သရုပ်ဆောင်နန်းဆုဦးနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်နန်းဆုဦးနှင့် တွေ့ဆုံခြင်း
Published 16 May 2018

မေ ၁၈ ရက်တွင် စတင်ပြသမည့် ဥပါဒါန်ဟု အမည်ပေးထားသော ဇာတ်ကားမှာ သံဃာတော်တစ်ပါးအား အကြည်ညိုလွန်မိရာမှ သဒ္ဓါစိတ်လွန်ကဲမှုကြောင့်အပြစ် ဖြစ်ရသည့် ဒါယိကာမတစ်ဦး၏ အကြောင်းအား ပုံဖော်ထားခြင်းဖြစ်သည်။ တွေ့မြင်ရခဲသည့် ဘာသာရေးအခြေပြု ဇာတ်ကားတစ်ကားဖြစ်ပြီး ယင်းဇာတ်ကားတွင် စွန့်စားမှုများသည့်ဇာတ်ရုပ်ဖြစ်သော သံဃာတော်အား သဒ္ဓါလွန်ကဲမိသူ ဒါယိကာမတစ်ဦးအဖြစ် သရုပ်ဆောင်နန်းဆုဦးက ပီပြင်စွာ ပုံဖော်ထားပါသည်။ ယင်းသို့စွန့်စားမှုများသည့် ဇာတ်ရုပ်ကို လက်ခံပါဝင်ခဲ့သည့် သရုပ်ဆောင်နန်းဆုဦးနှင့် တွေ့ဆုံ၍ ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံများ၊ ဇာတ်ရုပ်အပေါ်ထားသည့် ခံယူချက်အပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့သည်။

■ မေး - ဥပါဒါန်ဇာတ်ကားမှာ ပါဝင်ဖြစ်ပုံလေး အရင်ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားကိုမရိုက်ခင် နှစ်လ၊ သုံးလလောက်အလိုမှာ ဒါရိုက်တာဦးအောင်က ဇာတ်လမ်းလာပြတဲ့အခါ ဘာသာရေးဇာတ်ကားလည်းဖြစ်တယ်။ သူပေးတဲ့ Message တွေကလည်း ဗုဒ္ဓဘာသာဝင် လူငယ်လူရွယ်တွေ သိသင့်တာ၊ မှတ်သားသင့်တာတွေ ဖြစ်နေတယ်။ ဒါကြောင့် လက်ခံဖြစ်သွားတာပါ။

■ မေး - ဒီဇာတ်ကားမှာ အဓိကပေးချင်တဲ့ Message ဆိုရင်ရော။

ဖြေ - အဓိကတော့ ဘယ်အရာမဆို တအားကြီး စိတ်စွဲလန်းရင် မကောင်းဘူး။ လွန်သွားရင် မကောင်းဘူး။ ဒီဘုန်းကြီးကျောင်းပဲ လှူချင်တယ်။ ဒီဘုန်းကြီးကိုပဲ လှူဒါန်းချင်တယ်။ အဲဒါတွေက အစွဲအလမ်းတွေပေါ့။ ဒါတွေဖြစ်လာရင်တော့ မကောင်းဘူး။ ဒါလေးတွေကို ပညာပေးတဲ့ဇာတ်ကားလေးပါ။

■ မေး - ဒီကာရိုက်တာမျိုးက နည်းနည်းလေး အန္တရာယ်များတဲ့ဇာတ်ရုပ်မျိုးလည်းဖြစ်တော့ စိုးရိမ်စိတ်ရှိလား။

ဖြေ - ဒီလိုဇာတ်ရုပ်မျိုးက တစ်ခါမှမလုပ်ဖူးဘူး။ Risk လည်း ရှိတယ်။ တာဝန်ကြီးတယ်။ ဒါရိုက်တာဦးအောင်နဲ့လည်း တိုင်ပင်ဖြစ်တယ်။ ဒီကာရိုက်တာကို တာဝန်မယူခင်မှာ သေချာလည်း စဉ်းစားပါတယ်။ တစ်ခုကတော့ ဒီဇာတ်ကားက ဘာသာရေးဇာတ်ကားလည်း ဖြစ်တယ်။ တစ်သက်လုံးမှာ တစ်ခါလာဖို့ဆိုတာ အခွင့်အရေးနည်းတယ်လေ။ ဒါကြောင့် ဘဝမှာ အခုလို အခွင့်အရေးရတုန်း ရိုက်မယ်ဆိုတဲ့စိတ်နဲ့ရိုက်ဖြစ်တယ်။ အဓိကတော့ ရည်ရွယ်ချက်ကောင်းမွန်စွာနဲ့ ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အခုဒီဇာတ်ရုပ်ကလည်း အနုပညာနဲ့ ပဲပေးချင်တဲ့ Message လေးကို ဖော်ဆောင်တာဖြစ်တယ်။ ပရိသတ်တွေလည်း နားလည်လိမ့်မယ်လို့ ယုံကြည်တယ်။

■ မေး - ရိုက်ကူးတုန်းကရော အခက်အခဲရှိခဲ့လား။

ဖြေ - ရိုက်တုန်းက ဘာအခက်အခဲမှ သိပ်မရှိပါဘူး။ မှတ်မှတ်ရရဆိုရင်တော့ ဒီဇာတ်ကား ပထမဆုံးစရိုက်ဖို့ ကန်တော့ပွဲပေးတဲ့နေ့မှာ ရွှေတိဂုံဘုရားမှာ ရိုက်ကွင်းတည်တယ်။ အဲဒီမှာ နန်းဆုတို့ဇာတ်ကားမှာပဲ ပါဝင်မယ့် အမျိုးသမီးတစ်ဦးကို နဂါးဝင်ပူးတာ တွေ့ရတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ ဇာတ်ကားမရိုက်ခင် ပြင်ဆင်ချိန်မှာ Consideration နဲ့ ပတ်သက်လို့ စိတ်ငြိမ်အောင်လို့ တရားကြိုထိုင်တာမျိုးတွေ ရှိတယ်။ အဓိကတော့ စိတ်ငြိမ်အောင်လို့ ပြင်ဆင်ခဲ့ရပါတယ်။

■ မေး - ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုဆိုရင်ရော။

ဖြေ - ဒီဇာတ်ကားက နန်းဆုအတွက် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မယ်ဆိုရင် ကိုယ်လုပ်ခဲ့တာကို အားရကျေနပ်မှုရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ ကြုံရခဲတဲ့ ဘာသာရေးဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့တယ်။ ခါတိုင်းလုပ်နေကျ ဇာတ်ရုပ်မျိုးတွေလည်း မဟုတ်ဘူး။ ဇာတ်ရုပ်အသစ်တစ်ခု အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်မယ်ဆိုရင် ဘာသာရေးနဲ့ပတ်သက်တဲ့ ပညာလေးတွေ၊ သိမှတ်ဖွယ်လေးတွေလည်း ရမှာပါ။ ဒါကြောင့် ကြည့်လည်းကြည့်စေချင်တယ်။ လာကြည့်ပါလို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

■ မေး - ဒီဇာတ်ကားမှာ ဘာသာတရားကိုင်းရှိုင်းတဲ့ အမျိုးသမီးအဖြစ် အပြည့်အ၀ လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်လား။

ဖြေ - နန်းဆုကတော့ ဦးအောင်သင်ကြားပြသပေးတဲ့အတိုင်း အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒီ Result ကတော့ ပရိသတ်တွေရဲ့ ဆုံးဖြတ်မှုကို စောင့်ကြည့်ရမှာပေါ့။ ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ကိုယ့်အတွက် လုပ်ကွက်ရှိလား။ ပြီးတော့ကိုယ်ရိုက်တဲ့ဇာတ်ကားမှာ ပရိသတ်တွေအတွက် ဘယ်လိုအသိပညာမျိုးကို ပေးခွင့်ရမလဲဆိုတာ စဉ်းစားပါတယ်။ ဒီဇာတ်ကားမှာကတော့ နန်းဆုရဲ့အနုပညာတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ခွင့်ရခဲ့တယ်။ ပရိသတ်တွေအတွက် စဉ်းစားစရာ အသိပညာတစ်ခုရမယ်လို့ ယုံကြည်ပါတယ်။

■ မေး - နန်းဆု လတ်တလောရော တခြားဘာဇာတ်ကားတွေ ရိုက်နေလဲ။

ဖြေ - လောလောဆယ်တော့ ကိုနေဒွေးနဲ့ ဗီဒီယိုဇာတ်ကားတစ်ကား ရိုက်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ ဖန်စီဇာတ်ကားလေးပေါ့။ နန်းဆုရိုက်ထားတဲ့ ရုပ်ရှင်ကားကြီးတွေလည်း ရုံတင်ဖို့တွေ ရှိပါသေးတယ်။ နောက်ထပ်ပြောထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။

■ မေး - ကိုယ်ပိုင်ထုတ်လုပ်ရေးအနေနဲ့ ဇာတ်ကားတွေ ရိုက်နေကြတာမျိုးလည်းရှိတော့ နန်းဆုရော အဲဒီလိုစိတ်ကူးမျိုးရှိလား။

ဖြေ - စိတ်ကူးယဉ်ထားတာတော့ရှိတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အများကြီးလိုပါသေးတယ်။ လောလောဆယ်တော့ ကိုယ်ရိုက်ခွင့်ရတဲ့ဇာတ်ရုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။

■ မေး - ဥပါဒါန်ဇာတ်ကားက နန်းဆုဦးအတွက် ဘဝမှာအမှတ်တရဖြစ်မယ့် ဇာတ်ကားလို့ပြောလို့ရမလား။

ဖြေ - ပြောလို့ရပါတယ်။ တကယ်လည်း အမှတ်တရပါပဲ။ ဘာသာရေးဇာတ်ကားတစ်ကားမှာ ပါဝင်ခွင့်ရတယ်။ လူငယ်တွေ အမှတ်တမဲ့ စိတ်တစ်ခုနဲ့ မှားယွင်းသွားတတ်တာကို ပညာပေးထားတာလေးလည်းပါတယ်။ ဒီလိုအန္တရာယ်များတဲ့ ဇာတ်ရုပ်တစ်ခုကို ပါဝင်ခွင့်ရခဲ့တာကတော့ တကယ့်ကိုအမှတ်တရပါ။

■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။

ဖြေ - ဒီဇာတ်ကားလေးက မေ ၁၈ ရက်မှာ စတင်ပြသပါတော့မယ်။ ပရိသတ်တွေအတွက်လည်း ကြည့်ရတဲ့အခါ အသိအမြင်လေးတစ်ခုတော့ရမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်အားပေးစေချင်ပါတယ်။ နောက်ထပ်လည်း အနုပညာလုပ်ငန်းတွေမှာ အကောင်းဆုံး ကြိုးစားသွားပါဦးမယ်။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

Most Read

Most Recent