ဆေးဖြတ်သင်တန်းကျောင်း Harvest Rehabilitation Center က ကျောင်းအုပ်ကြီး ဦးဇော်တောင်နှင့် တွေ့ဆုံခြင်း

ဆေးဖြတ်သင်တန်းကျောင်း Harvest Rehabilitation Center က ကျောင်းအုပ်ကြီး ဦးဇော်တောင်နှင့် တွေ့ဆုံခြင်း
Published 28 March 2018

“လေ့ကျင့်မှုကတော့ သူတို့မူးယစ်ဆေးဝါးသုံးတဲ့အတွက် အကျင့်စာရိတ္တတွေ ပျက်စီးနေတယ်။ စိတ်ပိုင်းဆိုင်ရာကို ကျွန်တော်တို့က အရင်ပြုပြင်ပေးတယ်။ ဘာလို့လဲဆို မူးယစ်ဆေးဝါးသုံးရဖို့အတွက် သူတို့ကလိမ်ရတယ် . . .”

မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုမှာ ဒုတိယအများဆုံး နိုင်ငံတစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (International Narcotics Control Board-INBC) ၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာကို ၂၀၁၈ ခုနှစ် မတ် ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ရှေ့မှာ အာဖဂန်နစ္စတန်နိုင်ငံပဲ ရှိပါတော့တယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတွေ ဘယ်လောက်များပြားနေတယ်ဆိုတာ ပြည်နယ်နဲ့တိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ စံချိန်တင် မူးယစ်ဆေးဝါး ဖမ်းမိမှုတွေကလည်း သက်သေတစ်ခုအဖြစ် တည်ရှိနေပါတယ်။ နိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးအသုံးပြုနေတဲ့ လူငယ်၊ လူကြီးအင်အားဟာလည်း ထုနဲ့ထည်နဲ့ ရှိနေနိုင်မှာမလွဲပါဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က ဆေးဖြတ်သင်တန်းကျောင်းဖြစ်တဲ့ Harvest Rehabilitation Center က ကျောင်းအုပ်ကြီး ဦးဇော်တောင်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

■ မေး - ဒီသင်တန်းကျောင်းကို ဘယ်လိုထူထောင်ဖြစ်တာလဲခင်ဗျ။
ဖြေ - ကျွန်တော်ကိုယ်တိုင် မြန်မာပြည်အနှံ့ကို သွားဖူးတယ်။ အဲဒီအခါမှာ အထူးသဖြင့် လူငယ်တွေက မူးယစ်ဆေးဝါးမှာ သူတို့ဘဝတွေပျက်စီးနေတယ်။ သူတို့ရုန်းထွက်ချင်တယ်။ ထွက်လို့မရဖြစ်နေတဲ့အခါမှာ သူတို့ကို ကျွန်တော်ကူညီမယ်ဆိုတဲ့ စေတနာစိတ်က ကျွန်တော့်အထဲမှာ ဖြစ်လာတယ်။ အဓိကအချက်ကတော့ ဒီမူးယစ်ဆေးဝါးသုံးတဲ့ မိသားစုတွေပေါ့နော်။ သူ့မိသားစုတွေက အရမ်းကလေးတွေနဲ့ပတ်သတ်ရင် ပူလောင်တယ်။ ကြေကွဲခံစားရတယ်ပေါ့။ အဲဒါလေးကို ကျွန်တော်မြင်တဲ့အခါမှာ ဒီမိသားစုရဲ့စိတ်ပိုင်းဆိုင်ရာ ပူလောင်ခက်ခဲခံနေရတာကို အတတ်နိုင်ဆုံးကူညီမယ်ဆိုတဲ့ စေတနာစိတ်နဲ့ ဒီကျောင်းကိုလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

■ မေး - ဘယ်အချိန်မှာ စလုပ်ခဲ့ကြလဲခင်ဗျ။ သင်တန်းကျောင်းကရော ဘယ်အချိန်မှာ စထောင်ခဲ့လဲ။
ဖြေ - ၂၀၁၂ ကတည်းက ကျွန်တော် ရန်ကုန်မှာစလုပ်ခဲ့ပါတယ်။ သင်တန်းကျောင်းထောင်တာကလည်း ၂၀၁၂ ကတည်းက ထူထောင်ခဲ့ပါတယ်။

■ မေး - မူးယစ်ဆေးဝါးသုံးစွဲမှုမှာ ဘယ်အရွယ်တွေ အများဆုံးတွေ့ရလဲ။
ဖြေ - ကျွန်တော်ဆီ ရောက်လာတာကတော့ ၁၈ နှစ်နဲ့ ၂၄ နှစ်ကြားထဲမှာများတယ်။ နောက်အိမ်ထောင်ကျပြီးသား အသက် ၄၀ ကျော်တွေ။ အဲဒါကတော့ နည်းတာပေါ့။

■ မေး - ဆေးလာဖြတ်တဲ့ ကျောင်းသားတွေကရော ဘယ်ဒေသတွေကလာကြလဲ။
ဖြေ - နယ်ပေါင်းစုံကပါပဲ။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်က ပိုများပါတယ်။

■ မေး - ဆေးလာဖြတ်ကြတဲ့ သင်တန်းသားဦးရေရော ဘယ်လောက်ရှိပြီလဲခင်ဗျ။
ဖြေ - ကျွန်တော်တို့ ခြောက်နှစ်အတွင်းမှာ ၂၄၂ ယောက်ရှိသွားပါပြီ။ အခုလက်ရှိက ၂၄ ယောက်ရှိပါတယ်။

■ မေး - ဆေးဖြတ်တဲ့ကျောင်းသားတွေကိုရော ဘယ်လိုလေ့ကျင့်မှုတွေ လုပ်ပေးတာလဲခင်ဗျ။
ဖြေ - လေ့ကျင့်မှုကတော့ သူတို့ မူးယစ်ဆေးဝါးသုံးတဲ့အတွက် အကျင့်စာရိတ္တတွေ ပျက်စီးနေတယ်။ စိတ်ပိုင်းဆိုင်ရာကို ကျွန်တော်တို့က အရင်ပြုပြင်ပေးတယ်။ ဘာလို့လဲဆို မူးယစ်ဆေးဝါးသုံးရဖို့အတွက် သူတို့ကလိမ်ရတယ်၊ ညာရတယ်၊ ခိုးရတယ်၊ လုရတယ်။ အဲဒီစိတ်ပိုင်းလေးတွေကို အရင်ပြင်ပေးပြီး နောက်ပိုင်းမှာမှ ကျမ်းစာသင်ပေးပါတယ်။ ပြီးရင် သူတို့ဘဝအနာဂတ်အတွက် အင်္ဂလိပ်စာသင်ပေးတယ်။ ပြီးရင် ဂီတသင်ပေးတယ်။

■ မေး - သူတို့သင်တန်းပြီးတဲ့အခါမှာရော သူတို့အတွက် အလုပ်ရှာပေးရတာမျိုးတွေရှိလား။
ဖြေ - ကျွန်တော်တို့က လိုက်ပြီးရှာပေးရတယ်။ ဘာကြောင့်လဲဆိုရင် မူးယစ်ဆေးဝါးသုံးခဲ့တဲ့ သူတစ်ယောက်ကို လက်ခံဖို့ဆိုတာ ခက်ခဲတယ်လေ။ သူတို့တစ်ခုခုလုပ်မှားရင်လည်း ကျွန်တော့်ခေါင်းပေါ်ရောက်လာမှာလေ။ ကျွန်တော်က အားလုံးကို ဒီသင်တန်းကျောင်းမှာရှိတဲ့ ကျောင်းသားတွေအားလုံးကို ရှင်းပြပြီးတဲ့အခါမှာ လက်ခံပြီးတော့ သူတို့ကိုလုပ်ခိုင်းတယ်။ လုပ်တဲ့အခါမှာလည်း သူတို့တကယ်ကြိုးစားပါတယ်။ တကယ်လည်း အောင်မြင်ပါတယ်။

■ မေး - ဒီသင်တန်းကျောင်းကထွက်သွားတဲ့ လူငယ်တွေက ဘယ်လိုနယ်ပယ်တွေမှာ ဘယ်လိုအလုပ်မျိုးတွေ လုပ်ကိုင်နေကြသလဲခင်ဗျ။
ဖြေ - တချို့ကတော့ အနုပညာဘက်ရောက်သွားတယ်။ အောင်မြင်တဲ့သူတွေရှိတယ်။ ဒီနေ့ ကျွန်တော်တို့ခေါ်တာတောင် မလာနိုင်အောင် အလုပ်များသွားတာပေါ့နော်။ တချို့ကျတော့ ဘာသာရေးထဲမှာ ဦးဆောင်တဲ့ဆရာတွေဖြစ်သွားတယ်။ တချို့ကျတော့ စီးပွားရေးလောကထဲ ရောက်သွားတယ်။ တကယ်လည်း အောင်မြင်တဲ့သူတွေရှိပါတယ်။ တချို့ကျ ဒီကျောင်းကနေပြန်သွားပြီးတော့ အိမ်ထောင်ကျတဲ့အခါမှာ သူ့ရဲ့နောက်မျိုးဆက်တွေ မူးယစ်ဆေးဝါးထဲမှာ မရောက်အောင်ဆိုတဲ့ ခံယူချက်တွေ ရှိသွားတဲ့အခါမှာ ကျွန်တော့်အနေနဲ့ အများကြီးဂုဏ်ယူမိပါတယ်။

■ မေး - ဖြည့်စွက်ပြောချင်တာများ ရှိပါသလားခင်ဗျ။
ဖြေ - ကျွန်တော်တို့ သင်တန်းကျောင်းကတော့ ကိုယ်ထူကိုယ်ထလုပ်ရတယ်လို့ ပြောရမှာပေါ့။ အဲဒီတော့ အခက်အခဲအများကြီးရှိပါတယ်။ ကလေးတွေအိပ်မယ့်အဆောင်တို့ ဘာတို့လည်း အများကြီးလိုအပ်ပါတယ်။ ကျောင်းစာသင်မယ့်နေရာတွေလည်း အများကြီးလိုအပ်ပါတယ်။ ဆိုတော့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီးတော့ တကယ်ဆန္ဒရှိတဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေ ကျွန်တော်တို့ကျောင်းကို လာလေ့လာလို့ရတယ်။ အတူတကွ ဝိုင်းပြီးတော့ ပါဝင်လုပ်ဆောင်ဖို့အတွက် အားလုံးကို ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးလူငယ်တွေ ပျက်စီးနေတာတွေကို ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်နေတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ မူးယစ်ဆေးဝါးဖြတ်ဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း ကျွန်တော်တို့ဆီကို လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနဲ့သော်လည်းကောင်း ဆက်သွယ်လို့ရပါတယ်။

Most Read

Most Recent