<

ဒါရိုက်တာ ထူးပိုင်ဇော်ဦးနှင့် တွေ့ဆုံခြင်း

လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သည့် ‘ည’ ဇာတ်ကားမှာ ရုံတင်ပြသသည့်အချိန်တွင် ပရိသတ်လက်ခံ အားပေးမှုများပြားခဲ့ရုံသာမက အကယ်ဒမီထူးချွန်ဆုပေးပွဲ နီးကပ်ချိန်တွင်လည်းပရိသတ်များ၏ ခန့်မှန်းမျှော်လင့်မှုများစွာရရှိခဲ့သည့် ဇာတ်ကားဖြစ်သည်။ ညဇာတ်ကားကို တစ်ကျော့ပြန်ပြသရန် ပြင်ဆင်လျက်ရှိသည့်အပြင် ၎င်း၏ ဒုတိယမြောက်ဇာတ်ကားဖြစ်သည့် Suspense Horror ဇာတ်ကားတွင်ပါဝင်မည့် ၀ါရင့်သရုပ်ဆောင်များနှင့် မျက်နှာသစ်သရုပ်ဆောင်များကိုပါ ကြေညာထားပြီးဖြစ်သည်။ စာရေးဆရာမဂျူး၏ ‘လရဲ့အောက်ဘက် မိုင်အဝေးမှာ’ ဇာတ်ကားမှ သိဒ္ဓိနှင့် ဒီပါဇာတ်ရုပ်အတွက် သရုပ်ဆောင်သစ်များအား လျှောက်လွှာများခေါ်ယူစိစစ်လျက်ရှိသည့် ဒါရိုက်တာထူးပိုင်ဇော်ဦးနှင့်တွေ့ဆုံ၍ သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး – ညဇာတ်ကားကို တစ်ကျော့ပြန် ရုံတင်ပြသဖို့စီစဉ်နေတာလေး အရင်ပြောပေးပါဦး။

■ဖြေ – ည ဇာတ်ကားကို ပြန်ပြသဖို့ ကြိုးစားနေတယ်။ JCGV နဲ့လည်းပြသဖို့ ညှိနှိုင်းနေတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။ သင်္ကြန်အပြီးလောက်တော့ ဖြစ်မှာပါ။

■ မေး – ဒီဇာတ်ကားကို ပြန်ပြခွင့်ရတဲ့ပီတိကိုလည်း သိချင်ပါတယ်။

■ ဖြေ – အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ ဇာတ်ကားလည်းပြခဲ့တာ နည်းနည်းကြာသွားပြီလေ။ ပြီးခဲ့တဲ့နှစ်က ပြခဲ့တာဆိုတော့။ ဒါပေမဲ့ အခုဒီဘက်မှာ  ညဇာတ်ကားကို ပြန်ပြီးစိတ်ဝင်စားတဲ့သူလည်း များတယ်။ အဲဒီတုန်းကမကြည့် လိုက်ရတဲ့သူတွေကလည်း ကြည့်ချင်တာတွေရှိတယ်ဆိုပြီး တောင်းဆိုတဲ့အခါမှာ ရုံဘက်ကလည်းစိတ်ဝင်စားပြီး လိုက်လျောဖို့လုပ်တာပေါ့။ ဒါမျိုးကအရင်ကလည်း သိပ်မရှိဘူးတော့ ၀မ်းသာရပါတယ်။ ရုပ်ရှင်ဇာတ်ကားအနေနဲ့ ဖန်တီးထားလို့ ရုပ်ရှင်ရုံမှာ ကြည့်ခွင့်ရတဲ့အရသာကတော့ အကောင်းဆုံးပဲလေ။ ပိတ်ကားနဲ့ကြည့်ခွင့်ရတာ၊ အသံစနစ်ကအစ ကွာတယ်ပေါ့နော်။ ညဇာတ်ကားကို အားပေးတဲ့ပရိသတ်တွေနဲ့ ရုံပေါ်မှာ တစ်ခေါက်ပြန်ကြည့်ခွင့်ရမယ့် အခွင့်အရေးက တကယ့်ကို ၀မ်းသာရပါတယ်။

■ မေး – အကယ်ဒမီအတွက် ပရိသတ်တွေက ခန့်မှန်းပေးပေမယ့် လွဲချော်ခဲ့တယ်။ ဒါပေမဲ့ ပရိသတ်တွေက အားပေးကြတယ်။ နှစ်သိမ့်ပေးကြတဲ့အပေါ် ဘယ်လိုခံစားရလဲ။

■ ဖြေ – ဆုပေးတဲ့ရက်ကသာ သြော်ငါတို့မပါ ဘူးဆိုတဲ့စိတ်လေး ဖြစ်လိုက်တယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာပရိသတ်တွေက နှစ်သိမ့်ပေးကြတယ်။ အားပေးကြတာက အရမ်းများလွန်းတဲ့အတွက် ပိုပြီးဝမ်းသာပီတိဖြစ်ရတယ်။ သူတို့ကမေတ္တာ တရားနဲ့အားပေးကြတဲ့အတွက် အခုနောက်တစ်ကြိမ် ထပ်ပြခွင့်တောင်ရတော့မှာဆိုတော့ အကယ်ဒမီနဲ့ လွဲချော်ခဲ့လို့ စိတ်မကောင်းဖြစ်ရတာထက် ပိုပြီးဝမ်းသာပီတိစိတ်တောင် ဖြစ်ရတယ်ပေါ့လေ။

■ မေး – ပရိသတ်က ယုံကြည်အားပေးမှုပိုလာတာနဲ့အမျှ အသစ်ထပ်ဖန်တီးမယ့် အလုပ်တွေအပေါ် ပိုပြီးတာဝန်ကြီးလား။

■ ဖြေ – ညဇာတ်ကားမှာကတည်းက ကျွန်တော်တို့ အကောင်းဆုံးလုပ်မယ်လို့ ဆုံးဖြတ်ပြီး အရည်အသွေးဆိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ်။ ထွက်လာတဲ့ ရလဒ်ကိုလည်း အကောင်းဆုံးဖြစ်ချင်စိတ်နဲ့ အပြည့်အ၀လုပ်ခဲ့တယ်။ အခုလည်း အဲဒီအတိုင်းပဲ ဆက်လုပ်သွားမှာပါ။ ကျွန်တော်တို့ကို အားပေးခဲ့တာလည်း ပထမဆုံးဇာတ်ကားကို အားပေးတာပါသလို နောက်ထပ်ကားတွေဆက်ပြီး ဖန်တီးနိုင်ဖို့အတွက်လည်း ရည်ရွယ်တယ်လို့ ခံယူထားတယ်။ တစ်ကားချင်းစီမှာ ပရိသတ်မျှော်လင့်ထားတဲ့၊ ရည်ရွယ်ထားတဲ့အတိုင်းကို အရည်အသွေးပိုင်းကို အကောင်းဆုံးလုပ်သွားမှာပါ။

■ မေး – ဒုတိယမြောက်ဇာတ်ကားကို Suspense Horror ဇာတ်လမ်းကို ဘာကြောင့်ရွေး ဖြစ်တာလဲ။ ၀ါရင့်သရုပ်ဆောင်တွေနဲ့ပါ တွဲဖက်ရိုက်ကူးဖို့ စီစဉ်ဖြစ်တဲ့အကြောင်းလေး ပြောပြပါဦး။

■ ဖြေ – ကျွန်တော်က ဇာတ်လမ်းကိုအရင်ရွေးတယ်။ ဘယ်သူနဲ့ရိုက်မယ်ဆိုတာကို ဇာတ်ညွှန်းအားလုံးပြီးမှ စဉ်းစားတယ်။ ဘယ်သူနဲ့ရိုက်မယ်ဆိုပြီး ဇာတ်ညွှန်းရွေးဆိုရင် အကန့်အသတ်ထဲ ဖန်တီးရသလိုဖြစ်တယ်။ ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကို အရင်ဖန်တီးတယ်။ ပြီးတော့မှ ဇာတ်ညွှန်းထဲက ကာရိုက်တာနဲ့ လိုက်ဖက်ပြီး အကောင်းဆုံး သရုပ်ဆောင်နိုင်မယ့်သူတွေ ရွေးတယ်။ ၀ါရင့်ထဲ ကသရုပ်ဆောင်တွေကလည်း ဇာတ်ရုပ်နဲ့ အရမ်းလိုက်ဖက်နေတာပါတဲ့အတွက် သူတို့ကိုရွေးချယ်ဖြစ်တာပါ။ အသစ်တွေလည်း ပါစေချင်တဲ့အတွက် အသစ်တွေထဲကလည်း တတ်နိုင်သလောက်ရွေးချယ်ထားတယ်။ ညဇာတ်ကားမှာလိုပဲ Character Building တွေ၊ ရီဟာဇယ်တွေ၊ Pre Production ပိုင်းတွေကို အကြိမ်ကြိမ်ပြင်ဆင်သွားမယ်။ အဲဒီလိုတွေလုပ်ဖို့ အတွက်လည်း ရွေးချယ်ထားတဲ့ဝါရင့်တွေ ကိုယ်တိုင်က စိတ်ဝင်တစားနဲ့အတူလုပ်ဆောင်ဖို့ သဘောတူထားတယ်။ ဇာတ်ညွှန်းကတော့ အငြိမ်ဘက်သွားထားပါတယ်။ ဇာတ်ရုပ်တွေကလည်း နည်းနည်းပြင်းထန်သလို တင်ပြပုံလည်းနည်းနည်း သွက်မယ်ပေါ့။ ညဇာတ်ကားနဲ့ ပြောင်းပြန်ပုံစံမျိုးတော့ ဖြစ်မှာပါ။

■ မေး – လရဲ့အောက်ဘက် မိုင်အဝေးမှာ ဇာတ်ကားထဲက အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ သိဒ္ဓိနဲ့ဒီပါဇာတ်ရုပ်တွေအတွက် သရုပ်ဆောင်သစ်ရွေးချယ်မှုရော ဘယ်လိုအနေအထားရှိလဲ။

■ ဖြေ – အခုကတော့လျှောက်လွှာက ၅၀၀ ကျော် လျှောက်ထားတာကိုစစ်ထားတယ်။ ဖြစ်နိုင်ခြေ လေးတွေတွေ့ပေမယ့် ဓာတ်ပုံတွေ၊ Short Video လေးတွေကြည့်ပြီး သုံးသပ်ထားတာပဲရှိသေးတယ်။ Audition ကျရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကြည့်ရဦးမယ်။ ဆရာမဂျူးရဲ့ ၀တ္ထုလည်းဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကြိုက်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့အတွက် ဒီဇာတ်ကောင်တွေကို ၁၀၀ ရာခိုင်နှုန်း ကိုယ်စားပြုနိုင်တဲ့သူတွေပဲ ဖြစ်စေချင်တယ်။ ဒီလတွေထဲ ရွေးချယ်ပြီးသွားရင်တော့ တစ်နှစ်ပတ်လုံးလေ့ ကျင့်မှုတွေ လုပ်ခိုင်းမယ်။

■ မေး – ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များရှိ ရင်ပြောပေးပါဦး။

■ဖြေ – ည ရုံတင်တဲ့အခါလည်း လာအားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ရုပ်ရှင်နဲ့ပတ်သက်လို့ ပိုပြီးလုပ်ဖြစ်မယ်။ ထွက်လာတဲ့အခါလည်း ကိုယ်တိုင်လည်း ဂုဏ်ယူနိုင်မယ်။ ပရိသတ်တွေလည်း ကျေနပ်မယ့် ဇာတ်ကားမျိုးလေးတွေဖြစ်အောင် ကြိုးစား နေပါတယ်။

April 11, 2018














Copy Protected by Chetan's WP-Copyprotect.