<

မိုဆာလာနှင့် ဒိုမီနစ်ခ်ျကင်း၏ exclusive interview အပြည့်အစုံ

မိုဆာလာရဲ့လီဗာပူးလ်နဲ့အဖွင့်ရာသီက အံ့အားသင့်စရာကိန်းဂဏန်းတွေ၊ စံချိန်မှတ်တမ်းတွေနဲ့လှပခဲ့ပါတယ်။ ဒါပေမဲ့ သူက အလုပ်များများလုပ်ပြီး စကားနည်းနည်းပဲ ပြောတဲ့သူဆိုတော့ သူ့အကြောင်းအသေးစိတ်ကို ပရိသတ်တွေက ထိတွေ့ခွင့်သိပ်မရကြဘူး။ ပွဲတစ်ပွဲပြီးလို့ သူ့ကိုအင်တာဗျူးဖို့ ၀ိုင်းလာရင်တောင် နောက်တစ်ကြိမ်ပေါ့ဆိုတာလောက်ပဲ ပြောပြီး ရှောင်ပြေးလေ့ရှိတယ်။ ဒါကြောင့် သူ့ကို ဒိုမီနစ်ခ်ျကင်းက exclusive interview လုပ်တဲ့အချိန်မှာ မိုဆာလာပရိသတ်တွေရော၊ လီဗာပူးလ်ပရိသတ်တွေရော၊ ဘောလုံးအားကစားကို ချစ်မြတ်နိုးသူတွေပါ ခံစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

မေး – မို ရေ … ဂိုး(၄၀)ပြည့်သွားတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချင်လဲ။

ဖြေ – ခင်ဗျားလည်းသိပါတယ်။ ဒါက အဓိပ္ပါယ်အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်ပွဲတိုင်းဂိုးတွေသွင်းဖို့ကြိုးစားပါဦးမယ်၊ အသင်းကို ကူညီချင်တယ်ဆိုတာက နောက်ဆုံးပြောချင်တဲ့စကားပါပဲ။ အမှတ်တွေရဖို့အတွက်ရောပေါ့။ ဒါဟာ ကျွန်တော်တို့အတွက်အရေးအကြီးဆုံးအကြောင်းအရာပါ။ ကျွန်တော်တို့က အသင်းအတွက်ကစားနေတာပါ။ ဒါကြောင့် သွင်းဂိုးတစ်ဂိုးချင်းစီဟာ ကျွန်တော့်အတွက် ဒါမှမဟုတ် အားလုံးအတွက် အသင်းကို ကူညီဖို့ကြိုးစားနေတာပါပဲ။

မေး – ခင်ဗျားက လီဗာပူးလ်သမိုင်းမှာ သွင်းဂိုး (၄၀)ကို ကစားသမားတိုင်းထက် မြန်မြန်ပြည့်ခဲ့တယ်နော် . . .

ဖြေ – သိပ်ပျော်ဖို့ကောင်းတယ်ဗျ။ ဟုတ်တယ်။ ဒါဟာ တကယ်ထူးခြားတဲ့ခံစားမှုပါ။ ဒါပေမဲ့ နောက်ဆုံးရည်ရွယ်ချက်ကိုခင်ဗျားသိပါတယ်။ ကျွန်တော်ဂိုးသွင်းရတာကိုပျော်တယ်။ အသင်းကိုကူညီရတာကိုပျော်တယ်။ ဒါပါပဲ။

မေး – အီယန်ရပ်ရှ်က ၁၉၈၃-၈၄ ရာသီတုန်းက တစ်ရာသီတည်းမှာ (၄၇)ဂိုးသွင်းပြီး စံချိန်တင်ထားတယ်။ ဒီစံချိန်ကိုချိုးဖို့ ခင်ဗျားအတွက်ပွဲကျန်အရေအတွက်က လုံလောက်ရဲ့လား။

ဖြေ – အရမ်းနီးစပ်နေပြီဆိုတာ ခင်ဗျားသိပါတယ်။ (၇)ဂိုးတည်းပါ။ ဒါပေမဲ့ စောင့်ကြည့်ကြပေါ့။ အခုအချိန်အထိ ဘယ်နှစ်ပွဲကျန်သေးသလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲတွေ ကျွန်တော့်လက်ထဲမှာရှိနေပါတယ်။ ကျွန်တော်က ကျွန်တော့်အတွက်ဂိုးတွေထပ်သွင်းနိုင်ဖို့ကြိုးစားသွားမှာဖြစ်ပြီး အသင်းကိုလည်း ကူညီသွားမှာပါ။

 

မေး – ခင်ဗျားရဲ့ခေါင်းထဲမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်အကြောင်းကို ဘယ်လောက်တောင်တွေးဖြစ်နေလဲ။

ဖြေ – မှန်ပါတယ်။ ကျွန်တော်မညာပါဘူး။ ကျွန်တော့်ခေါင်းထဲမှာ ရှိနေပါတယ်။ ဒါပေမဲ့ ခင်ဗျားလည်းသိတဲ့အတိုင်းပဲ။ ကျွန်တော့်အသင်းက ကစားသမားတိုင်းက ကျွန်တော်ဂိုးတွေသွင်းနိုင်ဖို့အတွက် ဘောလုံးတွေပေးပြီး ကူညီနေကြသလို စပါးအသင်းသားတွေကလည်း ဟာရီကိန်းကို ကူညီကြမယ်။ မန်စီးတီးကစားသမားတွေက အဂွဲရိုးကိုကူညီကြမယ်ဆိုတာ ကျွန်တော်သေချာပေါက်ပြောရဲပါတယ်။ ဒါပေမဲ့ အဆုံးသတ်ကတော့ အသင်းကိုကူညီကြတာပါပဲ။

မေး – ခင်ဗျားကို ဘောလုံးများများပေးတာနဲ့ပတ်သက်ပြီး အသင်းဖော်တွေကိုမေးခဲ့ဖူးသေးလား။

ဖြေ – အင်း .. သူတို့ အများကြီးပေးကြပါတယ်။ ဒီအတွက်လည်း ကျွန်တော်အရမ်းပျော်ပါတယ်။ အသင်းဖော်တွေက ကိုယ့်ကို ပံ့ပိုးချင်နေကြတယ်ဆိုတဲ့ ခံစားမှုကို ခင်ဗျားသိလား။ ဒါဟာ အရမ်းထူးခြားတဲ့ ခံစားမှုပါ။

မေး – စတုတ်နဲ့ပွဲက ဂိုးကို ဟာရီကိန်းကို ပေးလိုက်တာနဲ့ပတ်သက်ပြီး ခင်ဗျား တွစ်တာမှာ ရေးခဲ့သေးတယ်နော်။ ဒီဆုံးဖြတ်ချက်ကို ခင်ဗျားဘယ်လိုယူဆသလဲ။

ဖြေ – (ရယ်လျက်) ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှမပြောချင်တော့ပါဘူး။ သူတို့က ဟာရီကိန်းရဲ့ဂိုးလို့ပြောတယ်ဆိုရင် ကျွန်တော့်အတွက် ပြီးပါပြီ။ အခုတော့ ကျွန်တော်တို့အသင်းက (၄)ပွဲကျန်ပြီး သူတို့က (၅)ပွဲလား (၆)ပွဲလားမသိဘူးကျန်ပါတယ်။ ကျွန်တော်ကစားမယ့်ပွဲတွေအကြောင်းပဲ ကျွန်တော်စဉ်းစားနေပါတယ်။ စောင့်ကြည့်ကြတာပေါ့။

မေး – ခင်ဗျားက ဘယ်သူမှ မျှော်လင့်မထားတဲ့အဆင့်တစ်ခုမှာ ရပ်တည်နိုင်ခဲ့တယ်။ ဒီအတွက် လီဗာပူးလ်က ဘယ်လိုအခန်းကဏ္ဍမှာရှိနေသလဲ။ ဘယ်အရာက ခင်ဗျားကိုပျော်ရွှင်စေပြီး ဘာကြောင့်ခင်ဗျားက ပွဲတစ်ပွဲမှာ ဒီလောက်အထိ သက်သောင့်သက်သာရှိနေရတာလဲ။

ဖြေ – ဘော်ဘီ (ဖေမီနို)လည်း ဒီရာသီမှာ ဂိုးတွေအများကြီး သွင်းနိုင်ခဲ့တာကိုခင်ဗျားတွေ့မှာပါ။ သူ့အတွက်လည်း ဒီရာသီက ထူးခြားတဲ့ရာသီတစ်ခုပါပဲ။ ကျွန်တော်ထင်တာတော့ ကျွန်တော်တို့အသင်းရဲ့ ကစားဟန်ကကျွန်တော်တို့ကို အခွင့်အရေးတွေပိုရစေတယ်လို့ထင်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်ရှေ့မှာ အမြဲတမ်းရှိနေတဲ့အသင်းရဲ့ ကစားဟန်ကကျွန်တော်တို့ကို အများကြီးကူညီပါတယ်။ ဒါကြောင့် အသင်းရဲ့ ကစားဟန်ကြောင့်လို့ပဲ ပြောချင်ပါတယ်။

 

မေး – နောက်ဆုံးမေးခွန်းပါ။ ဒီရာသီမှာ ခင်ဗျားရဲ့တစ်ဦးချင်း ဆုတံဆိပ်များစွာနဲ့ ချန်ပီယံလိဂ်ဖလားရဖို့ နှစ်ခုတည်းက ဘယ်တစ်ခုကို ခင်ဗျားရွေးချင်လဲ။

ဖြေ – ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ပေါ့။ ခင်ဗျားဆိုလည်း ချန်ပီယံလိဂ်ဖလားရဖို့ကို တစ်ဦးချင်းဆုတံဆိပ်တွေထက်ပိုလိုချင်မှာပဲ။ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတယ်ဆိုတာ ၀ိုး … (ပါးစပ်ထဲမှ လေကိုမှုတ်ထုတ်) ကျွန်တော်မပြောတတ်ဘူး။ ၀ိုး …. လို့ပဲ ပြောမယ်။ ချန်ပီယံလိဂ်ရတာက ပိုပျော်စရာကောင်းတယ်ဆိုတာ သံသယမရှိပါဘူး။ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ဆိုတာ အားလုံးအတွက် အရမ်းခမ်းနားတဲ့အရာပါ။ ကျန်တာတွေကို ကျွန်တော်ဂရုမစိုက်ပါဘူး။

April 20, 2018














Copy Protected by Chetan's WP-Copyprotect.