အင်န်နီမေးရှင်းဒါရိုက်တာ ဉာဏ်ကျယ်စေနှင့် တွေ့ဆုံခြင်း

အင်န်နီမေးရှင်းဒါရိုက်တာ ဉာဏ်ကျယ်စေနှင့် တွေ့ဆုံခြင်း
Published 8 May 2018

တေးသံရှင်ကျားပေါက်၏ Anger Management တေးအယ်လ်ဘမ်မှ သတိရတယ် သီချင်း၏ အင်န်နီမေးရှင်း Music Video အား Pencell Studio မှဖန်တီးပေးထားကာ Pencell Studio Page တွင် လွှင့်တင်ထားရာတွင်လည်း ပရိသတ်စိတ်ဝင်စား အားပေးမှု များပြားခဲ့သည်။ Pencell Studio ကို ကာတွန်းဆရာ အော်ပီကျယ်၏သားဖြစ်သူ အင်နီမေးရှင်းပညာရှင် ဒါရိုက်တဉာဏ်ကျယ်စေနှင့် သူငယ်ချင်းများ စုပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။ အင်နီမေးရှင်းဇာတ်ကားတိုများနှင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ဆုများရရှိထားကာ အင်နီမေးရှင်းဇာတ်ကားတိုများ၊ ရုံတင်အင်နီမေးရှင်း ဇာတ်ကားများကိုပါ ပရိသတ်များထံ အရောက်ပို့ဆောင်သွားရန် စီစဉ်ထားသည့် ဒါရိုက်တာဉာဏ်ကျယ်စေနှင့် တွေ့ဆုံ၍ ဆက်လက်ဖန်တီးသွားမည့် အနုပညာဖန်တီးမှုများ၊ အင်နီမေးရှင်းဈေးကွက်အပေါ် အမြင်တို့အား မေးမြန်းဖြစ်ခဲ့သည်။

■ မေး - သတိရတယ် Animated Music Video ကို ဖန်တီးခဲ့တဲ့ အတွေ့အကြုံလေးတွေကို အရင်ဆုံးပြောပြပါဦး။

ဖြေ - အင်နီမေးရှင်းအနေနဲ့ Music Video တစ်ခုလုံးကို ဖန်တီးထားတာပါ။ ဒီ Music Video က လေးမိနစ်စာဆိုပေမယ့် တကယ်ဖန်တီးခဲ့စဉ်တုန်းက နောက်ကွယ်မှာ လူ ၁၅ ယောက်နဲ့ ငါးလကျော်ကြာ ဖန်တီးခဲ့ရတယ်။ ဒီအတွက် ကုန်ကျစရိတ်လည်း အများကြီး ကုန်ပါတယ်။ နေ့ရောညရော လူတွေအများကြီး ပင်ပန်းခံပြီး လုပ်ခဲ့ရတယ်။

■ မေး - ဒီသီချင်းလေးကို ဖန်တီးရာမှာ ဘယ်လိုစိတ်ကူးနဲ့ ဖန်တီးခဲ့ရလဲ။

ဖြေ - ဒီသီချင်းနဲ့ ရုပ်နဲ့အသံကိုက်ဖို့ အရင်ဆုံး Story စဉ်းစားရတာပေါ့။ ကိုကျားပေါက်ရဲ့ Anger Management ကို နားထောင်ပြီးကတည်းက ကျွန်တော်တို့ Pencell Studio အနေနဲ့ကြိုက်တယ်။ ဒီထဲက သီချင်းတစ်ပုဒ်ကို Music Video ဖန်တီးမယ်လို့ စဉ်းစားခဲ့တယ်။ နောက်ဆုံးတော့ သတိရတယ်ကို ရွေးဖြစ်တယ်။ အင်န်နီမေးရှင်းဖြစ်တဲ့ အတွက်ကြောင့် လူနဲ့ပုံဖော်လို့မရတဲ့ အကြောင်းအရာမျိုးကို ရွေးချယ်တယ်။ Story ဖန်တီးရာမှာလည်း ကြည့်တဲ့ပရိသတ်က လွတ်လွတ်လပ်လပ် ဖြန့်တွေးနိုင်တဲ့ပုံစံမျိုးဖြစ်အောင် ဖန်တီးတယ်။ အားလုံးက တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ ကိုယ့်ဘဝနဲ့ကိုယ် ဆက်တွေးလို့ရမယ့် အနေအထားမျိုး၊ သတိရတယ်သီချင်းရဲ့ အကြောင်းအရာနဲ့လည်း ဝေးမသွားမယ့် Story မျိုးလေးဖြစ်အောင် အများကြီး ကြိုးစားထားတယ်။ အခက်အခဲပိုင်းကတော့ အခြားအလုပ်တွေလည်း မပျက်အောင် အားလုံးညှိပြီး လုပ်ရတယ်။ ဒီလိုပဲ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ပေါ့။

■ မေး - Music Video အပေါ် အားရကျေနပ်မှုရောရှိလား။

ဖြေ - အားရကျေနပ်ပါတယ်။ Result ကတော့ ပရိသတ်ကပဲ ခန့်မှန်းပေးပါ။ Team က ဒီ Music Video ဖြစ်လာဖို့ကို အများကြီး ကြိုးစားထားကြတယ်။ ဒါကြောင့် ကျွန်တော်တို့တစ်ဖွဲ့လုံးရဲ့ အားထုတ်မှုကို ပရိသတ်တွေက ခံစားကြည့်ရှုပြီးမှပဲ Result ကို ခန့်မှန်းပေးစေချင်ပါတယ်။

■ မေး - ဒီ Music Video ကို နိုင်ငံတကာက Music Video Festival တွေမှာလည်းပြိုင်ဖို့ စိတ်ကူးရှိနေတယ်ဆိုတော့ အဲဒီအကြောင်းလည်း ပြောပြပါဦး။

ဖြေ - ကျွန်တော့်အရင် Animation Short Film ကို Festival တွေမှာ ပြိုင်ခဲ့ဖူးတယ်။ အခုဒီ Music Video ကိုလည်း ပြိုင်ချင်တယ်။ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ အင်န်နီမေးရှင်းယဉ်ကျေးမှုကိုလည်း နိုင်ငံတကာက သိစေချင်တယ်။ မြန်မာနိုင်ငံရဲ့ ဂီတဖန်တီးမှုကိုလည်း နိုင်ငံတကာ သိစေချင်တယ်။ Festival တွေမှာ ပြိုင်ချင်တယ်။ ဒါကြောင့် သွားပြိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။

■ မေး - Pencell Studio အနေနဲ့ ဘယ်လိုဖန်တီးမှုတွေ ထပ်လုပ်ဖြစ်မလဲ။

ဖြေ - ကျွန်တော်တို့ စိတ်ကူးထားတာတွေ အများကြီးရှိပါတယ်။ အားလုံးကပြင်ဆင်နေဆဲဆိုတော့ သေချာပြီဆိုမှ အားလုံးကိုအသိပေးပါမယ်။ Pencell Studio Page မှာ အင်နီမေးရှင်းကားတိုတွေ တင်ဖို့ရှိမယ်။ ရုံတင်ကားတွေအထိ လုပ်သွားဖို့ရှိတယ်။ ဘယ်အချိန်မှာ ဘာကအရင်ထွက်လာမယ်ဆိုတာတော့ ပြောလို့မရသေးလို့ပါ။ စောင့်မျှော်နေကြပါလို့ ပြောချင်ပါတယ်။

■ မေး - အစီအစဉ်တွေ အများကြီးရှိနေတယ်ဆိုတော့ အဲဒီအတွက်ပြင်ဆင်မှုနဲ့ စိန်ခေါ်မှုတွေဆိုရင်ရော။

ဖြေ - အများကြီး ပြင်ဆင်ရပါတယ်။ Plan A နဲ့မရရင် Plan B သွားဖို့ အမြဲတမ်းပြင်ထားရတယ်။ အဓိကတော့ ယုံကြည်မှုတစ်ခုနဲ့ပဲ ရှေ့ဆက်တာပါ။ ယုံကြည်မှု ခိုင်ခိုင်မာမာရှိရင် အောင်မြင်မယ်လို့ စိတ်ထဲမှာထားထားတယ်။

■ မေး - အင်န်နီမေးရှင်းက မြန်မာနိုင်ငံမှာတော့ စိန်ခေါ်မှုတွေအခက်အခဲတွေ အများကြီးရှိတုန်းပဲဆိုတော့ အဲဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ - ဟုတ်ပါတယ်။ အင်န်နီမေးရှင်းက စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီးရှိနေတုန်းပဲ။ မြန်မာပြည်အနုပညာမှာ အင်န်နီမေးရှင်းကို အနုပညာဖန်တီးမှုတစ်ခုအနေနဲ့ ဘောင်ဝင်လာဖို့၊ လက်ခံလာဖို့ကြိုးစားနေရဆဲပဲ။ အင်န်နီမေးရှင်းဖန်တီးသူတွေက အခုနောက်ပိုင်းတော့ ပိုများလာပါတယ်။ Animated Music Video လုပ်တယ်ဆိုတာလည်း အနုပညာတစ်ခုပဲလေ။ အင်န်နီမေးရှင်းဆိုတာက ရုပ်ရှင်အမျိုးအစားတစ်ခုပဲ။ နိုင်ငံခြားမှာဆိုရင် Live Action ရယ် Animation ရယ်နှစ်မျိုးရှိတယ်။ ဒီမှာလည်း ဒါတွေကို လက်ခံလာအောင် ကျွန်တော်တို့ကြိုးစားမယ်။

■ မေး - ဒီ Music Video လေး အခုထွက်လာတဲ့အခါ ပြန်ကြည့်ပြီးတော့ အားသာချက် အားနည်းချက် သုံးသပ်ပေးပါဆိုရင်ရော။

ဖြေ - Music Video ကောင်းမကောင်းကတော့ ပရိသတ်တွေ ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ ဒါကိုဖန်တီးနေတဲ့ အချိန်အတွင်းမှာ တစ်ဖွဲ့လုံးက ကိုယ်တတ်တဲ့ပညာတွေကို အစွမ်းကုန်သုံးပြီး အကောင်းဆုံး ကြိုးစားထားကြတယ်။ ဒီလိုကြိုးစားထားတာနဲ့တင် ကျေနပ်နေပါပြီ။

■ မေး - ပရိသတ်ကိုပြောချင်တာများ ရှိမလား။

ဖြေ - Pencell Studio အနေနဲ့ အင်န်နီမေးရှင်း ဇာတ်ကားတွေရော Music Video တွေရော အများကြီးထပ်လာပါဦးမယ်။ အဲဒီအတွက် အင်န်နီမေးရှင်း ချစ်သူတွေရော၊ ကာတွန်းချစ်သူတွေပါ အားပေးစေချင်ပါတယ်။

■ မေး - ဖခင်ဖြစ်သူ ဆရာအော်ပီကျယ်ဆီကရော ဘယ်လိုလေ့လာ သင်ယူခွင့်ရခဲ့လဲ။

ဖြေ - အဖေက ကျွန်တော်အရမ်း လေးစားအားကျရတဲ့သူပါ။ အဖေ့ရဲ့ အနုပညာဖန်တီးမှုကိုသာမက အတွေးအခေါ် အယူအဆ၊ နေထိုင်ကျင့်သုံးမှုတွေကိုပါ ကျွန်တော်လေးစားအားကျရပါတယ်။

Most Read

Most Recent