<

မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်နှင့် တွေ့ဆုံခြင်း

‘ကျွန်တော်တို့ဆီကထုတ်လုပ်တဲ့ အရည်အသွေးတွေက အရမ်းကိုဆိုးရွားတဲ့ အရည်အသွေးတွေ ဖြစ်နေတယ်’

နိုင်ငံတကာဈေးကွက်တွင် ရော်ဘာဈေးနှုန်း ကျဆင်းမှုနှင့်အတူ ပြည်တွင်းရော်ဘာဈေးနှုန်းများကလည်း ကျဆင်းနေခဲ့ပါတယ်။ ဒီလိုဈေးနှုန်းကျဆင်းခဲ့တဲ့အတွက် ပြည်တွင်းရှိ ရော်ဘာခြံငယ် ပိုင်ရှင်များအနေဖြင့် လုပ်ငန်းဆက်လက် မလုပ်ဆောင်နိုင်တော့တဲ့အထိ အခက်အခဲများဖြစ်ခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲများကို ဘယ်လိုဖြေရှင်းသင့်လဲ။ မြန်မာနိုင်ငံရဲ့ ရော်ဘာဈေးကွက်အခြေအနေနဲ့ ပြည်ပဈေးကွက် အလားအလာကောင်းများရရှိအောင် မည်ကဲ့သို့ ကြိုးစားဆောင်ရွက်သင့်လဲ။ ထပ်မံစိုက်ပျိုးမယ့် ရော်ဘာခြံပိုင်ရှင်များ အနေဖြင့်လည်း မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်လဲ စတဲ့အကြောင်းအရာများကို သိရှိရအောင် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်နှင့် တွေ့ဆုံမေးမြန်းထားခြင်းကို ဖော်ပြလိုက်ပါတယ်။

■ မေး – လက်ရှိပြည်တွင်းမှာ ရော်ဘာစိုက်ပျိုးမှုအခြေအနေနဲ့ စိုက်ဧက ဘယ်လောက်လောက်ရှိသလဲ။ ထုတ်လုပ်မှုအနေအထားက ဘယ်လောက်ရှိသလဲ။
ဖြေ – ပြည်တွင်းရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ကတော့ နောက်ဆုံးစိုက်ဧကဆိုလို့ရှိရင် တစ်နိုင်ငံလုံးမှာ ဧကတစ်သန်းခြောက်သိန်း ကျော်သွားပြီ။ လက်ရှိထုတ်လုပ်ဧက ခုနစ်သိန်း ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်။ ကျန်တာတွေကတော့ ထိန်းသိမ်းဧကတွေပေါ့။ အဲဒီဧက ခုနစ်သိန်းကျော်က ထုတ်လုပ်တာက တစ်နှစ်ကို တန်ချိန်နှစ်သိန်းခွဲနီးပါး ရှိတယ်။

■ မေး – ပြည်တွင်းကထွက်ရှိတဲ့ ရော်ဘာတွေကို ဘယ်နိုင်ငံတွေကို အဓိကတင်ပို့လဲ။ ဈေးကွက်အခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ – လက်ရှိမှာက ရော်ဘာထွက်တာ တန်ချိန်နှစ်သိန်းခွဲလောက် ဖြစ်လာတယ်ပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ အားနည်းချက်က ဒီကုန်ချောထုတ်လုပ်မှုမှာ သုံးတဲ့ကုန်ကြမ်းအဖြစ်သုံးတာက အရမ်းနည်းတာ။ တစ်နိုင်ငံလုံး အထွက်နှုန်းရဲ့ ရှစ်ရာခိုင်နှုန်းလောက်ပဲ ပြန်သုံးတာရှိတယ်။ ပြည်ပတင်ပို့တာက ၉၂ ရာခိုင်နှုန်းလောက်သွားတာ။ ဒီ ၉၂ ရာခိုင်နှုန်းမှာ တကယ်တမ်း အမြောက်အမြားသွားတာကတော့ တရုတ်နိုင်ငံကို ရာခိုင်နှုန်း ၇၀ လောက်သွားတယ်။ ကျန်တဲ့ ရာခိုင်နှုန်း ၃၀ က မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ နောက်ပြီးတော့ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ အဲဒီနိုင်ငံတွေကို သွားတာပေါ့။

■ မေး – ပြည်တွင်းမှာထုတ်တဲ့ ရော်ဘာအရည်အသွေးနဲ့ နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် ဘယ်လိုအနေအထားမျိုးလဲ။
ဖြေ – အဓိကပြဿနာက အဲဒါပဲ။ လက်ရှိနိုင်ငံခြားကို Export လုပ်နေတဲ့အခါမှာ နိုင်ငံတကာပေါက်ဈေးအနေနဲ့ ကျွန်တော်တို့ တိုင်းပြည်ကရတဲ့ဈေးက နိုင်ငံတကာပေါက်ဈေးထက် တစ်တန်ကို ဒေါ်လာ ၃၅၀ ကနေ ၄၀၀ ကြားလောက်ကို လျှော့ရောင်းနေရတာ။ ဒီလိုလျှော့ရောင်းနေရတဲ့ ကိစ္စကလည်း အရည်အသွေးပေါ့နော်။ ကျွန်တော်တို့ဆီက ထုတ်လုပ်တဲ့ အရည်အသွေးတွေက အရမ်းကိုဆိုးရွားတဲ့ အရည်အသွေးတွေဖြစ်နေတယ်။ ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၃၅၀ ကနေ ၄၀၀ တော့ လျှော့ရောင်းနေရတယ်။ တကယ်တမ်းက RSS ဆိုရင် 1,2,3,4,5 ရှိတယ်။ ကျွန်တော်တို့ဆီကနေ နိုင်ငံခြားကို Export သွားနေတဲ့ RSS-3 ဆိုပြီးတော့ နာမည်တပ်ပြီး သွားနေတဲ့ပစ္စည်းတွေက တကယ်တမ်း ပြန်ပြောမယ်ဆိုရင် နိုင်တကာစံချိန်စံညွှန်းနဲ့ပြောရင် နိုင်ငံတကာ RSS-5 ကိုတောင်မှ ကျွန်တော်တို့ကမမီဘူး။

မေး – လက်ရှိ နိုင်ငံတကာမှာ ရော်ဘာဈေးနှုန်းက ကျနေတယ်။ ပြည်တွင်းမှာလည်း ဈေးကျနေတယ်။ ဒါကြောင့် ပြည်တွင်းက တချို့ရော်ဘာစိုက်တဲ့သူတွေက မကိုက်လို့ လုပ်ငန်းရပ်ဆိုင်းရတာမျိုးတွေ ရှိတယ်။
ဖြေ – ကျွန်တော်တို့နိုင်ငံရဲ့ အဓိကအားနည်းတာက တစ်နှစ်တစ်ဧက အထွက်နှုန်း အရမ်းနိမ့်တယ်။ နိမ့်ရတဲ့အကြောင်းရင်းက မျိုးတွေမှားယွင်းထားတဲ့ပြဿနာ။ စပြီးစိုက်တဲ့အချိန်မှာ မျိုးတွေမှားစိုက်ထားတဲ့ ပြဿနာပေါ့။ ရော်ဘာမှာ တစ်ဧက တစ်နှစ်ထွက်နှုန်းက ပေါင် ၅၀၀ ထွက်တဲ့မျိုးရှိတယ်။ ပေါင် ၈၀၀ ထွက်တဲ့မျိုးရှိတယ်။ ပေါင် ၁၀၀၀ ထွက်တဲ့မျိုးရှိတယ်။ ပေါင် ၁၂၀၀၊ ၁၆၀၀၊ ပေါင် ၁၈၀၀ အထိ ထွက်တဲ့မျိုးရှိတယ်။ ကိုယ်ကစပြီးစိုက်ကတည်းကိုက စိုက်မယ့်နေရာဒေသနဲ့ ကိုက်ညီတဲ့မျိုးကို အမြင့်ဆုံးအထွက်နှုန်းကို ရွေးချယ်ပြီး စိုက်ထားတဲ့သူတွေကတော့ အဲဒီလိုအထွက်နှုန်းမှာလည်း မြင့်မားတယ်။ ထုတ်လုပ်တဲ့ပစ္စည်းကလည်း အရည်အသွေးမီတဲ့ပစ္စည်း ထုတ်လုပ်တယ်ဆိုရင် ရှင်းရှင်းပြောရရင် လက်ရှိအခုပေါက်ဈေးနဲ့က ဘာပြဿနာမှမရှိသေးဘူး။ ခြံတွေက လုပ်နိုင်သေးတယ်။ ခုနလိုပြောတဲ့ ခြံတွေကမကိုက်တော့ဘူး။ ရပ်လိုက်ရတယ်ဆိုတဲ့ဟာက တစ်နှစ်ကို တစ်ဧကအထွက်နှုန်းက ပေါင် ၅၀၀ ထွက်တဲ့မျိုးကို စိုက်ထားတဲ့ခြံမျိုးဆိုရင် သူ့ရဲ့ထုတ်လုပ်မှုစရိတ်တွေ အရမ်းများနေပြီ။ အဲဒီတော့ သူထပ်ပြီးတော့ မလုပ်နိုင်တော့ဘူးပေါ့နော်။ တကယ်တမ်း ပေါင် ၁၈၀၀ ဆိုရင် သူနဲ့ဆိုရင် သုံးဆလောက်မြင့်နေပြီ သူထုတ်လုပ်ပြီး ရောင်းတဲ့ပစ္စည်းက သာမန်ပေါ့နော်။ အညံ့စားပစ္စည်းဈေးပဲ သူရမှာ။ ဟိုတုန်းကတော့ ကျွန်တော်တို့ရော်ဘာက ဈေးအနေနဲ့ နည်းနည်းပြောရတာ ပြဿနာရှိတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မီတဲ့ အရည်အသွေးအတိုင်း ထုတ်ပြီးတော့ ရောင်းပြန်ရင်လည်း တကယ်တမ်း အ၀ယ်ဒိုင်တွေက လက်ရှိအရည်အသွေးမမီတဲ့ ပစ္စည်းဈေးထက်ကို တစ်ပေါင်ကို တစ်ဆယ်၊ နှစ်ဆယ်လောက်ပဲ ပိုပေးတယ်။ ရှင်းရှင်းပြောရရင် မကိုက်ဘူးပေါ့နော်။ ဟိုတုန်းကတော့ ဈေးကွက်ပြဿနာရှိတယ်။ အရည်အသွေးကောင်းအောင် ထုတ်လာပြန်ရင်လည်း အ၀ယ်မရှိတဲ့အတွက် ဈေးကွက်က တော်တော်ပြဿနာရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သုံး၊ လေး၊ ငါးနှစ်ကစပြီးတော့ အဲဒီပြဿနာကို Quality Control တွေလုပ်တယ်။ အရည်အသွေးကို မြှင့်တင်လာတာတွေ လုပ်တယ်။ ဂျပန်အကူအညီနဲ့ ဒီအရည်အသွေးမြှင့်တင်ခြင်း၊ သင်တန်းပို့ချတာတွေလုပ်တယ်။ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ဓာတ်ခွဲခန်းတစ်ခုလည်း ထူထောင်ထားတယ်။ အရည်အသွေးနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်လုပ်တဲ့အခါကျတော့ တော်တော်လေး အောင်မြင်မှုရလာပါပြီ။ အောင်မြင်မှုရလာတာနဲ့အတူ ဈေးကွက်ကလည်း ပေါ်လာခဲ့တယ်။ တကယ်တမ်း RSS-1 နဲ့ RSS-3 နဲ့ဆိုရင် RSS-3 ကို ဒီနေ့ပေါက်ဈေး တစ်ပေါင်ကို ကျပ် ၇၃၀ လောက်ဆိုရင် RSS-1 ထုတ်ရင် တစ်ပေါင်ကို ကျပ် ၈၈၀ နဲ့ ၉၀၀ ပတ်ဝန်းကျင်လောက်ရမယ်။ ဈေးတန်းတစ်တန်းက တက်လာပြီ ဈေးကွက်လည်းပေါ်လာပြီ လိုက်လုပ်ဖို့ပဲလိုတော့တာ။ တစ်ပေါင်ကို ကျပ် ၁၅၀ လောက် ကွာလာတဲ့အခါကျတော့ တစ်နှစ်တစ်နှစ်ထွက်တဲ့ ပေါင်နဲ့တွက်မယ်ဆိုရင် ၀င်ငွေက အများကြီးကွာလာမယ်။ အရည်အသွေးလည်း တက်လာမယ်။ တက်လာတဲ့ အရည်သွေးအတိုင်း ဈေးကလည်းရပြီ။ မျိုးကလည်း အထွက်နှုန်းမြင့်တဲ့ မျိုးဖြစ်မယ်ဆိုရင် လက်ရှိအခြေအနေမှာ ရော်ဘာခြံတွေက ပြဿနာသိပ်မရှိသေးဘူးလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက အမှားပေါင်းများစွာကို ပြင်နေရတဲ့ အခြေအနေပေါ့နော်။

■ မေး – ဒုတိယသမ္မတနဲ့ လုပ်ငန်းရှင်တွေ တွေ့တုန်းကလည်း တင်ပြထားတာရှိတယ်။ မွန်ပြည်နယ်အပြင် အခြားရော်ဘာအထွက်နှုန်းများတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရော်ဘာကုန်ကြမ်း၊ ကုန်ချောထုတ်လုပ်တဲ့ဇုန်တွေ ထူထောင်မယ့်ကိစ္စကိုလည်း ရှင်းပြပေးပါ။
ဖြေ – ရော်ဘာ Industrial Zone ပေါ့နော်။ ကျွန်တော်တို့တိုင်းပြည်မှာက ကုန်ချောထုတ်လုပ်တဲ့စက်ရုံတွေ အရမ်းနည်းတယ်။ တကယ်တမ်း ဖြစ်ဖြစ်မြောက်မြောက် ကြည့်လိုက်ရင် တာယာစက်ရုံအနေနဲ့ဆိုရင် ယခင်ကအစိုးရမှာ နှစ်ရုံရှိခဲ့တယ်။ သထုံတာယာစက်ရုံရယ်၊ ဘီးလင်းတာယာစက်ရုံရယ်။ ပြီးတော့ပုဂ္ဂလိက တာယာစက်ရုံပေါ့။ ရန်ကုန်တာယာဆိုပြီး သူကပေါ်လာခဲ့တယ်။ အခုနောက်ပိုင်းမှာ MEC က တာယာစက်ရုံတစ်ရုံ ပေါ်လာခဲ့တယ်။ အခု ရန်ကုန်တာယာကနေ ဘီးလင်းတာယာစက်ရုံကို နှစ်ရှည်ငှားရမ်းပြီးတော့ သူတို့ရေဒီရယ်တာယာတွေ ထုတ်နေတယ်။ မောတော်ဆိုင်ကယ်တာယာလည်း ထုတ်နေပြီ။ တကယ်တမ်း တာယာစက်ရုံလေးရုံမှာ ထုတ်လုပ်မှုတက်လာတာက ရန်ကုန်တာယာနဲ့ MEC က ထုတ်တာကပဲ တက်လာတယ်။ သထုံတာယာစက်ရုံက ဟိုးအရင်တုန်းက စက်ရုံအဟောင်းတွေ ဖြစ်တဲ့အခါကျတော့ ဌာနဆိုင်ရာသုံးလောက်ပဲ ထုတ်လုပ်နိုင်တယ်။ အဲဒါကိုကြည့်ရင် ပြည်တွင်းသုံးစွဲမှုက မတက်လာဘူး။ အဓိက က ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်တွင်းသုံးစွဲမှုတက်လာပြီး ကုန်ချောတွေ အမြောက်အမြားထုတ်လာရင် ကိုယ့်တိုင်းပြည်ကထွက်တဲ့ ရော်ဘာတွေသည်လည်း နိုင်ငံခြားကို Export ပို့ရတဲ့ကိစ္စတို့၊ အားကိုးရတဲ့ဟာတွေ အများကြီးလျော့သွားမယ်။ ဒီဘက်ကို ပြန်ကြည့်တဲ့ အခါကျတော့လည်း ပြည်တွင်းကို နိုင်ငံခြားကနေ စက်ရုံတွေ လာဆောက်တယ်ဆိုတာကလည်း ကျွန်တော်တို့ မြေယာလိုအပ်ချက်၊ အခြေခံအဆောက်အအုံ။ ပြီးတဲ့အခါကျတော့ ဥပဒေ။ ဥပဒေတွေက လိုအပ်နေတာ အများကြီးရှိနေတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်မှုနဲ့ လာမယ့်သူတွေက သူတို့က ကျွန်တော်တို့နိုင်ငံကနေထုတ်တဲ့ ကုန်ကြမ်းတွေသည် သူတို့လိုချင်တဲ့ အရည်အသွေးထွက်ပြီလား စဉ်းစားတယ်။ သူတို့လိုချင်တဲ့ အရေအတွက်ရော ရနိုင်ရဲ့လား။ အဲဒီဟာကို စဉ်းစားတဲ့အခါကျတော့ သူတို့လိုချင်တဲ့ အရေအတွက်ကတော့ ရနိုင်တယ်။ သို့သော်လည်း သူတို့လိုချင်တဲ့ အရည်အသွေးပိုင်းအနေနဲ့က ကျွန်တော်တို့ အများကြီး ကြိုးစားဖို့လိုသေးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က အတင်းမောင်းနှင်နေတာက နိုင်ငံတကာပေါက်ဈေးနဲ့အညီ ကျွန်တော်တို့ ဈေးကောင်းလည်းရအောင်၊ ပြည်တွင်းကိုလည်း နိုင်ငံခြားကနေပြီးတော့ ကုန်ချောစက်ရုံတွေ ၀င်ရောက်လာအောင်။ ကုန်ချောစက်ရုံတွေ ၀င်ရောက်လာရင် သူတို့လိုချင်တဲ့ ကုန်ကြမ်းတွေထုတ်ပေးနိုင်တဲ့အခါကျရင် အဲစက်ရုံတွေက ကျွန်တော်တို့ကုန်ကြမ်းတွေကို နိုင်ငံတကာပေါက်ဈေးနဲ့ပဲဝယ်ရမှာ။ နိုင်ငံတကာပေါက်ဈေးနဲ့ ၀ယ်တဲ့အခါကျရင် သူတို့တိုင်းပြည်ကိုပို့ရတဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေက အများကြီး သူတို့သက်သာသွားတဲ့အတွက်မို့ ကျွန်တော်တို့တိုင်းပြည်က ကုန်ကြမ်းတွေကို အမြောက်အမြား သုံးပေးလို့ရတာပေါ့။ အဲဒီတော့ ရော်ဘာအမြောက်အမြား စိုက်ပျိုးတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ ရော်ဘာ Industrial Zone တွေ ဖော်ဆောင်ပေးဖို့။ အဲဒီလိုဖော်ဆောင်ပြီးတဲ့အခါကျရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာရောက်စက်ရုံတည်ထောင်မယ်လို့ ပြည်တွင်းက MIC နဲ့ စက်ရုံတွေတည်ထောင်ဖို့ လုပ်တဲ့အခါကျရင် မြေတို့၊ အခြေခံအဆောက်အအုံတွေ ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ မြန်မြန်ဆန်ဆန်နဲ့ အကောင်အထည် ဖော်ဆောင်နိုင်တာပေါ့။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှုအဆင့်ဆင့်ကို တွေ့ရစဉ်

■ မေး – အမျိုးသားပို့ကုန် မဟာဗျူဟာကဏ္ဍမှာလည်း ရော်ဘာကဏ္ဍကို ထည့်ထားတယ်။ ဒီလိုဆောင်ရွက်နေတဲ့ ကာလအတွင်းမှာ ရော်ဘာကဏ္ဍကနေပို့ကုန်ကို ဘယ်လောက်မြှင့်တင်ပေးနိုင်ခဲ့လဲ။
ဖြေ – အဓိကတော့ အခုအကောင်အထည်ဖော်နေတာတွေက NES (National Export Strategy) မှာပါတဲ့အတိုင်းကို အကောင်အထည်ဖော်နိုင်ရင် ကျွန်တော်တို့နိုင်ငံအတွက် ရော်ဘာကဏ္ဍက ပြီးပြည့်စုံတဲ့ကဏ္ဍတစ်ခု ဖြစ်သွားပြီ။ NES ရဲ့ လုပ်ငန်းစဉ်အတိုင်းကို အကောင်အထည်ဖော်ရာမှာ Quality Control တို့ Quantity Control တို့ဆက်သွားနေတာပေါ့။ လက်ရှိ တကယ်တမ်းပြောရမယ်ဆိုရင် နိုင်ငံခြားကို Export လုပ်နေတာက ခါတိုင်း ကျွန်တော်တို့ နှစ်စဉ်နှစ်စဉ်ပေါ့။ တန်ချိန် ရှစ်သောင်း၊ ကိုးသောင်းဝန်းကျင်။ ဒါပဲသွားနေတာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၄၀၀၀၀ အထိ Export တက်လာတယ်။ ဒါကလည်း ပြည်တွင်းကထုတ်လုပ်မှု တိုးတက်လာတာတွေရယ် တရားမ၀င်တင်ပို့မှု ထိန်းချုပ်လာနိုင်တဲ့ အခြေအနေရှိလာတော့ တရားဝင်တင်ပို့မှုတွေ တက်လာတာ။

■ မေး – နေပြည်တော်မှာ ပထမဆုံးရော်ဘာဖိုရမ် လုပ်သွားတာလည်းရှိတယ်။ အဲဒီကနေပြီးတော့ ဘယ်လိုအကျိုးကျေးဇူးတွေရရှိခဲ့လဲ။ နောက်ထက်ရော ဆက်လုပ်သွားဖို့ရှိလား။
ဖြေ – ရော်ဘာဖိုရမ်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ နှစ်ရှည်စက်မှုသီးနှံနဲ့ ပူးပေါင်းပြီးတော့ လုပ်တာပေါ့နော်။ ကျွန်တော်တို့ဆီမှာ ရော်ဘာဖိုရမ်ဆိုတာ တစ်ခါမှမရှိခဲ့ဘူးပေါ့။ ရော်ဘာကဏ္ဍအနေနဲ့လည်း နိုင်ငံတော်ကပံ့ပိုးရမယ့် အစီအစဉ်တွေက များလာတယ်။ ရော်ဘာကဏ္ဍ တိုးတက်လာတဲ့အခါကျတော့ အဲဒါတွေကိုလည်း နိုင်ငံတော်အဆင့်အနေနဲ့ပေါ့နော်။ ထဲထဲဝင်ဝင်သိရှိပြီး ဆောင်ရွက်ပေးနိုင်ဖို့လည်း ရည်ရွယ်တာပေါ့။ လက်ရှိလုပ်နေတဲ့ အခြေအနေတွေ၊ ဆက်လက်သွားမယ့် အခြေအနေတွေ။ အဲဒီဟာတွေကအတွက် ကျွန်တော်တို့ ပုဂ္ဂလိကခြံရှင်တွေအနေနဲ့ ဘယ်လိုမျိုးအားစိုက်ပြီးတော့၊ ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားသင့်တယ်။ ပြီးတော့ သက်ဆိုင်ရာအစိုးရ ဌာနအသီးသီးက ဘယ်လိုပံ့ပိုးသင့်တယ်။ ဘာတွေလုပ်ပေးသင့်တယ်။ အခုနောက်ပိုင်းကျတော့ နိုင်ငံတကာမှာ ခေတ်စားလာတာက Substainable Natural Rubber ပေါ့။ သူက အချက်ငါးချက်ရှိတယ်။ ရော်ဘာမျိုးကောင်း မျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးပြီး အထွက်နှုန်းတိုးမြင့်အောင် လုပ်မယ်၊ ထွက်လာတဲ့ပစ္စည်းတွေကို အရည်အသွေး မြင့်သည်ထက်မြင့်အောင် လုပ်ရမယ်။ ရော်ဘာစိုက်ပျိုးတဲ့ မြေတွေသည် သစ်တောမြေမဖြစ်ရဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့ကိစ္စမျိုး၊ သစ်တောကိုထိခိုက်တဲ့ဟာမျိုး မဖြစ်ရဘူး။ ရော်ဘာထုတ်လုပ်တဲ့နေရာမှာ သုံးစွဲတဲ့ရေသည် လိုအပ်တာထက် ပိုမိုသုံးစွဲတာမရှိရဘူး။ စွန့်ပစ်ရေသည်လည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ပြန်လည်သန့်စင်ပြီးတော့မှ စွန့်ပစ်ရမယ်။ အဓမ္မလုပ်သားစေခိုင်းပြီးတော့ မလုပ်ရဘူး။ ကလေးလုပ်သား စေခိုင်းခြင်းမရှိရဘူး။ အဲဒီအချက်ငါးချက်နဲ့ညီမှသာ ကမ္ဘာ့ကုန်ချောထုတ်တဲ့ စက်ရုံတွေ၊ တာယာထုတ်လုပ်တဲ့ စက်ရုံကြီးတွေက အဲဒါနဲ့ကိုက်ညီတဲ့၊ ထုတ်လုပ်တဲ့ရော်ဘာကိုသာလျှင် ၀ယ်ပါ့မယ်ဆိုတဲ့အချက်ကို တာယာစက်ရုံကြီးတွေကလည်း Bridge Stone တို့၊ Yoko-hama တို့၊ Michelin တို့။ သူတို့တွေကလည်း လိုက်နာပါ့မယ်လို့ ကတိက၀တ် ပေးထားပြီးပြီ။ နောက်ပိုင်း ရော်ဘာထုတ်လုပ်တဲ့အခါမှာ အဲဒီအချက်တွေနဲ့ ကိုက်ညီအောင် ထုတ်လုပ်ရမယ်ဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့ဖိုရမ်မှာ အသိပေးပြောကြားတာပေါ့။ ဒီလိုဖိုရမ် ကျင်းပတဲ့အတွက် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆက်ပြီးလုပ်ရမယ့် အလားအလာတွေ အများကြီးမြင်လာရတာပေါ့။ ရန်ကုန်တာယာစက်ရုံတို့၊ သထုံစက်ရုံတို့၊ MEC တာယာစက်ရုံတွေက သူတို့စက်ရုံတွေကနေပြီးတော့ တစ်နှစ် သူတို့ရဲ့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအတွက် လုံလောက်တဲ့ကုန်ကြမ်း ရရှိပြီဆိုရင် ဆက်ပြီးတော့ မ၀ယ်တော့ဘူး။ အဲဒီအခါကျရင် ကျွန်တော်တို့က အရည်အသွေးမြင့်တွေ အမြောက်အမြား ထုတ်ပေမယ့်လည်း ဈေးကွက်မှာရောင်းရတာ အကန့်အသက်ရှိတယ်ပေါ့နော်။ အခုကျတော့ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ကျွန်တော်တို့ မြန်မာပြည်ကို South Land Myanmar ကုမ္ပဏီဆိုပြီးတော့ ကုမ္ပဏီအကြီးတစ်ခုပေါ့နော် MIC ခွင့်ပြုချက်နဲ့ သီလ၀ါမှာစက်ရုံ စတင်နေပြီ။ အဲဒီကုမ္ပဏီက ရော်ဘာကိုသာ အရည်အသွေးပြည့်ပြီး ကောင်းအောင်သာထုတ်။ ထုတ်သလောက် သူတို့ဝယ်မယ်။ ဈေးကွက်ရဲ့ ကန့်သတ်ချက်မရှိတော့ဘူး။

■ မေး – ဒီလိုဈေးကွက် အလားအလာကောင်းတွေ ပေါ်ထွန်းလာပြီဖြစ်တဲ့အတွက် ရော်ဘာစိုက်ပျိုးသူတွေက ဘယ်လိုပြင်ဆင်သင့်လဲ။ နိုင်ငံတော်ကရော ဘယ်လိုပံ့ပိုးမှုတွေကို လုပ်ပေးသင့်လဲ။
ဖြေ – အဓိကတော့ ကျွန်တော်တို့ခြံရှင်တွေက အထူးသဖြင့်ပေါ့။ ခြံငယ်ရှင်မှာ ရော်ဘာထုတ်တဲ့နေရာမှာ တစ်စိုက်မတ်မတ် ဦးစားပေးပြီးတော့ ထုတ်ဖို့လိုလာပြီပေါ့။ အဲဒါတွေထုတ်ဖို့လည်း ပြည်နယ်နဲ့တိုင်းက ၀န်ကြီးချုပ်တွေနဲ့ ကျွန်တော်တို့တွေ့ဆုံပြီး Group Procession တွေလုပ်ဖို့အတွက် အရည်သွေးမြင့် ရော်ဘာထုတ်ဖို့ အတွက်ကတော့ ခြံငယ်တွေ ၁၀ ဧက၊ ၁၅ ဧကပိုင်တဲ့ ခြံငယ်ရှင်တွေကျတော့ သူတို့က စက်ရုံတို့၊ မှိုင်းရုံတို့ဆောက်ဖို့ ငွေကြေးအနေနဲ့ မပြည့်စုံဘူးပေါ့နော်။ ပြီးတော့ အစိုးရအနေနဲ့ ပံ့ပိုးရင်လည်း ၁၀ ဧက၊ ၁၅ ဧကကို မှိုင်းရုံတစ်ရုံ၊ စက်ရုံတစ်ရုံ ဆောက်ပေးရမယ်၊ ပံ့ပိုးရမယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး။ Group Procession ပေါ့။ ဒါက ဧက ၃၀၀၊ ၄၀၀ လောက်ကို တစ်ဖွဲ့ဖွဲ့လိုက်ပြီး အဲဒီအဖွဲ့ကြီးတစ်ဖွဲ့ကို ရော်ဘာ Procession လုပ်မယ့် စက်ရုံကြီးတစ်ရုံ တည်ဆောက်ပေးတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ပေး။ နိုင်ငံတော်ကပံ့ပိုးမှုနဲ့ ချေးငွေတို့ ဘာတို့နဲ့ဆောက်ပေးလိုက်။ ဧက ၄၀၀၊ ၅၀၀ ရဲ့ ပစ္စည်းတွေက ဒီမှာပဲလာပြီးတော့ Procession လုပ်မယ်ဆိုရင် အရည်အသွေးလည်းရမယ်။ ထွက်လာတဲ့ပစ္စည်းတွေ တစ်ပြေးညီဖြစ်မယ်။ အခုဟာက ကျွန်တော်တို့ဆီမှာက RSS-3 သာပြောတယ်။ RSS-3 က ၁၀ မျိုးလောက်ဖြစ်နေတယ်။ အဲဒီလိုယူနီဖောင်းဖြစ်လာရင် ထိုင်းက ကမ္ဘာမှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံး။ ထိုင်းရဲ့ တစ်နှစ်တစ်နှစ် ထုတ်လုပ်တဲ့တန်ချိန်က တန်ချိန်လေးသန်း အထက်မှာ ထုတ်လုပ်နေတယ်။ ကျွန်တော်တို့က နှစ်သိန်းကျော်ပဲ ရှိသေးတယ်။ တန်ချိန်လေးသန်းကျော် ထွက်ပေမယ့်လည်း သူဆီမှာက စကတည်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၊ ၇၀ လောက်ကတည်းက စနစ်တကျနဲ့ သွားထားတဲ့အခါကျတော့ ဥပမာ Rubber Board (ရော်ဘာဘုတ်အဖွဲ့) တွေရှိတယ်။ Research တွေရှိတယ်။ အဲဒီရော်ဘာဘုတ်တွေကနေပြီးတော့ Export သွားတဲ့သမျှကို Self-Fund တွေထူထောင်ပြီးတော့ ကောက်ထားတယ်။ အဲဒီ Fund နဲ့ သူကခြံငယ်ရှင်တွေကို ဥပမာ ၁၅ ဧကရှိတဲ့ ခြံငယ်ပေါ့။ သူ့ခြံက နှစ် ၂၅ နှစ်ရှိသွားပြီ။ အထွက်နှုန်းလည်း နိမ့်သွားပြီ။ မျိုးအသစ်နဲ့ ပြန်လည်အစားထိုးပြီး စိုက်ချင်တယ်ဆိုရင် အဲဒီဘုတ်အဖွဲ့ကို လျှောက်လိုက်ရင် ဟိုကဆင်းစစ်လို့ ကိုက်ညီပြီဆိုတာနဲ့ ဒီအပင်တွေကို ခုတ်လိုက်။ အဲဒီခုတ်လို့ရတဲ့ပိုက်ဆံကို ခြံပိုင်ရှင်ကယူထား။ Self-Fund နဲ့ အသစ်စိုက်ပေးတယ်။ တစ်ခြံလုံးကို မျိုးကောင်းမျိုးသန့်ကို အပြည့်စိုက်ပေးတယ်။ ပြီးရင် နှစ်စဉ် နှစ်စဉ် ပေါင်းရှင်းစရိတ်၊ မြေသြဇာကျွေးတဲ့စရိတ်၊ ထိန်းသိမ်းတဲ့စရိတ် အဲဒါကနေပြီးတော့ အကုန်အကျ ခံပေးထားတယ်။ ခြောက်နှစ်ပြည့်လို့ ၀င်ငွေပြန်ရလာပြီဆိုတဲ့အခါမှ ဒီထောက်ပံ့ကြေးကို ရပ်လိုက်တယ်။ အဲဒီခြံရှင်က ဒီငွေကိုပြန်ဆပ်စရာမလိုဘူး။ ခြံရှင်အနေနဲ့ ခြောက်နှစ်တာ စားဝတ်နေရေး ပူစရာမလိုတော့ဘူး။ ဒီခြံကို ပြန်လည်ထူထောင်တဲ့အခါမှာလည်း ငွေကြေးအားဖြင့် သူကစိုးရိမ်စရာလည်းမလိုဘူး။ ချေးစရာလည်းမလိုဘူးဆိုတော့ တောင်သူတွေရဲ့ဘ၀က အရမ်းအဆင်ပြေတာပေါ့။ ထိုင်းမှာ အဲဒီလိုလုပ်ပေးတယ်။ သူတို့ထိုင်းကထွက်လာတဲ့ ရော်ဘာတွေဟာ အရည်အသွေးကောင်းတယ်။ အဲဒီတော့ နိုင်ငံတကာကနေပြီးတော့ ရော်ဘာဝယ်တဲ့အခါကျရင် ကျွန်တော်တို့ မလေးရှားတို့၊ အင်ဒိုနီးရှားတို့၊ ဗီယက်နမ်တို့ ကျွန်တော်တို့ တိုင်းပြည်တွေကနေပြီးတော့ ၀ယ်တာနဲ့ ထိုင်းနိုင်ငံကနေ၀ယ်တာ မတူဘူး။ ထိုင်းနိုင်ငံကပစ္စည်းကို ၀ယ်တဲ့အခါကျရင် ဈေးပိုပေးရတယ်။ Premium ဖြစ်သွားတယ်။ သူတို့လုပ်သလို ကျွန်တော်တို့ရော မဖြစ်နိုင်ဘူးလား။ အဲဒီ Drive ကို အတင်းသွားနေတာပေါ့။

■ မေး – လက်ရှိမှာက ရော်ဘာတင်ပို့တာက အာရှဈေးကွက်ပဲရှိနေတယ်။ ဥပရောပတို့ အခြားဘက်တွေ တင်ပို့မယ်ဆိုရင် ဘယ်လိုကွာခြားမှုရှိလဲ။
ဖြေ – ဘယ်လိုကွာလဲဆိုရင် ကျွန်တော်တို့လည်း အစတုန်းကတော့ ငါတို့သည် တရုတ်ကို ရောင်းမယ့်အစား အင်္ဂလန်ကိုရောင်းရင် ဈေးပိုရမယ်။ ဂျာမနီကိုရောင်းရင် ဈေးပိုရမယ်။ အမေရိကန်ကိုရောင်းရင် ဈေးပိုရမယ် အဲဒီလိုတော့ စဉ်းစားခဲ့ကြတာပေါ့။ တကယ်တမ်း ပြန်လေ့လာတဲ့အခါကျတော့ တစ်ကမ္ဘာလုံးရဲ့ ရော်ဘာကုန်ကြမ်း အသုံးအများဆုံးက တရုတ်နိုင်ငံပဲ။ အ၀ယ်ဆုံးကလည်း တရုတ်နိုင်ငံပဲ။ ဥရောပကိုပို့မယ်။ ရတဲ့ဈေးနဲ့ သယ်ယူပို့ဆောင်စရိတ်တွက်ရင် တရုတ်ကိုပို့တဲ့ ဈေးလောက်တောင် မကျန်ဘူး။ ဥရောပကိုပို့လို့ ကျွန်တော်တို့တန်းတစ်ခုအနေနဲ့ တက်သွားမယ်။ ပြီးတော့ ငါ့ပစ္စည်းက ဥရောပကို သွားတယ်ဆိုတဲ့ နာမည်တော့ရှိနိုင်တယ်။ ငွေကြေးအားဖြင့်က တကယ်တမ်းက တရုတ်ကို ပို့သလောက် ဥရောပကိုပို့တဲ့ဟာက သိပ်မထူးခြားဘူး။ အဲဒီအတွက် ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ အ၀ယ်ဆုံးလည်းဖြစ်တယ်။ တရုတ်ကလည်း အရည်အသွေး ကောင်းရင်ကောင်းသလို ဈေးပေးဝယ်တယ်။ တရုတ်နိုင်ငံမှာလည်း နိုင်ငံတကာကလာတဲ့ ရင်းနှီးမြှုပ်နှံမှုစက်ရုံတွေ အများကြီးလည်း လုပ်နေကြတာတွေရှိတယ်လေ။

■ မေး – နောက်ပိုင်းမှာ အရည်အသွေးက အရေးကြီးလာပြီဖြစ်တော့ ရော်ဘာစိုက်ပျိုးတဲ့သူတွေကိုရော ဘယ်လိုအကြံပြုချင်လဲ။
ဖြေ – အဓိကတော့ ရော်ဘာစိုက်ပျိုးတဲ့သူတွေကို ကျွန်တော်တို့က စစိုက်တဲ့အချိန်မျိုး ရွေးချယ်မှုမမှားယွင်းဖို့၊ မှန်ကန်ဖို့ မျိုးရွေးချယ်မှု မှန်ကန်မှ ဒါကအထွက်နှုန်းမြင့်မှာ။ အထွက်နှုန်းမြင့်မှ တကယ်တမ်းရော်ဘာဈေးတွေ ကျတဲ့အခါကျတော့ ဒီဈေးကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိမှာ။ အထွက်နှုန်းမြင့်ပြီးတော့ မိမိစိုက်ပျိုးမယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးပေါ့။ ရာသီဥတုဒဏ် ခံနိုင်တဲ့မျိုးတွေ ရွေးချယ်စိုက်ပျိုးဖို့ရယ်။ နောက်ပြီး ထုတ်လုပ်တဲအခါမှာလည်း ပစ္စည်း RSS ထုတ်တဲ့အခါမှာလည်း ဒါအရည်သွေးကောင်းတဲ့ပစ္စည်းကို ဂရုတစိုက်နဲ့ ထုတ်ကြဖို့ပေါ့။ အခုဟာက ထုတ်သလောက်ကို ၀ယ်မယ့်ဈေးကွက်က ကျွန်တော်တို့မှာရှိနေပြီ။ တောင်သူတွေ ထုတ်ဖို့ပဲလိုတော့တယ်။ ဟိုတုန်းကတော့ တောင်သူတွေ အမြောက်အမြားထုတ်လာရင် ၀ယ်မယ့်ဈေးကွက်မရှိလို့ ကျွန်တော်တို့က ပြန်စိုးရိမ်အခြေအနေ ဖြစ်ခဲ့တယ်။ အခုကတော့ စိုးရိမ်စရာအကြောင်းမရှိဘူး။ ဈေးကွက်က အဆင်သင့်ရှိတယ်။ အဓိကတော့ အရည်အသွေးကောင်းအောင် လုပ်ပြီး ထုတ်သာထုတ်ပါ။ Group Procession တွေဖြစ်ဖို့ တောင်သူတွေက ကြိုးစားဖို့လိုသလို နိုင်ငံတော်ဘက်ကလည်း ပံ့ပိုးပေးဖို့ အများကြီးလိုတာပေါ့နော်။ ချေးငွေဆိုလည်း ကျွန်တော်တို့ ရော်ဘာကဏ္ဍက ရရှိတာ အရမ်းနည်းပါတယ်။ ကန့်သန့်မှုအချက်တွေက တအားများတယ်။ အဲဒါတွေအတွက်ကို ရော်ဘာကဏ္ဍအတွက် အစီအစဉ်တစ်ခုအနေနဲ့ ဖြေလျှော့ပြီးတော့ ငွေကြေးထောက်ပံ့မှုတို့ အစစအရာရာ နိုင်ငံတော်က ထောက်ပံ့မှုတွေလည်း လုပ်ပေးဖို့ အများကြီးလိုအပ်ပါတယ်။ အစက ဆန်စပါးပြီးရင် ပဲ၊ နှမ်းပေါ့။ ဒါတွေပြီးမှ ရော်ဘာလာတာ။ အခုက ပဲ၊ နှမ်းက သိပ်အခြေအနေ မဖြစ်တဲ့အခါကျတော့ ရော်ဘာကဏ္ဍကို တက်လာအောင်တင်ပေးရင် နိုင်ငံတော်ရဲ့ ၀င်ငွေအခွန်အခတွေရော အများကြီးရရှိလာမှာ နိုင်ငံတော်အနေနဲ့ တောင်သူငယ်တွေကို ထိထိရောက်ရောက် ပံ့ပိုးပေးစေလိုပါတယ်။

May 6, 2018














Copy Protected by Chetan's WP-Copyprotect.