မန္တလေး နည်းပညာကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်နိုင်နှင့် တွေ့ဆုံခြင်း

မန္တလေး နည်းပညာကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်နိုင်နှင့် တွေ့ဆုံခြင်း
Published 25 March 2018

လက်ရှိအချိန်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို အတည်ပြုဖို့ ကြိုးစားနေတာဖြစ်ပြီး ဥပဒေကြမ်းမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်မယ့် အဖွဲ့အစည်းအဖြစ် ပြောင်းလဲမယ်ဆိုတဲ့ အခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဲ့လည်း အကျေအလည် ဆွေးနွေးနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တော်ဝန်၊ အတွင်းရေးမှူးနဲ့ တာဝန်ရှိသူတွေက ရွှေသံလွင်၊ ရွှေတောင်၊ ကမ္ဘောဇ၊ Asia World ၊ ရှိုင်းဆောက်လုပ်ရေး၊ ဒဂုန်အင်တာနေရှင်နယ်၊ မက်စ်မြန်မာ၊ သုခရတနာ၊ Oriental Highway စတဲ့ တိုင်ကွန်းကုမ္ပဏီကြီးတွေက တာဝန်ရှိသူတွေနဲ့ Yangon Infrastructure Development Public (YIDP) ကုမ္ပဏီဆိုပြီး ဖွဲ့စည်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တဲ့ အစည်းအဝေး မှတ်တမ်းကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီလို စည်ပင်ရဲ့ လုပ်ငန်းတွေကို ခရိုနီတွေနဲ့ လုပ်ဆောင်တော့မယ် ဆိုရာမှာ ရွှေသံလွင်ရဲ့ တွက်ချက်မှုအရ စီမံကိန်းတစ်ခုကတင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံ ကုန်ကျမှာဖြစ်တယ်လို့ ဆိုထားတာကြောင့် ရန်ကုန်တိုင်းဒေသကြီးက ကျပ်တည်းနေတဲ့ ပြည်သူတွေဟာ ဝန်ဆောင်မှုပေးလာမယ့် ကုမ္ပဏီတွေရဲ့ အခွန်အခဖိစီးမှုဒဏ် ခံနိုင်ပါ့မလား ဆိုတာ စိုးရိမ်ပူပန်စရာ ဖြစ်လာပါတယ်။ ဒီလို စိုးရိမ်ပူပန်သံတွေအတွက် YIDP အစည်းအဝေး မှတ်တမ်းကို လူမှုကွန်ရက်မှာ တင်ခဲ့သူတစ်ဦးဖြစ်တဲ့ မန္တလေး နည်းပညာကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးဇော်နိုင်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို ပြည်သူတွေ သိရှိပြင်ဆင်နိုင်ဖို့အတွက် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

“ဒီအစိုးရမှာ ပြည်သူတွေနဲ့ နီးစပ်တယ်ဆိုရင်၊ ဒီအစိုးရက ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ရှိနေတယ်ဆိုရင် အစိုးရက ဘယ်လိုစဉ်းစားနေလဲဆိုတာ ပြည်သူတွေက သိနေရမှာပေါ့။ အခုတော့ ကျွန်တော်တို့ သိမနေဘူး . . . .”

မေး - အဓိက မေးချင်တာက ခရိုနီတွေနဲ့ ပေါင်းလုပ်မယ်။ ဒီပုဒ်မဖြုတ်လိုက်လည်း သူတို့က ပေါင်းလုပ်မယ် ဆိုတဲ့အပေါ်မှာ အစ်ကို့အမြင်လေး သိချင်ပါတယ်။

ဖြေ - ဖြစ်နေတဲ့ အခြေအနေပေါ့။ ရန်ကုန်တိုင်းအစိုးရနဲ့ စည်ပင်က အလုပ်တွေ မနိုင်မနင်း ဖြစ်နေတယ်လို့ မြင်ရတယ်။ ဘယ်ကနေ ဘယ်လိုလုပ်ရမယ် မသိဖြစ်နေတယ်လို့လည်း ကျွန်တော်က မြင်ရတယ်။ အဲဒီတော့ သူတို့အတွက် အဖြေရှာတယ်။ အဖြေရှာတော့ PPP (Public-private partnership) လုပ်သင့်တာမျိုး မြင်လာကြတယ်။ အဲဒီလို မြင်လာတော့ ထလုပ်တယ်။ ထလုပ်တော့ အစည်းအဝေး မှတ်တမ်းအရဆိုရင် အလုပ်တွေ အကုန်လုံးကို တစ်ပြိုင်နက်တည်း လုပ်မယ်ဆိုတာမျိုး။ နောက်တစ်ခုက အဲဒီအစည်းအဝေး မှတ်တမ်းတင် မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ကြေညာထားတာတွေကလည်း ရှိတယ်။ မြို့သစ်လည်း တည်မယ် ဆိုတာကလည်း ရှိတယ်။ ဒါက ပထမဆုံး မြင်ရတဲ့ အခြေအနေပေါ့။ ဒုတိယ အချက်အနေနဲ့ ကျွန်တော်တို့က အသွင်ကူးပြောင်းဆဲ ကာလပါ။ ရန်ကုန်အပါအဝင် မြန်မာပြည်က အခုမှ ခေတ်တစ်ခေတ် အသစ်ကို သွားနေတာ။ ပြန်စနေတာ။ အဲဒီတော့ တို့မှာ ရန်ကုန်မြို့ကြီးကို ဘယ်လိုမြို့ကြီးအဖြစ် မြင်ချင်တာလဲဆိုတဲ့ အမြင်ရှိဖို့လိုတယ်။ Vision ရှိရမယ်။ ဘယ်လိုလုပ်မယ် ဆိုတဲ့ဟာကို ပြန်ချဉ်းကပ်တာပေါ့။ တကယ်တမ်းကျတော့ ရန်ကုန်မြို့ကြီးကို ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စမှာ အနာဂတ် ရန်ကုန်ကိုတို့က ဘယ်လိုမြင်ချင်တာလဲ။ ဥပမာအားဖြင့် နယူးယောက်လိုမျိုး Commercial City အနေနဲ့ မြင်ချင်တာလား။ ဥပမာအားဖြင့် ပေဂျင်း (ပီကင်း) လိုမျိုး မြို့တော်လည်း ဖြစ်တယ်၊ Tourist Attraction လည်းရှိတဲ့ မြို့တော်လိုမျိုး မြင်ချင်တာလား။ ဥပမာအားဖြင့် Green City လို နေရာတစ်ခုအဖြစ် မြင်ချင်တာလား။ အဲဒီလိုမျိုးတို့က ကိုယ့်ရဲ့ ရန်ကုန်မြို့ကြီးကို ဘယ်လိုမြင်ချင်တာလဲဆိုတဲ့ Vision ရှိဖို့ လိုအပ်တယ်။ ကျွန်တော်ကတော့ မသိဘူး။ သူတို့ဆီမှာ Vision ရှိ မရှိကို။ အနာဂတ် ရန်ကုန်ဟာ ဘယ်လိုဖြစ်ချင်သလဲ ဆိုတာ။ ရေတိုကာလ တစ်ခုမှာ၊ ရေရှည်ကာလ တစ်ခုမှာ။ နောက်တစ်ခါ ကြားကာလ တစ်ခုမှာ အနာဂတ် ရန်ကုန်ကို ဘယ်လိုမြင်ချင်သလဲဆိုတဲ့ အမြင် ရှိ မရှိ ကျွန်တော်ကတော့ မသိဘူး။ အမှန်တော့ ဒီအစိုးရမှာ Transparency ရှိရင် ဒီအစိုးရမှာ ပြည်သူတွေနဲ့ နီးစပ်တယ်ဆိုရင်၊ ဒီအစိုးရက ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ရှိနေတယ်ဆိုရင် အစိုးရက ဘယ်လိုစဉ်းစားနေလဲဆိုတာ ပြည်သူတွေက သိနေရမှာပေါ့။ အခုတော့ ကျွန်တော်တို့ သိမနေဘူး။ ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ကြီးဟာ Green City အဖြစ် သွားနေတာလား။ ရန်ကုန်မြို့ကြီးဟာ အဆင်ပြေသလို သွားနေတဲ့ မြို့တော်ကြီး ဖြစ်နေလား။ အဲဒီ အစည်းအဝေး မှတ်တမ်းထဲမှာပဲ ကြည့်လိုက်ရင် ရန်ကုန်မြို့ကြီးကို မြို့တော်ဝန် ပုံဖော်ထားတာ သိပ်အဆင်မပြေဘူးလေ။ စုတ်ပြတ်သတ်နေတာပဲ။ အမှိုက်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ မြို့တော်ကြီးတစ်ခုအဖြစ် သူက ပုံဖော်ထားတာ။ ဟုတ်ပြီ။ အခုလက်ရှိ အခြေအနေမှာတော့ ရှုပ်ယှက်ခတ်နေတယ်။ ညစ်ပတ်နေတယ်။ ဒီ ရန်ကုန်မြို့ကြီးကို ဘယ်လို ပြောင်းလိုက်မှာလဲဆိုတဲ့ Vision ကို မမြင်ရဘူး။ ဒါက Vision ကိစ္စ။ နောက်တစ်ခုက Master Plan ပေါ့။ အနာဂတ် ရန်ကုန်အတွက်ကို တို့က ဘယ်လိုသွားမလဲ။ မဟာဗျုဟာတွေ နည်းဗျုဟာတွေ ရှိဖို့လိုလာပြီ။ အဲဒီနေရာမှာ JICA ကနေ မဟာဗျုဟာ Master Plan တစ်ခု ဆွဲခဲ့ဖူးတယ်။ အဲဒီ Master Plan ရှိတယ်။ သို့သော် အဲဒီ Master Plan အတိုင်း လုပ်မှာလား။ ဒါမှမဟုတ်ရင် သူ့ Master Plan ကိုကြည့်ပြီးတော့ ကိုယ်လိုချင်တဲ့ ဟာလေးတွေကို ယူမယ်။ မလိုချင်တဲ့ဟာတွေ ပယ်ပြီးတော့ ကိုယ့်ဟာကိုယ် Master Plan နဲ့ ဆွဲမှာလား။ ဆိုပါတော့ ကိုယ့်ရဲ့ ရန်ကုန်မြို့ကြီး ပုံသဏ္ဌာန်က ဘယ်လိုမျိုးဖြစ်မှာလဲ။ City Center ကို ဘယ်လိုမျိုး ဖြန့်ထုတ်မှာလဲ။ ဥပမာအားဖြင့် ရန်ကုန်မြို့ကြီးရဲ့ မြို့ပတ်လမ်းတွေ (Ring Road) တွေက ဘယ်လိုရှိမှာလဲ။ ရန်ကုန်မြို့ကြီးရဲ့ သယ်ယူပို့ဆောင်ရေး လမ်းပိုင်းတွေ ချိတ်ဆက်မှုက ဘယ်လိုရှိမှာလဲ။ ဒါတွေကို သူက Master Plan ရှိဖို့ လိုအပ်တယ်။ နောက်တစ်ခါ ရန်ကုန်မြို့ကြီးရဲ့ လူဦးရေတိုးနှုန်း၊ ရန်ကုန်မြို့ကြီးရဲ့ လူမှုရေးပုံစံတွေ၊ စီးပွားရေးပုံစံတွေ ဒါတွေအားလုံးကို သူတို့ သိနေပြီးတော့ သူတို့က Master Plan နဲ့ သွားနေသလား ဆိုတာ တို့ သာမန်ပြည်သူတွေရော ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေရော မသိဘူး။ အဲဒီတော့ မသိတဲ့ကိစ္စတွေ ရှိတယ်။ မသိတဲ့ဟာတွေကို ထားလိုက်ပါတော့။ သူတို့ မဟာဗျုဟာတွေ ရှိရမယ်ဆိုတဲ့ အခါကျတော့ OK ရန်ကုန်မြို့ကြီးကတော့ မနိုင်မနင်း ဖြစ်နေတယ်။ ရှုပ်ယှက်ခတ်နေတယ်။ ညစ်ပတ်နေတယ်။ အဲဒါတွေကို လုပ်မယ်ဆိုပြီးတော့ ပြောတယ်။ အခုနက ကျွန်တော်ပြောတဲ့အတိုင်း PPP လုပ်မယ်ဆိုပြီး ထလုပ်တယ်။ PPP လုပ်မယ်ဆိုလည်း ပွင့်လင်းမြင်သာမှု ရှိရမယ်။ ပုဂ္ဂလိကကဏ္ဍ ပါလာမယ်ဆိုရင်လည်း ပုဂ္ဂလိကကဏ္ဍက ဘယ်လိုလုပ်မှာလဲ။ ကန်ထရိုက်ပေးပြီး လုပ်မှာလား။ တင်ဒါတွေ ခေါ်မယ်။ တင်ဒါတွေ ခေါ်တဲ့အခါမှာလည်း တစ်ခုပြီးမှတစ်ခု သို့မဟုတ် တစ်ခုချင်းပေါ့။ ဒီလိုမျိုးလုပ်ရမှာ။ အခုဟာက ပုဂ္ဂလိက ကုမ္ပဏီတွေ ၁၀ ခုလောက်နဲ့ ပေါင်းပြီးတော့ အကုန်လုံးကို လုပ်မယ်ဆိုတဲ့ ပုံစံမျိုး။ ကျွန်တော့်အနေနဲ့ လက်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရန်ကုန်မြို့ မပြောနဲ့ ရောမမြို့ကြီးကိုလည်း တစ်ရက်တည်းနဲ့ တည်ဆောက်လို့ မရဘူး။ အဲဒီတော့ ရန်ကုန်မြို့ကြီးကိုလည်း သုံးနှစ်အတွင်း အပြီး တည်ဆောက်လို့ရမှာ မဟုတ်ဘူး။ သူတို့က ဒီသုံးနှစ်အတွင်း ရန်ကုန်မြို့ကြီးကို ရောမမြို့ကြီးလို ဖြစ်သွားအောင်၊ နယူးယော့ခ်လို ဖြစ်သွားအောင်၊ စင်ကာပူလို ဖြစ်သွားအောင် တည်ဆောက်ချင်နေတာလား မသိဘူး။

မေး - လက်ရှိ လုပ်ဆောင်နေမှုက ဖြစ်နိုင်ပါ့မလား။

ဖြေ - သေချာတာကတော့ အဲဒီလိုမျိုး စိတ်ထဲရှိတာ ထလုပ်လို့ မရဘူး။ ထလုပ်နိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ အဲဒီတော့ ရှန်ဟိုင်းတို့၊ ဆိုးလ်တို့၊ လန်ဒန်တို့၊ ပေကျင်းတို့၊ နယူးယောက်တို့ မြို့ကြီးတွေက တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်နဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး။ နှစ်အများကြီးနဲ့ တည်ဆောက်ထားတာ။ နောက်တစ်ခုက တစ်မြို့နဲ့ တစ်မြို့ တည်ဆောက်ပုံတွေ၊ ဖွဲ့စည်းပုံတွေ၊ တည်နေရာတွေ၊ စီးပွားရေး အခြေအနေတွေ၊ လူမှုရေး အခြေအနေတွေက မတူကြဘူး။ အဲဒီတော့ ရှန်ဟိုင်းမြို့ဆိုပါစို့။ ဒီမြို့ဟောင်းနဲ့ မြို့သစ်ကို တည်ခဲ့တာ ၁၅ နှစ်ကြာတယ် ဆိုပါစို့။ ရန်ကုန်မြို့ကိုလည်း ၁၅ နှစ်အတွင်း ရှန်ဟိုင်းမြို့လိုဖြစ်အောင် တည်မယ်ပေါ့။ ဆိုပါတော့ စင်ကာပူနိုင်ငံဟာ အခြေအနေတစ်ခုကို ရောက်အောင် အနှစ် ၂၀ ကြာခဲ့တယ် ဆိုပါတော့။ စင်ကာပူကို တည်ခဲ့တာတောင် အနှစ် ၂၀ ကြာခဲ့တာ။ တို့က အနှစ် ၂၀ တောင် မဟုတ်ဘူး။ ၁၅ နှစ်အတွင်း ဆိုပါတော့။ အဲဒီလိုမျိုး စိတ်ထဲမှာ ရည်ရွယ်တာ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်လို့ရနိုင်လား မရနိုင်ဘူးလားဆိုတာကို ချင့်ချိန်ဖို့ လိုတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ၊ တိုင်းပြည်ရဲ့ငွေကြေး အခြေအနေက သူတို့နဲ့ မတူဘူးလေ။ သူတို့ရဲ့ ဂျီဒီပီ၊ သူတို့ရဲ့ ကုန်ထုတ်လုပ်နိုင်မှု စွမ်းအား၊ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှု စွမ်းအားတွေက ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ မတူဘူးလေ။ အဲဒီတော့ ပြောရရင် စိတ်ရှိတိုင်း၊ စိတ်ထဲမှာ ရှိတာတွေ ထပြီး လုပ်လို့မရဘူးဆိုတာ ပြောချင်တယ်။

မေး - ကုမ္ပဏီ ၁၀ ခုလောက်နဲ့ လုပ်လာမယ်။ ဒီကုမ္ပဏီတွေက ပြည်သူတွေဆီကနေ အခွန်အခတွေ ကောက်လာမယ် ဆိုတဲ့ပုံစံမျိုး လုပ်နေတာ တွေ့ရပါတယ်။ အဲဒီအပေါ်မှာရော၊ လက်ရှိ တိုင်းပြည် အခြေအနေအပေါ်မှာရော သူတို့ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတဲ့ ပုံစံမျိုးမှာ သူတို့ တောင်းဆိုမယ့် ဝန်ဆောင်ခ ငွေကြေးပမာဏတွေကို ပြည်သူတွေက ပေးဆောင်နိုင်ပါ့မလား။

ဖြေ - အစည်းအဝေး မှတ်တမ်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသွားတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ် ဆိုတဲ့ စကားလုံး သုံးသွားတယ်။ အဲဒီ ငါးကြင်းဆီ နဲ့ ငါးကြင်းကြော်တယ် ဆိုတဲ့ စကားလုံးက အမှန်တကယ်တော့ သူပြောချင်တာ ရန်ကုန်မှာ ဒီကုမ္ပဏီတွေရဲ့အင်အားနဲ့ လုပ်မယ်ပြောတာပေါ့။ အမှန်တော့ ဒီလုပ်ငန်းတွေကို ရွှေသံလွင်က တွက်ချက်ထားတာ တစ်ခုရှိတာပေါ့။ လုပ်ငန်းတစ်ခုတည်း တွက်ချက်ထားတာကို အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံ၊ ဒေါ်လာ သန်း ၇၀၀၀ လောက် ရှိတယ်။ အဲဒီတော့ ဒီကုမ္ပဏီတွေက အမေရိကန်ဒေါ်လာ သန်း ၇၀၀၀ လောက် ချမ်းသာတဲ့ကုမ္ပဏီ ဘယ်ကုမ္ပဏီရှိလဲ။ ပြောစမ်းပါ။ ပြစမ်းပါ။ အဲဒီကုမ္ပဏီ ၁၀ ခုပေါင်းရော ဒေါ်လာ သန်း ၇၀၀၀ ချမ်းသာလား။ အဲဒီတော့ သန်း ၇၀၀၀ လောက် တန်တဲ့ လုပ်ငန်းတွေ စီမံချက်တွေကို ဒီကုမ္ပဏီတွေကို ပေးမယ်။ လုပ်ကြဆိုတော့။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ်ဆိုတာ အဲဒီ ငါးကြင်းဆီက ဒီကုမ္ပဏီတွေရဲ့ ဆီ မဟုတ်တော့ဘူး။ ပြည်သူတွေရဲ့ဆီနဲ့ ငါးကြင်းကြော်မှာ။ ပြည်သူတွေဆီကနေ အခွန်အကောက် တိုးကောက်မှာ။ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ ဒီကုမ္ပဏီတွေက ဒီအလုပ်တွေကို လုပ်မှာ။ အဲဒီတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ် ဆိုရင် ဒီကုမ္ပဏီတွေက ပြည်သူတွေ မြို့တော်သူ မြို့တော်သားတွေဆီက အခွန်အကောက်တွေ ကောက်ပြီးတော့ လုပ်မှာ။ အဲဒီတော့ တကယ်တမ်း ဘေးကျပ်နံကျပ် တကယ်ဖြစ်မှာက အဲဒီအချိန်ကျရင် အစိုးရပဲဖြစ်မှာ။ ဘာကြောင့် အဲဒီလိုပြောသလဲ ဆိုတော့ အခု YBS လုပ်တယ်။ အခု ကားခတွေ တိုးကောက်ထားတယ်။ အရင်တုန်းက ၁၀၀ လောက် ကုန်တာကို ၂၀၀ လောက် ပေးရတယ်။ အခု ၃၀၀ တန်ကားတွေ အသစ်ဆွဲလာတယ်။ အဲဒီတော့ ပြည်သူတွေဆီက တိုးကောက်တယ်။ အဲဒီတော့ ပြည်သူတွေက သူတို့ ကုန်ကျစရိတ်များလာတော့ အော်တယ်။ အော်တော့ ဘယ်သူ့ဆီအော်လဲဆို အစိုးရဆီ အော်တာလေ။ အဲဒီတော့ အစိုးရက ကြားညပ်လိမ့်မယ်။ ပြည်သူနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြားမှာ အစိုးရက ကြားညပ်လိမ့်မယ်။ အဲဒီတော့ တကယ်တမ်းကျတော့ ဒီအစိုးရက ဘယ်လောက်ခံမှာလဲ။ နောက်အနှစ် ၂၀ လုံး ဒီအစိုးရက ဆက်လုပ်နေမှာလား။ ဥပမာအားဖြင့် ဒီ ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် နောက်ထပ် အနှစ် ၂၀ ဆက်ဖြစ်နေမှာလား။ ဦးမောင်မောင်စိုးကရော မြို့တော်ဝန် အနှစ် ၂၀ ဆက် ဖြစ်နေမှာလား။ အဲဒီတော့ ဒီလုပ်ငန်းတွေ လုပ်ဖို့ဆိုတာ သုံးနှစ်နဲ့ ပြီးမှာ မဟုတ်ဘူး။ ရှစ်နှစ်နဲ့လည်း ပြီးမှာ မဟုတ်ဘူး။ အဲဒီတော့ အဲဒီလောက် အဝေးကြီး ဆက်လုပ်နေမှာလား။ သူတို့လုပ်ရင် သူတို့က ကြားညပ်မှာ။ သူတို့ မလုပ်ရင် နောက်တက်လာတဲ့ အစိုးရက ကြားညပ်မှာ။ နောက်တက်လာတဲ့ အစိုးရက ကြားမညပ်ဦးတော့ ရှေ့အစိုးရ လုပ်သွားတာ နောက်အစိုးရက ဖျက်လို့မရတဲ့ အခါကျတော့ ဘာဖြစ်မလဲဆိုတော့ ဒီကုမ္ပဏီတွေအတွက်ကို စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ရာ ရောက်ပြီးတော့ ပြည်သူတွေအတွက်ကို ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ ဖိနှိပ်မှုတွေကို ဖန်တီးပေးခဲ့သလို ဖြစ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

မေး - လက်ရှိမှာဆို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဦးဝင်းအောင်တို့၊ ဦးရှိန်ဝင်းတို့၊ ဦးသာဌေးတို့ လုပ်ငန်းရှင်ကြီးတွေပါတဲ့ Yangon Metropolitan Development Public ကုမ္ပဏီဆိုပြီး ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဖွဲ့ထားတာ ရှိတယ်။ အခုလည်း Yangon Development Public ကုမ္ပဏီဆိုပြီး ဖွဲ့စည်း ဆောင်ရွက်ဖို့ လုပ်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း စက်သုံးဆီဆိုင်တွေ ဖွင့်ဖို့ ကုမ္ပဏီထောင်မယ် ဆိုပြီး ပြောထားတာ ရှိသေးတယ်။ အဲဒီလိုမျိုး အစိုးရက စီးပွားရေးလုပ်ငန်းတွေ ပါဝင်လုပ်ကိုင်နေတဲ့ အပေါ်မှာ မှတ်ချက်ပေး ပေးပါ။

ဖြေ - အစိုးရက အစိုးရအလုပ်ကို လုပ်ရမှာ။ အစိုးရက စီးပွားရေး ဝင်လုပ်လို့ မရဘူး။ အစိုးရက စီးပွားရေး လုပ်ငန်းတွေကို ပိုင်တဲ့ သာဓကတွေ ရှိတယ်။ စင်ကာပူမှာလည်း အစိုးရ ရှယ်ယာတွေနဲ့ အစိုးရက စီးပွားရေး လုပ်ငန်းတွေကို ပိုင်တာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီ စီးပွားရေး လုပ်ငန်းတွေဟာ သူတို့ဘာသာ စီးပွားရေးလုပ်ကြပြီး အစိုးရက ရှယ်ယာတွေ ရှိနေတာ။ အဲဒီတော့ အခုပဲ လွှတ်တော်မှာ မေးခွန်းထုတ်နေပြီ။ YBS မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံတွေ ရှိတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြည်သူတွေရဲ့ ပိုက်ဆံ၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်၊ ပြည်သူ့ ဘဏ္ဍာငွေတွေကို သုံးပြီးတော့ ရင်းနှီးမြှုပ်နှံထားတာတွေ ရှိတယ်။ အဲဒါတွေကို အခု ဘယ်သူက တာဝန်ခံမှာလဲ။ အဲဒီပိုက်ဆံတွေက စီးပွားရေး လုပ်ငန်းထဲမှာ ဝင်လုပ်ထားတဲ့အတွက်ကြောင့် ရှုံးခဲ့ရင် ဘယ်သူ တာဝန်ခံမှာလဲ။ ကျွန်တော်တို့က ပြည်သူတွေရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ ချောမွေ့စေရေးကို သုံးတာပါလို့ ပြောလို့မရဘူး။ ဒါက သုံးတာ မဟုတ်ဘူး။ ကုမ္ပဏီထဲမှာ ရှယ်ယာ ဝင်ထည့်ထားတာ။ အဲဒီတော့ ဒီပိုက်ဆံက ပျောက်ပျက်သွားလို့ မရဘူး။ တာဝန်ခံဖို့ လူရှိရမယ်။ တာဝန်ခံရမယ်။ ဒီအစိုးရ ဝန်ကြီးချုပ်တွေ မြို့တော်ဝန်တွေ ဆင်းသွားတဲ့ အချိန်ကျရင် နောက်ဝန်ကြီးချုပ်တွေ၊ မြို့တော်ဝန်တွေက တာဝန်ခံရမှာလား။ မဟုတ်ဘူး။ အဲဒီတော့ ကိုယ်လုပ်တဲ့ အလုပ် ကိုယ်တာဝန်ခံဖို့ လိုတယ်။ အဓိက အရေးအကြီးဆုံးက အစိုးရဟာ အစိုးရအလုပ် လုပ်ဖို့ အရေးကြီးတယ်။ အစိုးရက စီးပွားရေး ဝင်လုပ်ရင် ရှေ့မှာ သာဓကတွေ ရှိခဲ့ဖူးတယ်။ ဆိုရှယ်လစ်ခေတ်။ ဦးနေဝင်း။ နောက်ဆုံးကျတော့ အနုတ်လက္ခဏာ ပြပြီးတော့ ဆင်းပြေးရတယ်။ အဲဒီတော့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး LDC နိုင်ငံအဖြစ် ရောက်သွားတယ်။ အခုဟာက ဆိုရှယ်လစ်ခေတ်ကို ပြန်ပြီးတော့ သွားသလို ဖြစ်နေတယ်။ သူတို့က ပြောတယ်။ ဒါဟာ ဆိုရှယ်လစ် မဟုတ်ဘူး။ စီးပွားရေး လုပ်မှာ မဟုတ်ဘူး။ ပြောတာက တစ်မျိုး၊ တကယ်တမ်း ကျတော့ သူတို့က ရှယ်ယာ ဝင်လုပ်တာလို့ ပါတယ်။ ပြီးတော့ကျ အဲဒီရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီထဲမှာ BOD အနေနဲ့လည်း ဝင်ပါမယ် ပြောတယ်။ အဲဒီအစည်းအဝေး မှတ်တမ်းကိုပဲ ပြန်ကြည့်ရင် အစည်းအဝေး မှတ်တမ်းမှာကို ပြောနေတာတွေက ရှေ့နောက် မညီတာ အများကြီးပဲ။ အဲဒီတော့ အကောင်းဆုံးကတော့ အစိုးရက အစိုးရအလုပ် လုပ်တာ အကောင်းဆုံးပဲ။ Government Intervention ဆိုတာ အစိုးရကိုယ်တိုင်က ရန်ကုန်မြို့ကြီးကို ကိုယ်မြင်ချင်တဲ့ ပုံစံအဖြစ် ပုံဖော်ဖို့အတွက်ကို သူတို့အနေနဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်လို့ရတယ်။ ဥပမာအားဖြင့် လမ်းမကြီး တစ်ဖက်တစ်ချက်မှာ သစ်ပင်တွေ ရှိချင်ရင် သစ်ပင်တွေ စိုက်ဖို့အတွက်ကို လမ်းမကြီး တစ်ဖက်တစ်ချက်ကို လူသွားစြင်္ကံ ရှိရမယ်။ နောက်တစ်ခါ သစ်ပင်စိုက်ပျိုးနိုင်ဖို့အတွက် ငါးပေ ထပ်ချန်ရမယ်။ ရေမြောင်းတွေအတွက် ဘယ်နှပေရှိရမည် ဆိုတာမျိုး ဥပဒေတွေ နည်းဥပဒေတွေ ထုတ်ပြီးတော့ ကိုယ့်ရဲ့ ရန်ကုန်မြို့ကြီးကို ပုံဖော်ရမှာ။ ဒီလိုပဲ စီးပွားရေး လုပ်ငန်းတွေကိုလည်း စည်းကမ်းတွေ၊ နည်းလမ်းတွေ၊ ဥပဒေတွေနဲ့ အကောင်အထည်ဖော်ရမှာ။ အခွန်အကောက်ဆိုလည်း အဲဒီလိုပဲ။ ရန်ကုန်မြို့ကြီးကို ဘယ်လိုပုံ မြင်ချင်တာလဲ ဆိုတာကို Government Intervention အစိုးရ လုပ်ထုံးလုပ်နည်းတွေနဲ့ ပုံဖော်ရမယ့်အစား စီးပွားရေးလုပ်ငန်း ဝင်လုပ်ပြီးတော့ အဲဒီကရတဲ့ ငွေနဲ့ ပုံဖော်ဖို့ ကြိုးစားနေတယ်။ ကျွန်တော်မြင်တာတော့ လုံးဝမှားနေတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Most Read

Most Recent