ဝင့်ယမုံလှိုင်နှင့် တွေ့ဆုံခြင်း

ဝင့်ယမုံလှိုင်နှင့် တွေ့ဆုံခြင်း
Published 6 May 2018

MRTV-4 က ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ မျိုးဆက်သစ် အနုပညာရှင်တွေထဲမှာ ဝင့်ယမုံလှိုင်လည်း တစ်ဦးအပါအဝင်ပါ။ သူမရဲ့သရုပ်ဆောင်မှုတွေကို ပရိသတ်တွေရော အနုပညာ အသိုင်းအဝိုင်းက လက်ခံအားပေးခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ပြင်ပထုတ်လုပ်ရေးတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေကိုပါ ရိုက်ကူးခွင့်ရခဲ့သူပါ။ မေလထဲမှာတော့ ပန်းသခင် ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ရုံတင်မယ့် ဇာတ်ကားဖြစ်ပြီး သူမပါဝင် သရုပ်ဆောင်ထားတဲ့ ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ ကြည့်ရှုရတော့မှာဖြစ်တာကြောင့် ဝင့်ယမုံလှိုင်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ ‘မေတ္တာထားတာအဟုတ်ကိုပဲ’ ဇာတ်ကားနဲ့ပတ်သက်တဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ အမှတ်တရတွေ၊ ရင်ခုန်သံတွေကို မေးမြန်းဖြစ်ခဲ့ပါတယ် ...

■ မေး - လက်ရှိတလော အနုပညာလှုပ်ရှားမှုတွေအကြောင်းကို အရင်သိပါရစေ။

ဖြေ - လက်ရှိမှာက MRTV-4 က စီစဉ်ရိုက်ကူးနေတဲ့ “စိတ်၏ခြေရာ” ဇာတ်လမ်းတွဲမှာပါဝင် သရုပ်ဆောင်နေပါတယ်။ ပြီးရင် ညီမပါဝင်သရုပ်ဆောင်ထားတဲ့ ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဒီမေလထဲမှာ ရုံတင်ပြသသွားဖို့ ရှိပါတယ်။

■ မေး - လက်ရှိရိုက်ကူးနေတဲ့ ‘စိတ်၏ခြေရာ’ ဇာတ်လမ်းတွဲမှာ ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ ပါဝင်သရုပ်ဆောင်ထားလဲ။

ဖြေ - ဒီဇာတ်လမ်းတွဲလေးက ခေတ်နှစ်ခေတ်ပုံစံလေးပါ။ ဟိုအရင်ခေတ် အတိတ်ဘဝတစ်ခုနဲ့ ဒီဘက်ခေတ်လက်ရှိဘ၀ နှစ်ဘဝပုံစံမျိုး ပါဝင်သရုပ်ဆောင်ရတယ်။ အရင်ခေတ်က မြန်မာအမျိုးသမီးရဲ့ ပုံစံမျိုးရော ဒီဘက်ခေတ် အမျိုးသမီးရဲ့ ပုံစံမျိုးလေးတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

■ မေး - မေတ္တာထားတာအဟုတ်ကိုပဲ ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးနဲ့ ပါဝင်သရုပ်ဆောင်ထားလဲ။

ဖြေ - ပရိသတ်တွေ မကြာခင်ကြည့်ရတော့မယ့် ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားလေးက အချစ်ဟာသဇာတ်ကားလေးပါ။ အဲဒီဇာတ်ကားလေးထဲမှာ ညီမက ပျော်ပျော်နေတတ်တဲ့ ခေတ်လူငယ်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ လူငယ်တွေကြား အချစ်ဇာတ်လမ်းလေးကို ဟာသနဲ့တွဲဖက်ပြီး ပုံဖော်ထားတာပါ။ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေးပါပဲ။

■ မေး - ဒီဇာတ်ကားရုံတင်တော့မယ်ဆိုတဲ့ အခါမှာရော ညီမအနေနဲ့ ရင်ခုန်သံဘယ်လိုရှိလဲ။

ဖြေ - ဟာသဇာတ်လမ်းအနေနဲ့ကတော့ ညီမအတွက် ပထမဆုံးရုံတင်မယ့် ဇာတ်ကားပါ။ ကိုယ့်အတွက် ပထမဆုံး ဟာသပုံစံမျိုးဖြစ်တဲ့အတွက်လည်း ရင်ခုန်ပါတယ်။

■ မေး - ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားမှာ ဝါရင့်အနုပညာရှင်တွေ အများကြီးပါတာဆိုတော့ ရိုက်ကူးတုန်းက အမှတ်တရတွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ - ဟုတ်ပါတယ်။ ဒီဇာတ်ကားမှာက ဝါရင့်အနုပညာရှင်တွေ အများကြီးနဲ့ တွဲဖက်သရုပ်ဆောင်ရတာဖြစ်လို့ ကိုယ့်အတွက် ပညာတွေလည်း အများကြီးရပါတယ်။ အဲဒီတုန်းက ရိုက်ကွင်းမှာဆိုလည်း လူတွေအများကြီး စုံနေတော့ ပျော်စရာကောင်းခဲ့ကြတယ်။ အန်တီဆင့်(မေသန်းနု)တို့ မခိုင်လေး(ခိုင်သင်းကြည်)တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ရင်းနဲ့ အမှတ်တရတွေလည်း ရှိသလို ပညာတွေလည်း ရခဲ့တယ်။

■ မေး - ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားမှာ ကိုယ်ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ ကိုယ့်သရုပ်ဆောင်မှုအပေါ်မှာရော ကျေနပ်အားရမှုရှိခဲ့လား။

ဖြေ - ညီမနေနဲ့ အကောင်းဆုံး လေ့လာသင်ယူခဲ့ပါတယ်။ ကိုယ်တတ်စွမ်းသလောက်တော့ အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်ခဲ့တာဖြစ်လို့ ကိုယ့်ကိုကိုယ်တော့ ကျေနပ်မှုရှိပါတယ်။ ကျန်တာကတော့ ပရိသတ်တွေရဲ့ ဝေဖန်အားပေးမှုတွေက အရေးပါပါတယ်။

■ မေး - ခုချိန်မှာ ကိုယ်ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်တွေ အတော်စုံလောက်ပြီဆိုတော့ ဘယ်လိုဇာတ်ရုပ်မျိုးကို ပိုပြီးနှစ်သက်လဲ။

ဖြေ - ကိုယ်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ကတော့ အရမ်းကြီးမစုံသေးပါဘူး။ ကိုယ်တိုင်က လုပ်ချင်တဲ့ဇာတ်ကောင်စရိုက်တွေလည်း အများကြီးရှိသေးတယ်။ ကိုယ်လုပ်ခွင့်ရချင်တာတွေ အများကြီး ရှိပါသေးတယ်။ လုပ်ခဲ့သမျှ အနုပညာအလုပ်တိုင်းမှာ လုပ်ခွင့်ရသလောက် ယမုံအနေနဲ့ အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်ခဲ့တာဖြစ်လို့ ကိုယ့်ရဲ့ကြိုးစားမှုအပေါ်မှာ အတိုင်းအတာတစ်ခုထိတော့ ကျေနပ်ပါတယ်။ ဒါပေမယ့်လည်း ဒီထက်ပိုပြီးကောင်းအောင် ကြိုးစားဖို့လည်း လိုအပ်နေပါသေးတယ်။

■ မေး - ခုနောက်ပိုင်းမှာ ရုပ်သံဇာတ်လမ်းတွဲတွေရော၊ ရုပ်ရှင်ဇာတ်ကားတွေရော ပရိသတ်စိတ်ဝင်စားမှု ပိုများလာသလို ရိုက်ကူးမှုတွေလည်း ပိုများလာတာဆိုတော့ ညီမအနေနဲ့ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဘယ်ဘက်ကို ပိုပြီးရိုက်ကူးချင်လဲ။

ဖြေ - ယမုံတို့အနေနဲ့ကတော့ အဲဒီလိုမျိုးတွေ မရှိပါဘူး။ ကိုယ့်ကိုလာပြီး ကမ်းလှမ်းလာတဲ့အပေါ်မှာပဲ ကြိုးစားပြီး လက်လှမ်းမီသလောက် အကောင်းဆုံးကြိုးစားပါတယ်။ ဇာတ်လမ်းတွဲရော ရုပ်ရှင်ရော နှစ်ခုစလုံးကကိုယ့်အတွက် ပညာတွေရော အလုပ်ရောရတာဖြစ်လို့ ဘယ်ဟာမဆိုကြိုးစားပြီး ရိုက်ကူးပါတယ်။ ဒါပေမယ့် ညီမအနေနဲ့ကတော့ MRTV-4 နဲ့စာချုပ်ရှိနေတာဖြစ်လို့ ဇာတ်လမ်းတွေကတော့ အမြဲလိုလို ရိုက်ကူးဖြစ်နေပါတယ်။

■ မေး - “မေတ္တာထားတာ အဟုတ်ကိုပဲ” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ- “မေတ္တာထားတာ အဟုတ်ကိုပဲ” ဇာတ်ကားလေးမှာ အနုပညာရှင်၊ အတတ်ပညာရှင်တွေ အများကြီးက အကောင်းဆုံး ကြိုးစားထားကြပါတယ်။ ပရိသတ်တွေအတွက် ပျော်ရွှင်ကြည်နူးမှုတွေပေးနိုင်မယ့် ဟာသဇာတ်ကားကောင်းလေးဖြစ်တာမို့ ပရိသတ်တွေအနေနဲ့ ကြည့်ဖြစ်အောင် လာပြီးကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်ပါတယ်။

Most Read

Most Recent