သရုပ်ဆောင် ရွှေမှုန်ရတီနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် ရွှေမှုန်ရတီနှင့် တွေ့ဆုံခြင်း
Published 12 June 2018

ငယ်ရွယ်သည့် ဆယ်ကျော်သက် အနုပညာရှင်တစ်ဦးအဖြစ် အနုပညာလောကအတွင်း ရောက်ရှိလာခဲ့ပြီး အနုပညာပျိုးခင်း၏ စင်တင်မင်းသမီးတစ်ဦးအဖြစ် ပရိသတ်အားပေးချစ်ခင်မှု အခိုင်အမာရရှိထားသူ၊ လှုပ်ရှားမှုတိုင်း၊ ပြောစကားတိုင်းအား ပရိသတ်စိတ်ဝင်စားစေသူတစ်ဦးမှာ သရုပ်ဆောင်ရွှေမှုန်ရတီပင် ဖြစ်သည်။ ငယ်ရွယ်လှပသည့် သရုပ်ဆောင်တစ်ဦးဖြစ်သည့်အပြင် အမူအရာပီပြင်သူတစ်ဦးအဖြစ်လည်း ပရိသတ်များလက်ခံထားသူ ဖြစ်သည်။ လတ်တလောတွင် ‘ဧည့်သည်’ ဟု အမည်ပေးထားသည့် ဇာတ်ကား၌ ဂျစ်ကန်ကန်မိန်းကလေးအဖြစ် ပါဝင်မည်ဖြစ်သည့်အပြင် ကိုယ်ပိုင်ထုတ်လုပ်ရေးအနေဖြင့်လည်း ဇာတ်ကားများ ရိုက်ကူးရန်ပြင်ဆင်လျက်ရှိသည်။ ပရိသတ်စိတ်ဝင်စားလျက်ရှိသော အချစ်ရေးတွင်လည်း Single ဖြစ်သွားပြီဟု ကြေညာထားသည့်အပြင် အချစ်ရေးတွင် အတ္တများလျှော့ချနိုင်ရန် ပြင်ဆင်သွားမည်ဟု ဖြေကြားခဲ့သည့် သရုပ်ဆောင်ရွှေမှုန်ရတီနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

‘အချစ်ရေးဆိုတာက ညီမအတွက်ဘဝတစ်ခု မဟုတ်တော့ အဲဒါထက် အရေးပါတာတွေ အရင်လုပ်နေတယ်။ နှလုံးသားနဲ့ခံစားချက်ကို ဘေးဖယ်ထားပြီး ဦးနှောက်နဲ့လုပ်သင့်တာတွေ လုပ်နေပါတယ်’

 

■ မေး - ‘ဧည့်သည်’ ဇာတ်ကားမှာ ရွှေမှုန်ပါဝင်ရမယ့် ဇာတ်ရုပ်ပိုင်းနဲ့ပတ်သက်လို့ ပြောပြပါဦး။

■ ဖြေ - ဒီဇာတ်ကားမှာတော့ ဦးညီ (ညွန့်မြန်မာညီညီအောင်) နဲ့ပေါ့။ ဦးညီနဲ့ကတော့ အမြဲဆုံနေကျပါ။ အဓိကက ကိုဖြိုး၊ ကိုရွှေထူး၊ မနေခြည်သုံးယောက်လုံးနဲ့ တွဲဖက်သရုပ်ဆောင်ရမယ်။ အတွေ့အကြုံ သစ်တွေလည်းရမယ်လို့ မျှော်လင့်တယ်။ ညီမတို့အဖွဲ့တွေအားလုံး အကောင်းဆုံးကြိုးစားသွားမယ်လို့ ပရိသတ်ကိုပြောချင်ပါတယ်။

■ မေး - ဒီဇာတ်ကားမှာပါဝင်ဖို့အတွက် အဓိက ဘာတွေပြင်ဆင်ထားလဲ။

■ ဖြေ - ညီမ အနုပညာကို စိတ်ဝင်တစားနဲ့ ကြိုးစားပြီးလုပ်တယ်။ သရုပ်ဆောင်သစ်တွေကိုလည်း အများကြီးကြိုဆိုပါတယ်။ ဒီဇာတ်ကားမှာဆို ကိုရွှေထူးတို့ မနေခြည်တို့နဲ့ တွဲဖက်သရုပ်ဆောင် ရမယ်ဆိုတဲ့အခါ သဲတို့တတ်သလောက် မှတ်သလောက်နဲ့ ဒီလိုပဲ အားလုံးဝိုင်းဝန်းကြိုးစားပြီး လုပ်ဆောင် သွားမယ်လို့ စိတ်ကူးထားပါတယ်။ မနေခြည်ကိုလည်း တတ်နိုင်သလောက် ကူညီပါမယ်လို့ ပြောပါတယ်။ ဦးညီအောင်လည်းရှိတော့ အားလုံးအတူတကွပူးပေါင်း လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။

■ မေး - ဦးညီညီအောင်နဲ့တော့ ဇာတ်ကားတွေ အရိုက်များတယ်နော်။

■ ဖြေ - ဟုတ်တယ်။ သားအဖလို့တောင်ခေါ်ကြတာ။ သဲမင်းသမီးစဖြစ်တဲ့ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ကိုနေတိုးတို့နဲ့စရိုက်ကတည်းက ဦးညီနဲ့ ကရိုက်ဖြစ်တယ်။ ဦးညီတို့မိသားစုနဲ့က ကိုယ့်မိဘတွေလိုတောင် ဖြစ်နေပါပြီ။ ရိုက်ကွင်းပေါ်မှာဆိုလည်း ဦးညီညွှန်ကြားတဲ့အတိုင်းကို သေချာလိုက်နာတယ်။ ဦးညီတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ဒီလောကထဲ ဝင်လာကတည်းက တွဲဖက်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာအားလုံးကညီမရဲ့ သင်ဆရာမြင်ဆရာကြား ဆရာတွေချည်းပါပဲ။ အဲဒီလိုသင်ကြားပေးမှုအပေါ်မှာ ညီမကလည်း တရိုတသေလိုက်နာခဲ့လို့ ညီမအတွက်တန်ဖိုးတွေ အများကြီးရှိပါတယ်။ ညီမအတွက် တန်ဖိုးဖြတ်လို့မရတဲ့ ခြောက်နှစ်တာကာလကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။

■ မေး - ဝတ်စားဆင်ယင်မှုအပိုင်းဆိုရင်ရော ဒီဇာတ်ကားမှာ ဘာတွေကွာခြားလဲ။

■ ဖြေ - နည်းနည်းတော့ဂေါ်ပါမယ်။ တစ်မျိုးလေးလုပ်ထားတယ်။ အခုလက်ရှိ ကောင်မလေးတွေဝတ်စားနေကြတဲ့ ဖက်ရှင်ပုံစံမျိုးပါ။ ကာရိုက်တာထဲတော့ ဝင်အောင်လုပ်ထားတယ်။

■ မေး - ပရိသတ်စိတ်ဝင်စားနေတဲ့ အချစ်ရေးနဲ့ပတ်သက်လို့လည်း ပြောပေးပါဦး။

■ ဖြေ - အခုတော့ Single ဖြစ်သွားပါပြီ။ နောက်ထပ် မစဉ်းစားသေးဘူးလားဆိုရင်တော့ လောလောဆယ်အလုပ်တွေ လုပ်လိုက်ပါဦးမယ်။ အချစ်ရေးဆိုတာက ညီမအတွက်ဘဝတစ်ခုမဟုတ်တော့ အဲဒါထက်အရေးပါတာတွေ အရင်လုပ်နေတယ်။ နှလုံးသားနဲ့ခံစားချက်ကို ဘေးဖယ်ထားပြီး ဦးနှောက်နဲ့လုပ်သင့်တာတွေ လုပ်နေပါတယ်။

■ မေး - အချစ်နဲ့ပတ်သက်လို့ရော ဘယ်လိုခံယူထားလဲ။

■ ဖြေ - အချစ်က အေးချမ်းပါတယ်။ သံသယတွေကတော့ ပူလောင်တယ်လို့ ခံယူထားပါတယ်။ တတ်နိုင်သလောက် အတ္တလျှော့နိုင်အောင် ကြိုးစားရမယ်လို့ထင်တယ်။ ညီမလည်း ကြိုးစားနေတယ်။ Relationship တစ်ခုမှာကျတော့ ညီမက ရွှေမှုန်ရတီဆိုတာတွေ၊ မင်းသမီးဆိုတာတွေ မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်တာပဲရှိတယ်။ အဲဒီနေရာမှာ အတ္တတွေကိုလျှော့နိုင်ဖို့ ကြိုးစားရမယ်။ ညီမက အသက်ငယ်တော့ စိတ်လည်းတိုတတ်တယ်။ ရှေ့လျှောက် ဘဝမှာတော့ အကောင်းဆုံးဖြစ်အောင် နေထိုင်သွားမယ်လို့ ခံယူထားတယ်။

■ မေး - ရွှေမှုန်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ရိုက်မယ့်ကားက ဘယ်တော့စရိုက်မလဲ။

■ ဖြေ - ဇွန် ၁၈ ရက်မှာအောင်ရဲလင်းနဲ့ စရိုက်ပါမယ်။ မင်းသမီးကတော့ မခိုင်လေး (ခိုင်သင်းကြည်)၊ သဲရယ်၊ မကြီးစိုး(စိုးမြတ်သူဇာ)၊ နောက်အငယ်မ (ငွေမှုန်ရတီ)နဲ့ တခြားသရုပ်ဆောင်များစွာ ပါပါမယ်။ ဒါရိုက်တာက ဦးမိုးဦး (ကျော်ဇောလင်း-အတွေးပုံရိပ်) ပါ။ ရယ်ရမယ့်ပျော်ရမယ့် ဇာတ်ကားပါ။

■ မေး - ပရိသတ်တွေက ရွှေမှုန်ဘာလုပ်လုပ် စိတ်ဝင်စားတယ်နော်။ အဲဒီအပေါ်ဘယ်လိုခံစားရလဲ။

■ ဖြေ - သူတို့ကချစ်လည်းချစ်တယ်။ စိတ်ဝင်စားတယ်။ ဘာပဲဖြစ်ဖြစ်သဲက မကွယ်မဝှက်ဘဲ စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်လုပ်တတ်တဲ့သူဆိုတော့ သူတို့အတွက် အသစ်အဆန်းဖြစ်နေတယ်။ အင်တာဗျူးတွေမှာတော့ ဟန်ဆောင်ပြီး မလုပ်ချင်ဘူး။ ထောက်ပြပေးတဲ့ ပရိသတ်တွေလည်းရှိတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့အပြင်မှာ ညီမနေတတ်တဲ့ပုံစံကို ပရိသတ်တွေ ကိုသိစေချင်တယ်။ ဒါကြောင့် မီဒီယာတွေမှာမကွယ်မဝှက်ဘဲ ဒီအတိုင်းနေ ဖြစ်တာပါ။ အဲဒါက ပရိသတ်တွေကိုမလေးစားသလို၊ မီဒီယာတွေကို မလေးစားသလို အပြုအမူ၊ အပြောအဆိုတွေပါခဲ့မယ်ဆိုရင် တောင်းပန်ချင်ပါတယ်။ ပရိသတ်တွေလိုချင်တဲ့ မင်းသမီးတစ်ဦးပုံစံမျိုးဖြစ်အောင် ကြိုးစားသွားပါမယ်။

■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိဦးမလား။

■ ဖြေ - သဲအခုအလုပ်တွေကို အာရုံစိုက်ပြီးလုပ်နေပါတယ်။ ဧည့်သည်ဇာတ်ကားမှာ အကောင်းဆုံးကြိုးစားမှာဖြစ်သလို သဲရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ရိုက်မယ့်ဇာတ်ကားမှာလည်း အကောင်းဆုံးကြိုးစားသွားပါမယ်။ သဲကိုအားပေးကြပါဦးလို့ ပြောချင်ပါတယ်။

Most Read

Most Recent