တေးသံရှင် X-Box နှင့် တွေ့ဆုံခြင်း

တေးသံရှင် X-Box နှင့် တွေ့ဆုံခြင်း
Published 9 May 2018

လူငယ်ဟစ်ဟော့ပ် တေးသံရှင်များကြားတွင် ပရိသတ်အခိုင်အမာဖြင့် ရပ်တည်နေသူတစ်ဦးမှာ တေးသံရှင် X-Box ဖြစ်သည်။ ‘9’၊ ‘99’ တစ်ကိုယ်တော် အယ်လ်ဘမ်နှစ်ခွေ ထွက်ရှိထားပြီး တေးသံရှင်ထက်ယံ၊ ရွှေထူး၊ Lil'Z တို့နှင့် တွဲဖက်ကာ ‘4’ အယ်လ်ဘမ်ဖြင့်လည်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားစေသူဖြစ်သည်။ မေ ၁၉ ရက်တွင် ရန်ကုန်မြို့ Hard Rock Cofe ၌ House Party ကျင်းပရန် စီစဉ်ထားသည့် X-Box သည် မေ ၂၀ ရက်တွင် ကျရောက်မည့် မွေးနေ့အတွက် သာမညတောင်သို့ သွားရောက်ကာ သာသနာ့ဘောင်သို့ ဝင်ရောက်လျက် ရှိပါသည်။ တေးသံရှင် X-Box နှင့်တွေ့ဆုံ၍ House Party ဖျော်ဖြေပွဲအတွက် ပြင်ဆင်ထားမှုများ၊ မွေးနေ့တွင် ဖြတ်သန်းရန် စီစဉ်ထားသည်များ၊ ယခုနှစ်အတွင်း ရိုက်ကူးရန် စီစဉ်ထားသည့် ဇာတ်ကားရိုက်ကူးမှုအကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့သည်။

■ မေး - မေ ၁၉ မှာလုပ်မယ့် ပွဲလေးအကြောင်း အရင်ဆုံးပြောပြပါဦး။

ဖြေ - ပါတီသဘောမျိုးလုပ်မယ့်ပွဲလေးပါ။ ပရိသတ်နဲ့ နီးနီးကပ်ကပ်လေးတွေ့ပြီး ဖျော်ဖြေခွင့်ရမယ်။ ပရိသတ်နဲ့ အဆိုတော်နဲ့ မိသားစုပုံစံလေး ဖျော်ဖြေခွင့်ရမယ့်ပွဲမျိုးပါ။ အဲဒီလိုဖြစ်အောင်လည်း စီစဉ်ဖြစ်တာပါ။

■ မေး - အရင်ကတော့ ပရိုမိုးရှင်းပွဲတွေကအစ Outdoor Area မှာ လုပ်တယ်။ လူတွေအများကြီးနဲ့ပေါ့။ အခုတော့ နေရာအရ ပရိသတ်လည်း အကန့်အသတ်နဲ့ ဖြစ်သွားမယ်။ အဲဒီလို ရွေးချယ်ဖြစ်တာကရော။

ဖြေ - အဓိကတော့ Freeshow ဆိုရင် ပရိသတ်တွေ အများကြီးလာကြည့်တယ်။ အယ်လ်ဘမ်ပရိုမိုးရှင်းပွဲတွေ လုပ်တဲ့အခါ ပရိသတ်တွေ အများကြီးကလာကြတယ်။ အခုလို ဝင်ကြေးနဲ့ လုပ်ကြည့်တာကတော့ ကိုယ့်ကိုယ်ကိုယ် စာမေးပွဲ စစ်ကြည့်တာလည်းပါတယ်။ ပရိသတ်နဲ့ ကျွန်တော်နဲ့ကြားထဲက ရင်းနှီးမှုလေး ဘယ်လောက်ရှိတယ်ဆိုတာ သိချင်တာကြောင့်လည်း ပါပါတယ်။

■ မေး - ပွဲက ထိုင်ခုံတွေနဲ့လုပ်မယ်ဆိုတော့ သီချင်းအမြူးတွေဆိုတဲ့အခါ ပရိသတ်ကို ပွဲထိန်းနိုင်ဖို့ ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ - အဲဒါလည်း အရသာတစ်ခုပဲ။ လူအုပ်လိုက်ကြီး ပွဲတွေလုပ်ကြတယ်။ မတ်တပ်ရပ်ကြည့်ပြီး လွတ်လွတ်လပ်လပ် အော်ကြတယ်ပေါ့။ အခုကတော့ သီချင်းအေးအေးလေးတွေကို ဂစ်တာနဲ့တီးပြီး ဆိုချင်လည်းဆိုမယ်။ သီချင်းအေးလေးတွေကို Up Beat တွေနဲ့ ပြန်ပြောင်းပြီး ဆိုချင်လည်းဆိုမယ်။ အရသာကတော့ အမျိုးမျိုးရမှာပါပဲ။ အဓိကတော့ ဒီပွဲမှာ လာကြည့်တဲ့ ပရိသတ်တွေက အရင်ရှိုးတွေမှာမြင်နေကျပုံစံမဟုတ်တဲ့ ရသအသစ်တစ်မျိုးကိုရမှာပါ။

■ မေး - မေ ၂၀ ရက်က မွေးနေ့ဆိုတော့ မွေးနေ့အမှတ်တရလုပ်တယ်လို့ ပြောလို့ရလား။

ဖြေ - အဲဒီလို သဘောလည်းပြောလို့ရပါတယ်။ ဒါပေမဲ့ မွေးနေ့ဖျော်ဖြေပွဲဆိုတဲ့ ခေါင်းစဉ်မတပ်ချင်ဘူး။ ဒါကြောင့် ဒီအတိုင်းပဲ မွေးနေ့အကြိုညမှာ လုပ်ဖြစ်တာပါ။

■ မေး - နှစ်တိုင်း မေလမှာပွဲလုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့လည်း ကြားတယ်နော်။

ဖြေ - မွေးနေ့ရယ်လို့တော့ မဟုတ်ဘူး။ ပါတီပေါ့။ အဓိက,ကတော့ 99 အယ်လ်ဘမ်အတွက် ပရိုမိုးရှင်းပွဲကို မလုပ်လိုက်ဘူး။ ကျွန်တော့်ဖျော်ဖြေမှုကို ကြည့်ချင်တဲ့ပရိသတ်တွေအတွက် ဒီပွဲကို အစားထိုး လုပ်လိုက်ခြင်းဖြစ်တယ်။ ဒီပွဲက မွေးနေ့ပုံစံမဟုတ်ဘဲ House Party ဆိုတဲ့ နာမည်အတိုင်းပဲ 1,2,3,4 ဆိုပြီး လုပ်သွားမယ့်ပုံစံမျိုးပါ။ ဒီနှစ်ထဲမှာမြို့တစ်မြို့ကို ရွေးချယ်ပြီး House Party နာမည်နဲ့ပဲ ပွဲတစ်ပွဲထပ်လုပ်ဖို့ ဒီပွဲရဲ့ Result ကိုကြည့်ပြီး ဆုံးဖြတ်သွားပါမယ်။

■ မေး - ပွဲမှာ တခြားဘယ်အနုပညာရှင်တွေရော ပါဝင်ဖြစ်မလဲ။

ဖြေ - ကျွန်တော့်သူငယ်ချင်းတွေ ပါဝင်ပါမယ်။ ကျွန်တော့်သူငယ်ချင်းတွေပွဲဆိုလည်း ကျွန်တော်အမြဲတမ်း ပါဝင်ကူညီသီဆိုတယ်။ အခုကျွန်တော့်ပွဲမှာလည်း ကျွန်တော့်သူငယ်ချင်းတွေ ပါပါမယ်။ ထက်ယံ၊ ရွှေထူး၊ Lil'Z၊ Oasix၊ မစန္ဒီမြင့်လွင်၊ မနီနီခင်ဇော် အများကြီးပါပဲ။

■ မေး - ဒီပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုဆိုရင်ရော။

ဖြေ - အများကြီးပဲ။ ညဘက်ဆိုအိပ်မပျော်ဘူး။ တစ်ခုခုများ အဆင်မပြေဖြစ်သွားမလား ဆိုတာလည်း ကြောက်တယ်။ ဒီကြားထဲ ဘုန်းကြီးဝတ်ဦးမှာဆိုတော့ ပွဲမှာလည်း ကတုံးနဲ့ဆိုရမှာ။

■ မေး - သာသနာ့ဘောင်ဝင်မယ်ဆိုတော့ ဘယ်တော့ဝင်ဖြစ်မလဲ။

ဖြေ - မေ ၉ ရက်ကို သာမညစထွက်ဖြစ်မယ်။ သာမညတောင်မှာ ဝတ်မှာပါ။ အဓိကတော့ ကျွန်တော့်အစ်ကို ပြန်လာတယ်။ သူကလည်း ပြည်ပမှာနေတာ ၁၀ နှစ်လောက်ရှိပြီးမှ ပြန်လာတာဆိုတော့ ညီအစ်ကိုနှစ်ယောက် ဘုန်းကြီးအတူဝတ်ချင်တယ်။ အချိန်ညှိတော့ ပွဲမလုပ်ခင်ဘဲရတဲ့အတွက် ဒီအချိန်ပဲ ဝတ်မယ်ဆိုပြီးဖြစ်သွားတာ။ ငါးရက်လောက်ဝတ်ဖြစ်မယ်။

■ မေး - ဒီပွဲမှာဖျော်ဖြေမယ့်ပုံစံကရော ဘယ်လိုပုံစံတွေ ဖျော်ဖြေဖြစ်မလဲ။ သီချင်းတွေကရော ဘယ်လိုရွေးချယ်ဖြစ်မလဲ။

ဖြေ - ဖျော်ဖြေမယ့်ပုံစံကတော့ ဒရမ်သမားတစ်ယောက်ပါမယ်။ ဒီဂျေပါမယ်။ ပါတီနဲ့ ကိုက်ညီတဲ့ မြူးကြွတဲ့ပုံစံတွေ ဖျော်ဖြေဖြစ်ပါမယ်။ ငြိမ်တဲ့သီချင်းတွေလည်းပါပါမယ်။ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုတွေဖြစ်အောင် ကြိုးစားသွားမှာပါ။ အခြားပွဲတွေမှာ မြင်ရလေ့ရှိတဲ့ X-Box နဲ့တော့ လုံးဝတူမှာမဟုတ်ဘူး။ ရသအသစ်တစ်မျိုးကို ခံစားရမှာပါ။

■ မေး - Hard Rock Cafe မှာလုပ်ဖို့ ရွေးချယ်ဖြစ်တာကရော။

ဖြေ - ဒီနေရာက ရော့ခ်ဂီတသမားတွေ ဖျော်ဖြေလို့ကောင်းတဲ့နေရာပေါ့။ ဟစ်ဟော့ပ်သမားတွေ အတွက်တော့ နည်းနည်းခက်တယ်။ ဒါပေမဲ့ ဘာလို့ရွေးလဲဆိုရင် ဂီတဖျော်ဖြေပွဲတွေ နိုင်ငံတကာမှာလည်း လုပ်လေ့ရှိတဲ့နေရာဖြစ်တာကြောင့်လည်း ပါပါတယ်။

■ မေး - သီချင်းကရော 99 ထဲက အများစုဆိုမှာလား။

ဖြေ - အဲဒီလိုတော့မဟုတ်ဘူး။ သီချင်းဟောင်း အများစုဆိုပါမယ်။ 4 အယ်လ်ဘမ်ထဲက သီချင်းတွေ ဆိုမယ်။ 9 အယ်လ်ဘမ်ထဲကလည်းဆိုမယ်။ 99 ထဲက သီချင်းနည်းနည်းပဲဆိုဖြစ်မယ်။ သီချင်းဟောင်းတွေ မဆိုဖြစ်တာ တော်တော်လေးကြာပြီလေ။

■ မေး - သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီးလည်း ပြောပါဦး။

ဖြေ - ရိုက်တာတော့ ရိုက်ပါမယ်။ လောလောဆယ်က သီချင်းကိုအာရုံစိုက်နေတော့ ဇာတ်ကားရိုက်တဲ့အပိုင်းကို အချိန်မပေးနိုင်သေးဘူးဖြစ်နေတယ်။ အခုထွက်ခဲ့တဲ့ 99 အခွေကလည်း ကျွန်တော်လုပ်ချင်တာတွေပဲ လုပ်ထားတဲ့အတွက် ကျွန်တော်စိတ်ကျေနပ်ပေမယ့် ပရိသတ်က သိပ်မကြိုက်ဘူး။ သီချင်းသစ်တွေကို ဘယ်လိုဖန်တီးမလဲဆိုတာပဲ ခေါင်းထဲမှာ ရှိနေပါတယ်။ နောက်လထဲလောက်မှာ သီချင်းသစ်တစ်ပုဒ် ထွက်လာဖို့ရှိပါတယ်။ တစ်ပုဒ်ချင်းစီ အရင်ထွက်မယ်။ ပြီးမှ အချိန်နည်းနည်းခြားပြီးမှ အယ်လ်ဘမ်သစ်အနေနဲ့ ထွက်ပါမယ်။

■ မေး - မွေးနေ့မှာရော အမှတ်တရ ဘယ်လိုအစီအစဉ်တွေနဲ့ ဖြတ်သန်းဖို့ရှိမလဲ။

ဖြေ - မေ ၂၀ မှာ ပရိသတ်တွေနဲ့ထပ်တွေ့လို့ရမယ့် အစီအစဉ်လေးတစ်ခု လုပ်နေပါတယ်။ အလှူလေးတစ်ခု လုပ်ချင်တယ်။ ပရိသတ်တွေနဲ့အတူ လှူဖို့လုပ်ဖြစ်မှာပါ။ ပြီးရင်တော့ မိသားစုခရီးလေး ထွက်ဖို့ရှိပါမယ်။ ပရိသတ်တွေနဲ့ တိုင်ပင်ပြီးရင် အသိပေးပါမယ်။ မွေးနေ့မှာအလှူလည်း လုပ်ချင်တယ်။ ပရိသတ်တွေနဲ့အတူ ဖြတ်သန်းချင်ပါတယ်။

■ မေး - ပရိသတ်တွေကို ပြောချင်တာများ ရှိဦးမလား။

ဖြေ - ကျွန်တော်ဒီပွဲလေးကစပြီးတော့ ပွဲတွေအများကြီး ဆက်လုပ်သွားပါမယ်။ ပရိသတ်တွေလည်း ကျွန်တော့်တင်ဆက်မှုကို လာအားပေးပါ။ ကြိုက်တယ်ဆိုရင် နောက်ထပ်ပွဲတွေကိုလည်း အားပေးပါ။ ပရိသတ်တွေ အားပေးမှုနဲ့ နှစ်တွေအရှည်ကြီး ဖြတ်သန်းချင်ပါတယ်။ ပရိသတ်အားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

Most Read

Most Recent