မူးယစ်ဆေးဝါးသုံးစွဲခဲ့သည့် လူငယ်အချို့၏ စကားသံများ

မူးယစ်ဆေးဝါးသုံးစွဲခဲ့သည့် လူငယ်အချို့၏ စကားသံများ
Published 28 March 2018

မောင် Sut Noi Gon (မူးယစ်ဆေးဖြတ်ပြီးသည့် ကျောင်းသားတစ်ဦး)
■ မေး - နာမည်ဘယ်လိုခေါ်လဲခင်ဗျ။ ဒီသင်တန်းကျောင်းကိုရော ဘယ်လိုရောက်လာတာလဲ။
ဖြေ - ကျွန်တော့်နာမည်ကတော့ မောင် Sut Noi Gon ပါ။ မူးယစ်ဆေးဝါး ကင်းစင်သွားအောင် လုပ်ပေးမယ့်ကျောင်းကို ကျွန်တော်လိုက်ရှာတဲ့အခါမှာ ကျွန်တော့်ရဲ့ အသိမိတ်ဆွေတွေကနေပြီး ကျွန်တော် ဒီသင်တန်းကျောင်းကို ရောက်လာခြင်းဖြစ်ပါတယ်။ ကျွန်တော် တောင်ကြီးကလာတာပါ။

■ မေး - ဘယ်လောက်ကြာပြီလဲ ဒီကိုရောက်တာ။
ဖြေ - ကျွန်တော် ၂၀၁၆ ကရောက်ပါတယ်။ အရင်တုန်းကတော့ မူးယစ်ဆေးဝါးသမား ဆိုတဲ့အတိုင်းပဲပေါ့နော်။ အချိန်တိုင်းမှာ ကျွန်တော်တို့ ဆာလောင်နေတယ်။ လူတွေနဲ့ သိပ်မရောထွေးနိုင်ဘူး။ နွေးထွေးမှုမရှိဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ အရင်အချိန်နဲ့ အများကြီးကွာခြားတဲ့အခါကျတော့ အခု လုံး၀ ကိုယ့်ဘဝပြန်လန်းဆန်းလာတယ်။ အခု လူတွေနဲ့ နွေးနွေးထွေးထွေး ပြန်ရှိလာတယ်။ ယုံကြည်မှုတွေရှိလာတယ်။

■ မေး - အခုသင်တန်းမှာ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးတယ်လို့သိရတယ်။ ဘယ်လိုဟာမျိုးတွေ သင်ပေးတာလဲ။
ဖြေ - ဒီဟားဗတ်ကနေပြီးတော့ ကျွန်တော်တို့ကို Union AID ကနေပြီးတော့ ပရိုဂရမ်တစ်ခုပေးတာပေါ့နော်။ ဒီထဲကနေ ကျွန်တော်က ပေါင်မုန့်ဖုတ်တဲ့လုပ်ငန်းမှာ ကိတ်ကို အဓိကထားပြီးတော့ သင်ခဲ့တာ။ ခက်ခဲမှုတွေမရှိဘဲ ကောင်းမွန်စွာနဲ့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

■ မေး - သင်တန်းပြီးရင် ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ - ကျွန်တော်က သင်တန်းကာလ တစ်နှစ်ကျော်သွားပြီ။ ပြီးရင် နောင်လာမယ့်အနာဂတ်မှာ ကျွန်တော့်ရည်မှန်းချက်ဖြစ်တဲ့ ဒီမုန့်ဖုတ်တာကို ဆက်လက်လုပ်ကိုင်သွားမှာလို့ ယုံကြည်ထားပါတယ်။

■ မေး - ကိုယ်တိုင်ကလည်း မူးယစ်ဆေးဝါးသုံးစွဲမှုကို ကျော်ဖြတ်လာခဲ့တယ်။ အခု မူးယစ်ဆေးဝါးစွဲနေတဲ့ သူတွေကိုရော ဘာပြောချင်သလဲခင်ဗျ။
ဖြေ - ကျွန်တော်ဖြစ်ခဲ့တဲ့အရာ၊ ခံစားခဲ့တဲ့အရာတွေထဲမှာ ယုံကြည်မှုတွေ ပျောက်ဆုံးလာတယ်။ ပြီးတော့ ကိုယ့်ဘဝကိုယ် မျှော်လင့်ချက်မဲ့တယ်။ အခုပြောချင်တာက မူးယစ်ဆေးဝါး သုံးနေတဲ့သူတွေကို ခွန်အားပေးချင်တဲ့အရာက ဘဝထဲမှာ ကျွန်တော်တို့ ဘယ်အရာကို ယုံကြည်ထားလဲ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပျောက်နေတာကို ပြန်လိုက်ရှာဖို့ဖြစ်တယ်။ မူးယစ်ဆေးဝါးက ကျွန်တော်တို့ဘဝမဟုတ်ဘူး။ ကျွန်တော်တို့ဘဝက ကောင်းတဲ့အရာတွေကို ထပ်ပြီးတော့ မျှော်လင့်ဖို့ဖြစ်တယ်။

■ မေး - မူးယစ်ဆေးဝါးကိုရော ဘယ်လိုစပြီး သုံးစွဲဖြစ်ခဲ့တာလဲ။
ဖြေ - ဘယ်လိုစပြီးသုံးစွဲဖြစ်ခဲ့လဲဆိုတော့ ကျွန်တော်နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ့နော်။ သူငယ်ချင်းတွေနဲ့ စမ်းရင်းစမ်းရင်းနဲ့ သုံးဖြစ်သွားတာ။

ကိုလှဂျာအောင် (မူးယစ်ဆေးဖြတ်ပြီးသည့် ကျောင်းသားတစ်ဦး)
■ မေး - နာမည်ဘယ်လိုခေါ်လဲခင်ဗျ။ ဘယ်ဒေသကလာလဲ။
ဖြေ - ကျွန်တော့်နာမည် လှဂျာအောင်ပါ။ ကချင်ပြည်နယ် မြစ်ကြီးနားကလာတာပါ။ ကျွန်တော် မူးယစ်ဆေးဝါးသမားဖြစ်လာတော့ လွန်ခဲ့တဲ့နှစ်ခြောက်လပိုင်းမှာ ဒီသင်တန်းနဲ့ ဆက်သွယ်မိတာဖြစ်ပါတယ်။ ကျွန်တော်ရောက်စက ကျွန်တော့်ခန္ဓာကိုယ်ကအစ ပိန်ခြောက်ခြောက်နဲ့ပေါ့။ ပြန်ပြောမယ်ဆိုရင် လူတကာကတွေ့ရင် ဘာများခိုးမလဲ။ ဒါမျိုးရုပ်တွေ။ အခုတော့ စိတ်ဓာတ်ပိုင်းကအစ ပြောင်းလဲသွားတာ။ အစတုန်းကဘဝနဲ့ အခုဘ၀ နှိုင်းယှဉ်မယ်ဆိုရင် နှိုင်းယှဉ်လို့တောင်မရပါဘူး။

■ မေး - မူးယစ်ဆေးဝါးသုံးစွဲတုန်းက ဘယ်လိုဆိုးကျိုးတွေ တွေ့ခဲ့ရလဲ။
ဖြေ - မူးယစ်ဆေးဝါးသုံးစွဲတုန်းက ကိုယ့်ရဲ့ကျေးဇူးရှင် မွေးမိခင်တွေတောင်မှ ဒီမူးယစ်ဆေးဝါးကျေးကျွန်ဘ၀ ရောက်လာတဲ့သူတွေကို စွန့်ပစ်ချင်လာတာဖြစ်ပါတယ်။ သားအရင်းလို့တောင်မှ မသတ်မှတ်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က မူးယစ်ဆေးဝါးသုံးစွဲဖို့အတွက် အိမ်ကိုလိမ်တယ်။ လိမ်လို့မရရင် အိမ်ကပိုက်ဆံ ဘယ်နားမှာထားလဲ ဒါကိုကြည့်တယ်။ ကြည့်ပြီးသွားရင် ခိုးတယ်။ နောက်ဆုံး အိမ်ကပိုက်ဆံခိုးရင်း ခိုးရင်း ပြောမယ်ဆိုရင် ကျွန်တော်တို့ ခရစ်ယာန်တွေဆိုရင် အိမ်မှာ ပုံးတွေချိတ်ထားတယ်။ အဲဒီအလှူပုံးတွေကအစ ကျွန်တော်တို့ကခိုးတယ်။ ဆိုတော့ ကျွန်တော်တို့ရှိရင် အိမ်မှာဒုက္ခအများကြီးပေါ့။ မူးယစ်ဆေးဝါးသုံးစွဲတဲ့အခါ ကျွန်တော်တစ်ယောက်တည်း ဆိုးကျိုးဖြစ်တာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အိမ်၊ ကျွန်တော့်ရဲ့မိသားစု၊ အသိုင်းအဝိုင်းတွေကစ အကုန်လုံးကို ဆိုးကျိုးဖြစ်သွားစေတာဖြစ်ပါတယ်။

■ မေး - အသက်မွေးဝမ်းကျောင်းသင်တန်းအနေနဲ့ရော ဘာသင်တန်းတက်ထားလဲ။
ဖြေ - အသက်မွေးဝမ်းကျောင်းသင်တန်းအနေနဲ့ မုန့်သင်တန်းကို ကျွန်တော်တက်နေတာဖြစ်တယ်။ သင်တန်းကာလ ငါးလတက်ပြီးသွားပြီ။ အခု ဟားဗတ်ကျောင်းမှာ ကျောင်းသားခေါင်းဆောင်အနေနဲ့ ပါဝင်ဆက်ကပ်နေတာဖြစ်တယ်။ မုန့်ပညာကို သင်နေတယ်။ မုန့်တိုက်အနေနဲ့ မလုပ်နိုင်ရင်တောင်မှ မုန့်ဖြန့်ချိရေးအနေနဲ့လုပ်ဖို့ စဉ်းစားထားပါတယ်။ ရည်ရွယ်ထားပါတယ်။

■ မေး - မူးယစ်ဆေးဝါးကို ဘယ်လိုကြောင့် စပြီးသုံးစွဲဖြစ်သွားတာလဲ။
ဖြေ - ကျွန်တော် မူးယစ်ဆေးဝါးစသုံးစွဲတုန်းက သူငယ်ချင်းတွေနဲ့ အပျော်ဆိုပြီးတော့ သုံးစွဲတယ်။ နောက်ပြီး ကျွန်တော်က ကျောက်လုပ်ငန်းလုပ်တယ်ဆိုတော့ ကျောက်ရှာတယ်။ ကျောက်အရောင်းအဝယ်လုပ်တယ်ဆိုတော့ ဒီမူးယစ်ဆေးဝါးနဲ့ ကျွန်တော်နဲ့က သိပ်မကွာဝေးဘူး။ အမြဲတမ်းထိတွေ့နေတဲ့ ပတ်ဝန်းကျင်ဖြစ်တယ်။ ဒီမူးယစ်ဆေးဝါးရှူလိုက်ရင် ဘာမှမဖြစ်ပါဘူး။ တစ်ခါလောက်သုံးစွဲလိုက်ရင် ဘာမှမဖြစ်ပါဘူးလို့ ကျွန်တော့်စိတ်ထဲမှာ တကယ်ပေါ့ပေါ့လေးပဲ သဘောထားပြီး သုံးရင်းသုံးရင်းနဲ့ မူးယစ်ဆေးဝါး ကျွေးကျွန်ဘ၀ ဖြစ်သွားတာပါ။

Most Read

Most Recent