ကျွန်တော်တို့ အဲဒီကို သွားနေပြီ။ အိမ်ခြေ ၂,၀၀၀ လောက် ရွှေ့ရတယ်လို့ပြောတယ်။ ပြီးခဲ့တဲ့ရက်မှာ ဖြစ်ခဲ့တဲ့ဟာတွေမှာလည်း ကယ်ဆယ်ရေးအနေနဲ့ တောက်လျှောက်သွားတယ်။ ထောက်ပံ့တယ်။ မင်းဘူး၊ ဆိပ်ဖြူ၊ ငဖဲ၊ စကု စသဖြင့် ပေါ့။ အဲဒီဘက်တွေမှာ အဖြစ်များတော့ အဲဒီဘက်တွေကိုသွားတယ်။ ရခိုင် မင်းပြားဘက်ကတော့ နည်းနည်းလေးများတဲ့နေရာတွေပေါ့။ တခြားဟာတွေမှာလည်းရှိတယ်။ ဒီတစ်ခေါက်မှာ ရေက သိပ်မကြာဘူး။ ဘာလို့လဲဆိုတော့ မြစ်ရေတွေက ရေနည်းနေသေးတယ်။ စိုးရိမ်ရေမှတ်တွေဘာတွေ မရှိသေးဘူး။ မော်လမြိုင်မှာလည်း နည်းနည်းတော့ ပြန်ကျနေပြီ။

■ မေး – သဘာဝဘေးဖြစ်ပေါ်လာရင် ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေအတွက် ဘတ်ဂျက်ချမှတ်သုံးစွဲတယ်လို့ သိရပါတယ်။ ဒီကြားကာလ ခြောက်လဘတ်ဂျက်မှာ သဘာဝဘေးထောက်ပံ့ရေး လုပ်ငန်းတွေအပေါ် ဘယ်လောက်သုံးစွဲသွားဖို့ လျာထားထားပါသလဲ။

ဖြေ – လက်ရှိဖြစ်ပေါ်နေတဲ့ သဘာဝဘေးတွေကြောင့် ထိခိုက်ပျက်စီးမှုတွေကို ထောက်ပံ့နေတာနဲ့ ပတ်သက်ပြီး စာရင်းတော့ မချုပ်ရသေးဘူး။ လူသေရင် သုံးသိန်းပေါ့နော်။ ဆေးရုံတက်ရင် ငါးသောင်း၊ ဆန်အိတ်က ခုနစ်ရက်စာ တောက်လျှောက်ပေးနေတယ်။ ကယ်ဆယ်ရေးပစ္စည်းပေးတယ်။ ဒါက သူ့မြို့နယ်တွေ မှာပေးနေကြတာ။ ချက်ချင်း အဲဒါကို ပေါင်းဖို့ဆိုတာ ခက်တယ်။

■ မေး – သဘာဝဘေးတစ်ခု ကြုံလာရင်း အရေးပေါ် ဘယ်လိုလုပ်မယ်ဆိုတာ ပြင်ဆင်ထားတယ်ဆိုတာလည်း ပြောပြပေးပါ။

ဖြေ – ဒါတွေက ပြင်ဆင်ထားလို့လည်း အခုလုပ်နိုင်တာပေါ့။ ကြိုတင်သတိပေးစနစ် လုပ်တယ်။ အရေးပေါ် ထောက်ပံ့ရေးအတွက် အဆင့်မြှင့်တင်ထားတယ်။ ဒါမျိုးတွေက ကြိုတင်ပြင်ဆင်ရေးပေါ့။ နောက်တစ်ခုကတော့ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်သော လူ့အသိုင်းအ၀ိုင်း ဖြစ်စေရန် အဲဒါလည်း လုပ်ရမှာပေါ့။ ဒါက ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မြေငလျင်ဘေး၊ အကုန်လုံးဘေး။ ဒါမျိုးက General မှာ သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ လုပ်ကြရတယ်။ သဘာဝဘေးမှာ ဘာရှိလဲဆိုတော့ ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင် ကာကွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ နောက်တစ်ခုက သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်အောင်ပေါ့။ ကနဦးသတင်းတွေရအောင် လုပ်ပေးရတာတွေ ရှိတယ်။

■ မေး – ကနဦးသတင်းတွေရအောင် ၀န်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေတဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ – အဓိကက မိုးဇလနဲ့ပေါ့။ ဒီကာလမှာဆိုရင် မိုးလေ၀သအခြေအနေတွေ နားထောင်တယ်။ မြစ်ရေတွေကို ကြည့်တယ်။ ဆည်တွေရဲ့ ရေအမှတ်တွေကို ကြည့်တယ်။ စိုးရိမ်စရာရှိတယ်ဆိုရင် သတင်းထုတ်ပြန်တယ်။ ဒီရက်ပိုင်းမှာလည်း တစ်နေ့ကဆို ကရင်၊ တနင်္သာရီမှာ နေရာကွက်၍ မိုးကြီးမယ်ဆိုတာ ဒါမျိုးတွေပေါ့။ မိုးကြီးလို့လည်း ဖြစ်တာပေါ့။ ဒါကြောင့်လည်း ကျွန်တော်တို့ ချက်ချင်းသွားနိုင်တယ်။ ကျွန်တော်တို့ မသွားနိုင်လည်း ပြည်နယ်မှာရှိတဲ့သူတွေက လုပ်နိုင်တယ်။ အရေးပေါ်ဖြစ်လာရင် အပေါ်ကနေ ချက်ချင်းထောက်ပံ့နိုင်အောင်လည်း လုပ်နေပါတယ်။ ပညာပေးလုပ်ငန်းတွေလည်း လုပ်နေတယ်။ အသိပညာပေးလုပ်ငန်းက ပထမဦးဆုံး ကျွန်တော်တို့ဆီမှာ ပန်းဖလက်တွေ ရှိတာပေါ့။ ဘေးဒဏ်အမျိုးမျိုးအတွက် ငလျင်တို့ မုန်တိုင်းတို့ပေါ့။ အဲဒါမျိုးတွေအတွက် ဘယ်လိုလုပ်မလဲ။ ရေဘေး၊ မုန်တိုင်းစသဖြင့် ဒါမျိုးပန်းဖလက်တွေရှိတယ်။ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီတို့ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ကော်မတီတို့ကလည်း မြို့နယ်တွေကို သွားပြီးတော့ သဘာဝဘေးပညာပေးတွေနဲ့ ပတ်သက်ပြီး အသိပညာတွေ ဖြန့်ဝေတယ်။ ပြီးခဲ့တဲ့နွေရာသီ ကျောင်းပိတ်ရက်ကဆိုရင် ပညာရေးနဲ့ပေါင်းပြီးတော့မှ ဆရာမတွေကို မြေငလျင်ဘေးနဲ့ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းတွေ ဆက်တိုက်လုပ်တယ်။ ဒါတွေက ကြားအချိန်မှာ လုပ်နေတယ်။ ကြိုသိတဲ့ကိစ္စတွေအတွက် Early Warning လုပ်တယ်။ မိုးလေ၀သ သတင်းတွေလုပ်တယ်။ Alert ဖြစ်စေတာပေါ့။ အဆင်သင့်ဖြစ်စေဖို့အတွက် ဒါတွေ ဆောင်ရွက်နေပါတယ်။

■ မေး – အရေးပေါ် သဘာဝဘေးကြုံလာရင် ဆရာတို့အနေနဲ့ ပြည်သူလူထုကို မက်ဆေ့ပေးချင်တဲ့စကားလေးရှိရင် ပြောပြပေးပါ။

ဖြေ – ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း Hot Line ဖုန်း အမြဲတမ်းပြောနေကြပါ။ ၀၆၇၃၄၀၄၆၆၆ နဲ့ ၀၆၇၃၄၀၄၇၇၇ ကို ဆက်သွယ်ပြီး မိုးလေ၀သသတင်းတွေ မေးနိုင်တယ်။ အကူအညီ တောင်းနိုင်တယ်။

June 17, 2018














Copy Protected by Chetan's WP-Copyprotect.