ဒါရိုက်တာအာကာနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာအာကာနှင့် တွေ့ဆုံခြင်း
Published 25 April 2018

‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားမှာ မေ ၄ ရက်တွင် စတင်ပြသတော့မည်ဖြစ်သည်။ လူငယ်ဒါ ရိုက်တာအာကာ၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အက်ရှင်စွန့်စားခန်းဇာတ်ကား အမျိုးအစားဖြစ်ကာ ထူးခြားသည့် ဆက်တင်တည်ဆောက်မှုများ၊ နေရာဒေသများအား နောက်ခံထားကာ ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။ လူငယ်မျိုးဆက်သစ် အနုပညာရှင်များ၏ ဖန်တီးမှုများဖြင့် အချိုးအကွေ့တစ်ခု အသွင်ဆောင်လာသည့် မြန်မာ့ရုပ်ရှင်ခရီးလမ်းတွင် ပါဝင်လာသူ ဒါရိုက်တာအာကာနှင့်တွေ့ဆုံ၍ ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကား၏ ဖန်တီးမှု အတွေ့အကြုံများ၊ ထပ်မံဖန်တီးထားသည့် ‘ကြိုးဖုန်း’၊ ‘ကမ္ဘာနှစ်ထပ်’ ဇာတ်ကားများနှင့်ပတ်သက်၍ ဒါရိုက်တာအာကာနှင့် တွေ့ဆုံကာ မေးမြန်းဖြစ်ခဲ့သည်။

“ကျွန်တော်တို့ဘက်က ဖန်တီးမှုအသစ်တွေ ဖန်တီးတဲ့အပိုင်းကတော့ ပြီးသွားပြီ။ ပရိသတ်ဘက်က အားပေးတဲ့အပိုင်းပဲ လိုတော့တယ်ပေါ့နော်။ အဲဒီအတွက် အားပေးစေချင်တယ်”

■ မေး - Filmmaker တစ်ယောက်အဖြစ် ဇာတ်ကားတွေ ဖန်တီးဖြစ်ခဲ့တဲ့အကြောင်းလေး သိချင်ပါတယ်။

ဖြေ - ကျွန်တော်က စင်ကာပူမှာ အလုပ်သွားလုပ်နေတာပါ။ အဲဒီအလုပ်မှာ IT နယ်ပယ်နဲ့ ပတ်သက်လို့ အတွေ့အကြုံကောင်းတွေအပြင် ခရီးသွားလုပ်ငန်း အတွေ့အကြုံတွေလည်း ရခဲ့ပါတယ်။ တစ်ရက်မှာ အခြားနိုင်ငံက သူငယ်ချင်းတွေနဲ့အတူ ရုပ်ရှင်သွားကြည့်ရင်း မင်းတို့နိုင်ငံမှာရော အဲဒီလို ဇာတ်လမ်းကောင်းတွေ ရှိလားလို့ မေးကြတယ်။ ကျွန်တော်ကလည်း ရှိမှာပါလို့ပဲ ဖြေခဲ့တယ်။ အဲဒီအချိန်ကတည်းက တစ်ချိန်မှာတော့ နိုင်ငံတကာမှာ ပြသလို့ရတဲ့အထိ အရည်အသွေးမျိုးရှိတဲ့ မြန်မာဇာတ်ကားတွေ ဖန်တီးချင်တဲ့ စိတ်ကူးအိပ်မက်က စဝင်သွားခဲ့တာ။ အဲဒီလိုခံစားသွားရတဲ့ အချိန်မှာပဲ လူငယ်လည်းဖြစ်တော့ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်လည်းဖြစ်တယ်။ အဲဒါနဲ့ပဲ ဒါတွေလုပ်ဖို့ အရင်ဆုံး Research လုပ်တယ်။ ကိုယ်တိုင်အရင်လေ့လာတယ်။ နိုင်ငံတကာက ကျွမ်းကျင်သူတွေနဲ့ လက်တွဲပြီးတော့လည်း သင်ယူတယ်။ အွန်လိုင်းကတစ်ဆင့်လည်း လေ့လာတယ်။ အဲဒီလိုကနေမှ ကိုယ့်ဘာသာ အဆင်သင့်ဖြစ်ပြီလို့ထင်တဲ့အချိန်မှာ မြန်မာနိုင်ငံပြန်လာတယ်။ ကျွန်တော့်ညီ ရဲနောင်အတွက် ဗီဒီယိုတွေ ရိုက်ပေးဖြစ်တယ်။ Documentary တွေ၊ ကြော်ငြာတွေ အရင်ရိုက်တယ်။ လုံလောက်တဲ့ အတွေ့အကြုံတွေ လေ့လာခဲ့ပြီးမှ ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်ဖြစ်ခဲ့တာပါ။

■ မေး - ပထမဆုံးဇာတ်ကားကို ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကားမျိုး ရိုက်ဖြစ်တာကရော။

ဖြေ - ကျွန်တော်က အဲဒီလို အက်ရှင်စွန့်စားခန်း ဇာတ်ကားမျိုးကို သဘောကျတယ်။ ပြီးတော့ တကယ့်ကို ငွေကုန်ကြေးကျခံပြီး ကြည့်ရတဲ့ ပရိသတ်တွေအတွက်လည်း လုံးဝအသစ်ဖြစ်နေမယ့် ဖန်တီးမှုမျိုး လုပ်ချင်တာ။ အဲဒီအချိန်မှာ Golden Hour Entertainment က ထုတ်လုပ်သူ အစ်ကိုကလည်း ကျွန်တော့်ကို ယုံကြည်မှုအပြည့်နဲ့ ပေးလုပ်တယ်။ ကောင်းအောင်သာလုပ် ပိုက်ဆံအတွက် အများကြီး စဉ်းစားစရာမလိုဘူးပေါ့။ ဒီဇာတ်ကားအတွက် ဇာတ်လမ်းစပြီး ဖတ်ကတည်းက အရမ်းကြိုက်တာ။ ရုပ်ရှင်တစ်ကားစာအဖြစ်ပဲ ဖန်တီးရတာဖြစ်လို့ ချန်ခဲ့ရတဲ့ အပိုင်းတွေလည်းရှိတယ်။ မရိုက်ခင်မှာက တစ်ကားလုံးကို ရီဟာဇယ်လုပ်ခဲ့တယ်။ အဲဒီအတွက်လည်း သရုပ်ဆောင်တွေအားလုံးက စိတ်ရှည်လက်ရှည်နဲ့ ပါဝင်ပေးကြတယ်။ ဆက်တင်တွေ ဆောက်တယ်။ Location လည်း သေချာရှာဖွေပြီးမှ ရိုက်ခဲ့တယ်။ ဒီလို စနစ်တကျ ပြင်ဆင်ပြီးမှ ရိုက်ရတဲ့ Project ကြီးတစ်ခုကို ပထမဆုံးဇာတ်ကားအနေနဲ့ ဖန်တီးချင်တာကြောင့်ပါ။

■ မေး - တကယ်တမ်းရိုက်တဲ့အချိန်မှာရော မျှော်လင့်မထားတဲ့ အခက်အခဲမျိုးကြုံရတာ ရှိလား။

ဖြေ - ဒီဇာတ်ကားမှာပါဝင်တဲ့ Crew တစ်ခုလုံးက ကျွန်တော်နဲ့သုံးလေးနှစ် လက်တွဲထားတဲ့ Crew ဖြစ်တာကြောင့် အားလုံးက နားလည်ပြီးသားဖြစ်တယ်။ ဇာတ်ကားနဲ့ ပတ်သက်ရင်လည်း တစ်ကားလုံးစာ ရီဟာဇယ်တွေ လုပ်ထားတာကြောင့် အခက်အခဲ မရှိအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အားလုံးပြင်ဆင်ထားတယ်။ အဲဒီအတွက် အရမ်းကြီးခက်ခဲတာမျိုး မရှိခဲ့ဘူး။

■ မေး - သရုပ်ဆောင်တွေနဲ့ ပတ်သက်ရင်ရော စွန့်စားခန်းတွေကို အာရုံစိုက်ပြီး လုပ်ပေးခဲ့ကြတယ်နော်။

ဖြေ - ကျွန်တော် ဒီဇာတ်ကားကိုရိုက်မယ်ဆိုကတည်းက စိတ်တိုင်းကျ အချိန်အပြည့်အဝပေးနိုင်မယ့် သရုပ်ဆောင်တွေကို သေချာရွေးချယ်ခဲ့တာ။ ရီဟာဇယ်ကိုလည်း အပြည့်လုပ်ပေးကြသလို တကယ်ရိုက်တဲ့အချိန်မှာလည်း လိုအပ်တဲ့ နေရာတိုင်းမှာ အပြည့်အဝလုပ်ပေးတယ်။ ဒီဇာတ်ကားထဲမှာ ကားချင်းတိုက်တဲ့ ဇာတ်ဝင်ခန်းဆိုလည်း လူစားမထိုးထားဘဲ ရိုက်ကြရတာ။ တကယ့်ကိုအန္တရာယ်များတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတယ်။ ရိုက်နေရင်းနဲ့ ဆက်တင်တစ်ခုလုံး ပြိုကျသွားတဲ့ အဖြစ်အပျက်လည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သရုပ်ဆောင်တွေက Complaint တက်တာမျိုး မလုပ်ခဲ့ကြဘူး။ ဒီဇာတ်ကားအပေါ် စေတနာအပြည့်ထားကြသလို ကျွန်တော်တို့အပေါ်လည်း ယုံကြည်မှုအပြည့်ရှိခဲ့တယ်။ အဲဒီအတွက် တကယ့်ကို ကျေနပ်ခဲ့ရပါတယ်။

■ မေး - အခုဒီဇာတ်ကားရုံတင်တော့မယ့် အချိန်မှာ ပရိသတ်အားလုံးက အရမ်းစိတ်ဝင်စားကြတယ်။ အားပေးမယ်ဆိုတာမျိုးတွေလည်း ကြားနေရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုခံစားရလဲ။

ဖြေ - ကျွန်တော် အရမ်းပျော်တယ်။ ခွန်အားတွေလည်း အများကြီးရတယ်။ ကျွန်တော်မှမဟုတ်ဘူး။ ထုတ်လုပ်ရေးကလည်း အရမ်းခွန်အားတွေရတယ်။ ကျွန်တော်တို့မှာ နောက်ထပ်လုပ်မယ့် Project တွေလည်း အများကြီးရှိတယ်။ နိုင်ငံတကာနဲ့တွဲပြီးရိုက်မယ့် အစီအစဉ်တွေ၊ ဒုဋ္ဌဝတီကိုလွန်၍-၂ ရိုက်မှာမျိုးတွေပေါ့။ အဲဒါတွေကို ဇာတ်ကားရုံတင်လို့ ပရိသတ်အပြည့်အ၀ အားပေးခဲ့မယ်ဆိုရင် ဆက်လုပ်လို့ရသွားပြီ။ ဒါကြောင့် ပရိသတ်အားလုံးရဲ့ အားပေးမှုက တကယ်အရေးကြီးပါတယ်။

■ မေး - အခုဆိုရင် လူငယ်မျိုးဆက်သစ်တွေရဲ့ ဖန်တီးမှုအရွေ့တစ်ခုက ရုပ်ရှင်လောကမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုပေါ့။ အဲဒါကိုရော ဘယ်လိုမြင်လဲ။

ဖြေ - ပရိသတ်က အပြောင်းအလဲကို မြင်နေရတာပဲလေ။ ရုပ်ရှင်မှာပြောင်းလဲတာ အဆင့်ကျော်တယ်လို့တောင် ပြောလို့ရတယ်။ ကွာဟမှုတွေက အများကြီးပဲ။ ကောင်းသော ပြောင်းလဲခြင်းဖြစ်တာကြောင့် ပရိသတ်တွေက အားပေးကြသလို ရုံရှင်တွေကလည်း အများကြီး Support ပေးလာကြပါတယ်။ နောက်လည်း ဒီထက်ပိုကောင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဦးမှာပါ။ ဒီနှုန်းအတိုင်းသာသွားမယ်ဆိုရင် နောက်ငါးနှစ်လောက်မှာ မြန်မာ့ရုပ်ရှင်က တော်တော်ကောင်းလာမယ်လို့ ယုံကြည်တယ်။

■ မေး - အသစ်တစ်ယောက်အနေနဲ့ ရုပ်ရှင်လောကထဲဝင်တဲ့အခါ အဓိက ဘယ်လိုစိန်ခေါ်မှုတွေနဲ့ကြုံရလဲ။

ဖြေ - ဒါရိုက်တာမှ မဟုတ်ပါဘူး။ နယ်ပယ်တစ်ခုကိုရောက်လာတဲ့ အသစ်တိုင်းကတော့ အခက်အခဲကို ကြုံရတာပါပဲ။ မလုပ်ဖူးသေးတဲ့ အလုပ်ကိုစလုပ်တဲ့အခါ အခက်အခဲတွေ အများကြီးတွေ့ရတယ်။ စိန်ခေါ်မှုတွေ အများကြီးတွေ့ရတယ်။ ဇာတ်ကား ကွာလတီကောင်း တစ်ခုထွက်လာဖို့ဆိုရင် အချိန်တွေ အများကြီးပေးရတယ်။ အဆင့်တစ်ခုချင်းစီတိုင်းကို မကျော်ဘဲ ခွန်အားတွေ၊ အချိန်တွေပေးပြီး လုပ်ရတာပါ။ ဒါပေမဲ့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ လုပ်ဖြစ်တာပါ။

■ မေး - ဂျင်းကားမရိုက်ဘူးလို့ ပြောထားတယ်နော်။ အဲဒါနဲ့ပတ်သက်လို့လည်း ပြောပါဦး။

ဖြေ - ရုပ်ရှင်နဲ့ ဘယ်လိုလိမ်မလဲဆိုတော့ မြန်မြန်လုပ်မယ်။ မြန်မြန်ရုံတင်မယ်။ ပိုက်ဆံနည်းနည်းမြတ်တာ ယူလိုက်မယ်။ အဲဒီလို Passion မပါဘဲလုပ်တာက ကောင်းဖို့မရှိဘူး။ အဲဒီလိုမျိုးကြီး ကျွန်တော်မလုပ်ချင်ဘူး။ ကွာလတီကောင်းကောင်းလေးနဲ့ပဲ လုပ်ချင်တယ်။ ပိုက်ဆံရှာချင်တယ်ဆိုလည်း အပြင်မှာအများကြီး ရှာလို့ရပါတယ်။ ရုပ်ရှင်နဲ့တော့ စီးပွားမရှာချင်ဘူး။ ရုပ်ရှင်ဇာတ်ကားတွေကို ကျွန်တော်အနုပညာပိုင်းအရပဲ ဖန်တီးချင်တယ်။ တစ်နှစ်ကို တစ်ကား၊ နှစ်ကားလောက်ပဲ ရိုက်မယ်။ ကိုယ်တိုင်ကြိုက်နိုင်တဲ့ ဇာတ်ကားမျိုးတွေပဲ ဖန်တီးမှာပါ။

■ မေး - အာကာ နောက်ထပ်ရိုက်ထားတဲ့ ‘ကြိုးဖုန်း’ တို့ ‘ကမ္ဘာနှစ်ထပ်’ တို့ကတော့ အက်ရှင်ဇာတ်ကားမျိုး မဟုတ်ဘူးနော်။ နောက်ပိုင်းရော ဇာတ်လမ်းပုံစံစုံအောင် ရိုက်မှာလား။

ဖြေ - ကျွန်တော် တကယ်တမ်း အဓိကရိုက်ချင်တာတော့ အက်ရှင်စွန့်စားခန်းပုံစံတွေများတယ်။ ဒါပေမဲ့ ကျွန်တော်တို့သွားမယ့်ပုံစံက ‘ဒုဋ္ဌဝတီကိုလွန်၍’ လို Project ကြီးမျိုးတွေပါသလို ပရိသတ်အတွက် ဖျော်ဖြေရေးသီးသန့်ပဲပေးမယ့် ဇာတ်ကားမျိုးလေးတွေလည်း ပါမယ်။ အဲဒီလိုပဲခံစားမှု တစ်ခုခုဖြစ်စေမယ့် ဒရာမာဇာတ်ကားမျိုးလည်း ရိုက်ချင်တယ်။

■ မေး - ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်များရှိမလား။

ဖြေ - ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ဘက်က ဖန်တီးမှုအသစ် တွေဖန်တီးတဲ့အပိုင်းကတော့ ပြီးသွားပြီ။ ပရိသတ်ဘက်က အားပေးတဲ့အပိုင်းပဲ လိုတော့တယ်ပေါ့နော်။ အဲဒီအတွက် အားပေးစေချင်တယ်။

Most Read

Most Recent