ဖြိုးငွေစိုးနှင့် တွေ့ဆုံခြင်း

ဖြိုးငွေစိုးနှင့် တွေ့ဆုံခြင်း
Published 20 May 2018

 

သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာနယ်ပယ်ထဲမှာ ဖြည်းဖြည်းမှန်မှန် ခြေလှမ်းတွေနဲ့ လျှောက်လှမ်းခဲ့သူ အနုပညာရှင်တစ်ဦးကတော့ ဖြိုးငွေစိုးပါ။ သူပိုင်နိုင်ရာ ဇာတ်ရုပ်ကိုသာ အကောင်းဆုံးကြိုးစားခဲ့သူ ဖြစ်တာနဲ့အညီ သူ့ရဲ့အနုပညာအပေါ် ပရိသတ်တွေရဲ့အားပေးမှုကို အမြဲရရှိခဲ့သူတစ်ဦးပါ။ မေ ၂၅ ရက်မှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားမှာ အဟုတ်ဆိုတဲ့ ဇာတ်ကောင်စရိုက်နဲ့တွေ့မြင်ရမယ့် ဖြိုးငွေစိုးနဲ့ တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ သူလျှောက်လှမ်းခဲ့တဲ့ အနုပညာမှတ်တိုင်တွေအပြင် ‘မေတ္တာထားတာအဟုတ်ကိုပဲ’ ဇာတ်ကားကြီးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ် ...

■ မေး - လတ်တလော လုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်သိချင်ပါတယ်။
ဖြေ - ဇာတ်လမ်းတွဲလေးတစ်ခု ရိုက်ဖို့အတွက် ကျွန်တော်တို့တွေ ပြင်ဆင်နေတာတွေရှိတယ်။ နောက်ပြီးတော့ ဇွန် ၁ ရက်မှာ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးဖို့လည်း ရှိပါတယ်။ ကျွန်တော်တို့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေစုပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာမင်းသားစသည်ဖြင့် အုပ်စုလေးဖွဲ့ပြီး အနုပညာဖန်တီးမှုတွေ လုပ်ဖြစ်နေပါတယ်။ အဲဒီအနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေ မကြာခင် သိမြင်ရတော့မှာပါ။

■ မေး - မကြာခင် ရုံတင်ပြသတော့မယ့် ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးနဲ့ ပါဝင်ထားလဲ သိပါရစေ။
ဖြေ - ‘မေတ္တာထားတာအဟုတ်ကိုပဲ’ ဇာတ်ကားမှာ ကျွန်တော်က အဟုတ်ဆိုတဲ့ဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီဇာတ်လမ်းမှာ ကျွန်တော်က လက်ရှိအသက်အရွယ်ထက်ကြီးတဲ့ အသက်အရွယ်မျိုးနဲ့ ပါဝင်သရုပ်ဆောင်ရပါတယ်။ ဝင့်ယမုံလှိုင်ရဲ့ ဦးလေးဖြစ်လောက်မယ့် အရွယ်မျိုးပေါ့။ ဆံပင်အဖြူတွေနဲ့။ ကျွန်တော့်အတွက်တော့ တစ်ခါမှမလုပ်ဖူးတဲ့ ဇာတ်ရုပ်မျိုးဖြစ်နေတော့ ကျွန်တော့်အတွက် ခက်ခက်ခဲခဲလုပ်ရတဲ့ ဇာတ်ရုပ်မျိုးလို့ စိတ်ထဲမှာထင်တယ်။ ကိုယ်ကတော့ အသစ်အဆန်းတစ်ခုကို ကြိုးစားပြီး လုပ်နိုင်ခဲ့တယ်လို့ ခံစားရတယ်။ ကောင်းတယ်ဆိုးတယ် ဆိုတာကတော့ ပရိသတ်တွေက ဆုံးဖြတ်ပေးရမှာပါ။

■ မေး - ကိုဖြိုးဘက်က ဒီဇာတ်ကားအတွက် ဘယ်လိုတွေ ကြိုးစားအားထုတ်ခဲ့ရလဲ သိချင်ပါတယ်။
ဖြေ - သေချာတာတစ်ခုကတော့ ကျွန်တော်လုပ်နေကျ၊ မြင်ဖူးနေကျမဟုတ်တဲ့ အသစ်အဆန်းတစ်ခု၊ ကျွန်တော်မတတ်သေးတဲ့ သင်ခန်းစာသစ်တစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ရတာဖြစ်လို့ ပရိသတ်တွေကြည့်တဲ့အခါမှာတော့ ကျွန်တော့်ကို ပရိသတ်တွေက မြင်နေကျမဟုတ်တဲ့ ပုံစံသစ်တစ်ခုနဲ့ မြင်ရမှာဖြစ်လို့ အဲဒါတစ်ခုကတော့ ကျွန်တော့်အတွက် အကျေနပ်ဆုံးတစ်ချက်ပါပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း ကျွန်တော့်ကို ပြောင်းလဲပေးနိုင်မယ့်သူကို တော်တော်မျှော်လင့်တယ်။ ဦးလေး (ဒါရိုက်တာထွန်းအောင်ဇော်) နဲ့ဆို ကျွန်တော်နှစ်ကားရိုက်ထားတယ်။ အဲဒီဇာတ်ကားနှစ်ကားလုံးမှာ ကျွန်တော်အပြောင်းအလဲလေးတွေ လုပ်ရတယ်။ အဲဒီနှစ်ကားလုံးမှာ ကျွန်တော့်အတွက် တော်တော်အသစ်အဆန်းဖြစ်တယ်။ မလုပ်ဖူးတာလေးတွေ လုပ်ရတယ်။ ဒီဇာတ်ကားရိုက်ကူးဖို့အတွက် ဆံပင်ပြင်ဆင်မှုပိုင်းတွေ၊ အဝတ်အစားတွေကို ဦးလေး (ဒါရိုက်တာ) ဆီကို အဆင်ပြေလားဆိုပြီး လာလာပြရတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်အတွက် အသစ်တစ်ယောက် ဘဝတုန်းကလိုပဲ ပြင်ဆင်ကြိုးစားဖြစ်တယ်။ ကျွန်တော်တို့မင်းသားဖြစ်စကလိုပဲ ဘယ်ဇာတ်ဝင်ခန်းအတွက် ဘယ်အဝတ်အစားဆိုတာမျိုးကအစ သေချာပြင်ဆင်ပြီး မရိုက်ခဲ့ရတဲ့အချိန်ကကြားထဲမှာ အချိန်တော်တော်ကြာသွားပြီးမှ ဒီဇာတ်ကားမှာ ကျွန်တော် အဲဒီလိုပြန်ပြီး ပြင်ဆင်ကြိုးစားရိုက်ကူးခွင့်ရခဲ့တဲ့ ဇာတ်ကားပါ။ ကိုယ်တိုင်ကလည်း အလုပ်ကို အလုပ်နဲ့တူအောင် သေချာပြန်လုပ်ချင်နေတဲ့အချိန်မျိုးမှာ ဒီဇာတ်ကားလေးကို ပြန်ရိုက်ကူးခွင့်ရခဲ့တာပါ။ ဒီကားမရိုက်ခင် ရှေ့ပိုင်းကာလ အတော်ကြာလောက်က ရိုက်မယ်ဟေ့ဆိုမှ ထပြင်ဆင်ပြီးရိုက်ခဲ့ရတာမျိုး၊ ကိုယ့်ကိုမရသေးဘူး ပြန်ရိုက်မယ်ဆိုတာမျိုး မကြားခဲ့ရသလို ကိုယ်က ဒီအခန်းလေး ပြန်ရိုက်ပါရစေဆိုရင်တောင်မှ သူတို့က စိတ်ဆိုးချင်တာမျိုးတွေ ကြုံခဲ့ရတာလေ။ ဒီဇာတ်ကားမှာတော့ ကိုယ့်ကိုပြန်ပြီး လေ့လာသင်ယူမှုတွေ ဖြစ်စေခဲ့တယ်လို့ ယူဆသလို သင်ခန်းစာအသစ်တွေ ရတယ်လို့လည်း ခံစားရပါတယ်။

■ မေး - ကိုဖြိုးအနေနဲ့ ဇာတ်လမ်း၊ ဇာတ်ကောင် အရမ်းရွေးချယ်ခဲ့တာက ကိုယ့်ရဲ့အနုပညာလမ်းမှာ ရှေ့ကိုပိုရောက်ဖို့ ခက်ခဲတာမျိုးရှိခဲ့တယ်လို့ ခံစားရလား။
ဖြေ - ရှိခဲ့မှာပါ။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်မလုပ်တတ်တဲ့ မိန်းမလျာဇာတ်ရုပ်တွေအပြင် တခြားကျွန်တော်မလုပ်တတ်တဲ့ ဇာတ်ကောင်ပုံစံတွေ ကျွန်တော်နဲ့လိုက်မယ်လို့ မထင်တဲ့ ဇာတ်ကောင်ပုံစံတွေ ကျွန်တော်မလုပ်ဖြစ်ခဲ့ဘူး။ တချို့က ထွင်တယ်လို့ထင်မယ်။ အဲဒါမဟုတ်ပါဘူး။ ပိုက်ဆံရတာပဲ လုပ်ချင်တာပေါ့၊ အဲဒါလုပ်မှ နာမည်ကြီးမယ်ဆို ပိုတောင်လုပ်ချင်သေးတယ်။ ဒါပေမဲ့ ကျွန်တော်မှမလုပ်ရဲတာ၊ မလုပ်တတ်တာ။ အဲဒီလို ကျွန်တော်မလုပ်တတ်တာ၊ မလုပ်ရဲတာတစ်ခုကိုလည်း ပိုက်ဆံအတွက်နဲ့ကြံဖန်ပြီး သည်းခံမလုပ်ခဲ့ဘူး။ ကျွန်တော်သီချင်းမဆိုတတ်တဲ့အတွက် စီဒီဖွင့်ထားပြီး ဟန်ပဲလုပ်နေရမယ်ဆိုတာမျိုးတောင် ကျွန်တော်ပိုက်ဆံရပေမဲ့ သွားမဆိုဘူး။ တစ်ခါတလေကျရင် ကျွန်တော်လုပ်နေတဲ့ ပရော်ဖက်ရှင်နယ်အလုပ်မှာ ဒါမျိုးက ရွေးချယ်ပိုင်ခွင့်၊ ငြင်းပိုင်ခွင့်သိပ်မရှိဘူး။ ဒါမျိုးကို ကျွန်တော်ကရှောင်တယ်၊ ငြင်းတယ်ဆိုတဲ့အခါ အစ်မပြောသလိုပဲ ကျွန်တော့်အနုပညာလမ်းကြောင်းမှာ ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒါကို ကျွန်တော့်အတွက် အနုတ်လက္ခဏာဆောင်တယ်လို့ မယူဆပါဘူး။ ကျွန်တော်မှ မလုပ်ချင်ခဲ့တာကိုး။ ကိုယ်လုပ်ချင်တာကို လုပ်ပြီးပဲအောင်မြင်တဲ့ နေရာတစ်ခုဆီကို သွားချင်တယ်၊ ပရိသတ်တွေကို အနုပညာတွေ ချပြချင်တယ်။ မလုပ်ချင်တာတွေ၊ မကြိုက်တာတွေ၊ ခံစားလို့မရတာတွေကို ငွေကြေးအတွက်၊ အောင်မြင်မှုအတွက်၊ ပရိသတ်ချစ်ခင်မှုအတွက် ဘာအတွက်မှ ကျွန်တော်မလုပ်ချင်တာကို မလုပ်ဘူး။ ကိုယ်မလုပ်ချင်တာဆိုတော့ စေတနာလည်းမပါတဲ့အတွက် မကောင်းနိုင်ဘူးလေ။

■ မေး - ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။
ဖြေ - ဒီဇာတ်ကားမှာက ဟာသအနုပညာကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တဲ့ အနုပညာရှင်တွေ အင်အားစုံတယ်။ နောက်တစ်ခုက သရုပ်ဆောင်တွေကို မျိုးဆက်အစုံကြည့်ခွင့်ရမှာဖြစ်ပြီး ပါဝင်ကြတဲ့ အနုပညာရှင်တွေအားလုံးက သူ့နေရာနဲ့သူ အဖြစ်အပျက်အကြောင်းအရာတွေ အစုံကို မျှမျှတတလေး ဇာတ်လမ်းက သွားထားတယ်။ အဲဒါကြောင့် ဟာသဇာတ်ကားကို ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရလေးကြည့်ရ ရယ်ရမယ့် ဇာတ်ကားမျိုးပါ။

Most Read

Most Recent