သရုပ်ဆောင်တေးသံရှင်အမွန်းနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်တေးသံရှင်အမွန်းနှင့် တွေ့ဆုံခြင်း
Published 3 April 2018

‘တကယ်ရွေးချယ်ခံရတဲ့အချိန်မှာ အမွန်းဘယ်လိုခံစားရလဲဆိုတော့ ကြိုးစားရကျိုးနပ်တယ်လို့ မြင်မိပါတယ်’

Forbes မဂ္ဂဇင်းမှရွေးချယ်ခဲ့သည့် Top 30 Under 30 Asia စာရင်းတွင် မြန်မာတေးသံရှင်အမွန်းအား ပါဝင်ရွေးချယ်ထားကြောင်း ထုတ်ပြန်ကြေညာထားပါသည်။ လူငယ်ထူးချွန်သူများ၊ စွန့်ဦးတီထွင်သူများ၊ နယ်ပယ်အသီးသီးတွင် အောင်မြင်နေသူများအား ရွေးချယ်သည့်အစီအစဉ်တစ်ခုဖြစ်ပြီး တေးသံရှင်အမွန်းက အဆိုပါကဏ္ဍတွင် ရွေးချယ်ခံရခြင်းကြောင့် Top 30 Under 30 Asia တွေ့ဆုံပွဲနှင့် Global တွေ့ဆုံပွဲများသို့ တက်ရောက်ကာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ နိုင်ငံတကာမှ music producer များနှင့်လက်တွဲကာ တေးသီချင်းများ ဖန်တီးထုတ်လုပ်လျက်ရှိသည့်အပြင် မေ ၄ ရက်တွင် ရုံတင်ပြသတော့မည့် ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားတွင်လည်း ခေါင်းဆောင်မင်းသမီးတစ်ဦးအဖြစ် ပါဝင်ထားသူ သရုပ်ဆောင် တေးသံရှင်အမွန်း နှင့်တွေ့ဆုံ၍ Forbes မဂ္ဂဇင်းမှ ရွေးချယ်ခံရသည့်အတွက် ခံစားမှုများ၊ ဇာတ်ကားရိုက်ကူးမှုအတွေ့အကြုံနှင့် အမှတ်တရများအပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - Forbes မဂ္ဂဇင်းကရွေးချယ်တဲ့ အသက် ၃၀ အောက်အယောက် ၃၀ စာရင်းမှာ ရွေးချယ်ခံရတဲ့အပေါ် ခံစားချက်ကိုလည်း အရင်ဆုံးပြောပြပေးပါဦး။
ဖြေ - အမွန်းရဲ့ခံစားချက်ကတော့ လူငယ်တွေအများကြီးက ထူးချွန်ကြတယ်။ ကိုယ့်လမ်းကိုယ်ဖောက်နေကြတဲ့ entrepreneur တွေထဲကရွေးချယ်တာပေါ့နော်။ nominee ရွေးချယ်ခံရတယ်ဆိုပြီး အကြောင်းကြားကတည်းက အရမ်းပျော်ခဲ့တယ်။ သူတို့မေးခွန်းမေးတာကို ဖြေရတာလည်းပါတယ်။ ၂၀၀၀ ကျော်ထဲကနေ ၃၀ ကိုပါဖို့တော့ မမျှော်လင့်ခဲ့ဘူး။ ဘုရားပေးသလောက်ပဲရမှာလေ။ chance ကနည်းတယ်လေ။ တကယ်ရွေးချယ်ခံရတဲ့အချိန်မှာ အမွန်းဘယ်လိုခံစားရလဲဆိုတော့ ကြိုးစားရကျိုးနပ်တယ်လို့ မြင်မိပါတယ်။ အမွန်းကို ယုံယုံကြည်ကြည်နဲ့ အားပေးကြတဲ့ ပရိသတ်တွေကြောင့်လည်း ဒီလိုခွန်အားတွေရလာခဲ့တာပါ။ ငယ်ငယ်ကတည်းက အမွန်းရဲ့လှုပ်ရှားမှုတွေကို အမြဲတမ်းအားပေးခဲ့တဲ့ မိဘနှစ်ပါးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ အမွန်းရှေ့ဆက်ပြီး လှမ်းသွားမယ့် ခြေလှမ်းသစ်တွေအတွက် အားရှိသွားပါတယ်။

■ မေး - အခုလိုရွေးချယ်ခံရတာက ဘာကြောင့်လို့ထင်လဲ။
ဖြေ - ရွေးသွားတဲ့အချက်တွေကတော့ အမွန်းတို့ရဲ့ achievement တွေကိုကြည့်တယ်။ အမွန်းတို့ရဲ့ ခံယူချက်တွေကိုမေးတယ်။ မေးခွန်းတချို့မှာပါတာဆိုရင် မင်းဘဝရဲ့ အကြီးမားဆုံးကြိုးပမ်းနိုင်ခဲ့တဲ့ ရလဒ်တစ်ခုက ဘာလဲလို့မေးတဲ့အခါ အမွန်းစိတ်ထဲမှာ ခံစားရတဲ့အတိုင်း ဖြေခဲ့တယ်။ လူတွေရဲ့မတူတဲ့အမြင်တွေကြားထဲမှာ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို၊ လူတွေရဲ့ဝေဖန်မှုတွေကြားထဲမှာ ကိုယ်တင်ပြချင်တဲ့အရာတစ်ခုကို သေချာတင်ပြနိုင်ခဲ့တာက achievement တစ်ခုလို့ထင်ပါတယ်လို့ ဖြေခဲ့ပါတယ်။ ဒီလိုတင်ပြနိုင်ခဲ့ခြင်းအားဖြင့် ကိုယ်နဲ့အမြင်မတူတဲ့လူတွေက ဘယ်လိုပဲ ကိုယ့်အပေါ်ဝေဖန်နေပါစေ၊ အခက်အခဲတွေရှိနေပါစေ ကိုယ်သွားချင်တဲ့လမ်းကို တစိုက်မတ်မတ်လျှောက်နိုင်ဖို့ လူငယ်တွေကို inspiration ပေးနိုင်တယ်လို့ ထင်မိပါတယ်လို့ဖြေခဲ့တယ်။ စသဖြင့် အဲဒီလိုအတွေးအမြင်တွေပေါ်မှာလည်း ­ရွေးချယ်တယ်လို့ ထင်ပါတယ်။ သူတို့မေးထားတဲ့မေးခွန်းတွေလည်း အများကြီးပါပဲ။ Top 30 ကိုပါတယ်ဆိုတာ Forbes တစ်ဖွဲ့လုံးနဲ့ နိုင်ငံတကာအကဲဖြတ်တွေ သေချာရွေးချယ်ခဲ့တာဖြစ်တယ်လို့ အီးမေးလ်မှာလည်း သေချာရေးခဲ့တာဖြစ်တဲ့အတွက် အရမ်းလည်းပျော်ရပါတယ်။

■ မေး - အခုလိုရွေးချယ်ခံရတဲ့အတွက် ဘာတွေလုပ်ဆောင်ရမှာလဲ။
ဖြေ - ဒီမှာပါတဲ့အတွက်ကြောင့် Top 30 Under 30 Asia အဖွဲ့ဝင်တွေ အကုန်လုံးနဲ့ ဟောင်ကောင်မှာတွေ့ဆုံပွဲရှိပါတယ်။ အဲဒါက အာရှကလူတွေ အားလုံးဆုံမယ့်ပွဲပါ။ အမွန်းတို့အမြင်တွေ ဖလှယ်ကြမယ်။ workshop တွေလုပ်ကြမယ်။ activities တွေလုပ်ရပါမယ်။ 30 Under 30 Global ကလည်း အမွန်းတို့အားလုံးကို အစ္စရေးနိုင်ငံကို ဖိတ်ထားပါတယ်။ workshop တွေရှိမယ်။ ကိုယ်ဘာတွေဆက်လုပ်မယ်။ သူ ဘာတွေဆက်လုပ်မယ်ဆိုတာတွေ ပြောကြမယ်။ အတူပေါင်းလုပ်လို့ရမှာရှိရင်လည်း လက်တွဲပြီး ပေါင်းလုပ်ကြမယ်ပေါ့။

■ မေး - ဘယ်တော့လောက် သွားဖြစ်မလဲ။
ဖြေ - Global ပွဲအတွက်အစ္စရေးကို အရင်သွားရပါမယ်။ မေလဆန်းမှာသွားရမှာပါ။ asia ကတော့ ဇူလိုင်လမှာ ဟောင်ကောင်ကို သွားရပါမယ်။

■ မေး - အခုလိုတွေ့ဆုံပွဲကိုသွားရတဲ့အခါ ကိုယ့်အတွက် ဘယ်လိုအတွေ့အကြုံကောင်းတွေ ရလာမယ်လို့ထင်လဲ။
ဖြေ - အမွန်းကတော့အဲဒီပွဲမှာ အများကြီးသင်ယူသွားပါမယ်။ အမွန်းကတော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြသွားပါမယ်။ ကိုယ်ဖန်တီးခဲ့တဲ့ အနုပညာဖန်တီးမှုတွေအကြောင်းလည်း ပြောသွားမယ်။ မတူတဲ့ခေါင်းစဉ်တွေအများကြီးကို လေ့လာသင်ယူခွင့်ရမယ်လို့ ထင်ပါတယ်။

■ မေး - သြင်္ကန်အတွက်ရော ဘာတွေပြင်ဆင်ထားပြီလဲ။
ဖြေ - သြင်္ကန်အတွက်ကတော့ သီချင်းတွေ အများကြီးတိုက်ထားပါမယ်။ အကတွေ အများကြီးလည်း တိုက်ထားပါတယ်။ အခုနှစ် သြင်္ကန်က ၁၉ လမ်း MNTV မဏ္ဍပ်မှာ ရှိပါမယ်။

■ မေး - သီချင်းအသစ်ရော တင်ဖို့ရှိဦးမလား။
ဖြေ - မကြာခင်ကရေးထားတဲ့ သြင်္ကန်သီချင်းသစ်လေးတင်ဖို့ ရှိပါတယ်။ music video လေးနဲ့တွဲပြီး တင်ဖြစ်ပါမယ်။ သြင်္ကန်မတိုင်ခင်ရအောင် တင်သွားပါမယ်။

■ မေး - ဒုဋ္ဌဝတီကိုလွန်၍ ဇာတ်ကားကလည်း ရုံတင်တော့မယ်ဆိုတော့ အဲဒီဇာတ်ကားနဲ့ပတ်သက်လို့လည်း ပြောပြပေးပါဦး။
ဖြေ - အမွန်းကတော့ ကိုအာကာတို့အဖွဲ့ရော၊ Golden Hour အဖွဲ့သားတွေကပါ အမွန်းအပေါ်ထားတဲ့ယုံကြည်မှုနဲ့ မျှော်လင့်မှုကိုမြင်ရပါတယ်။ အမွန်းလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ပြီး ပေးထားတဲ့ဇာတ်ညွှန်းအပေါ်မှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အမွန်းရဲ့ အရှိပင်ကိုအတိုင်းကိုပဲ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ ခံစားချက်ကတော့ ပီတိဖြစ်ရပါတယ်။ ဒီလိုဇာတ်ကားကောင်းမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

■ မေး - ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့ဇာတ်ရုပ်က အမွန်းအတွက် စိန်ခေါ်မှုများခဲ့လား။
ဖြေ - အမွန်းက လှုပ်ရှားမှုပိုင်းမှာ ပြဿနာမရှိဘူး။ ပြဿနာရှိတာက ငြိမ်ပြီး စကားဖြည်းဖြည်းပြောရတဲ့အပိုင်းမှာသာ နည်းနည်းခက်တာပါ။

■ မေး - ဒီဇာတ်ကားမှာ အန္တရာယ်များတဲ့ဇာတ်ကွက်တွေလည်း ပါဝင်ခဲ့ရသလို ဒဏ်ရာရခဲ့တာတွေလည်းရှိတော့ အဲဒီအမှတ်တရတွေလည်း ပြောပြပေးပါဦး။
ဖြေ - အမွန်း ဒီဇာတ်ကားမှာ ရောဂါလည်းရခဲ့တယ်။ ရိုက်ပြီးပြန်လာတဲ့အချိန်မှာ အဖျားက ၁၀၂ က မကျဘူး။ ငှက်ဖျားပိုးလိုပဲ ခပ်ဆင်ဆင်ရောဂါပိုးတစ်ခု ဝင်သွားတာ။ ဆေးတွေကုခဲ့ရပါတယ်။ ကြိုးတံတားကို စတူဒီယိုမှာ ပြတ်ကျတဲ့အခန်းမှာ ကိုနိုင်းနိုင်းရယ် အမွန်းရယ် နောက်တစ်ယောက်ရယ် ပြုတ်ကျသွားတာ။ စတူဒီယိုထဲမှာဆင်ထားတဲ့ သစ်သားတွေလည်း ပြုတ်ကျတယ်။ ကံကောင်းတာက ပြုတ်ကျလာတာတွေက ခေါင်းတွေဘာတွေမထိဘူး။ မဟုတ်ရင်သေမှာ။ အဲဒီလိုအတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ လူဆိုးတွေလိုက်တဲ့အခန်းဆိုရင်လည်း အမွန်းတို့နောက်ကိုလိုက်တဲ့သူတွေကိုပဲ စတန့်သမားတွေသုံးခဲ့တာ။ ကိုနိုင်းနိုင်းက တကယ်မောင်းပြီး အမွန်းက တကယ်လိုက်စီးရတာပေါ့။ အရမ်းလည်းစိတ်လှုပ်ရှားရသလို အန္တရာယ်လည်းများတယ်။ ဒါပေမဲ့ အခုပရိသတ်တွေက အားပေးကြတယ်၊ ကြည့်ချင်ကြတယ်ဆိုတော့ တကယ့်ကို အပင်ပန်းခံရကျိုး၊ စွန့်စားရကျိုးနပ်ပါတယ်။

Most Read

Most Recent