<

ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်းနှင့် တွေ့ဆုံခြင်း

‘ရုပ်ရှင်သမားတွေ အနုပညာဖန်တီးရာမှာ ပရိသတ်တွေအတွက် အကျိုးပြုမပါရင်တောင် အတုခိုးမှားတာတွေ မထည့်ကြပါနဲ့၊ စေတနာထည့်သွင်းပြီး ဖန်တီးကြပါလို့ အကြံပေးချင်ပါတယ်’

အကယ်ဒမီထူးချွန်ဆု များစွာရရှိထားကာ ရုပ်ရှင်၊ စာပေအနုပညာဖန်တီးမှုများအား လက်ရှိအချိန်အထိလည်း ပြုလုပ်လျက်ရှိပြီး မျိုးဆက်သစ်လူငယ်များအတွက်လည်း လက်ဆင့်ကမ်း မျှဝေပေးလျက်ရှိသူတစ်ဦးမှာ ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်းပင်ဖြစ်သည်။ မတ် ၂၃ ရက်တွင်ပြုလုပ်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုများအား စိစစ်အကဲဖြတ်ရွေးချယ်ခဲ့သူများတွင် ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်းလည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သည့် အနုပညာအတွေ့အကြုံများအားအခြေခံကာ အကယ်ဒမီထူးချွန်ဆုများနှင့် အထိုက်တန်ဆုံးအနုပညာရှင်များဆု ဆွတ်ခူးနိုင်ရန်အတွက် ပါဝင်အကဲဖြတ်ပေးခဲ့သည့် ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်းနှင့် တွေ့ဆုံ၍ ယခုနှစ် အကယ်ဒမီထူးချွန်ဆု စိစစ်အကဲဖြတ်မှုအတွေ့အကြုံများ၊ ဇာတ်ကား ၅၃ ကားအပေါ် ဝေဖန်သုံးသပ်မှုများ၊ အနုပညာရှင် အတတ်ပညာရှင်များအတွက် အကြံပေး သုံးသပ်လိုသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး – အခုနှစ်အကယ်ဒမီ စိစစ်အကဲဖြတ်မှုတွေ ပြုလုပ်ရာမှာ ခါတိုင်းနှစ်တွေထက် ဇာတ်ကားအရေအတွက် နှစ်ဆလောက် များပြားခဲ့တယ်ပေါ့နော်။ အဲဒီလိုဇာတ်ကားအများကြီးကို စိစစ်ခဲ့ရတဲ့ အတွေ့အကြုံလေး အရင်သိချင်ပါတယ်။
ဖြေ – ဒီနှစ်မှာ ကျွန်တော်တို့က စိစစ်အကဲဖြတ်အဖွဲ့ဝင် ၃၁ ယောက်ရှိတယ်။ နောက်တော့ ဦးသန်းညွန့်က ဒုတိယဆင့်မှာ သူ့ဇာတ်ကားပါသွားတော့ အကဲဖြတ်အဖွဲ့က ထွက်ပေးတယ်။ ဆိုတော့ အယောက် ၃၀ ကျန်တာပေါ့။ ဘယ်လိုအကဲဖြတ်လဲဆိုရင် ဆက်ကြည့်သင့်တဲ့ကားကို (၁) လို့ပေးတယ်။ မကြည့်သင့်တဲ့ကားကို သုညပေးလိုက်တယ်။ အားလုံးပေးကြတဲ့ အမှတ်ကိုပေါင်းပြီး ဇာတ်ကားအရေအတွက်ရဲ့ ရာခိုင်နှုန်း ၂၀ လောက်ပဲ ဒုတိယဆင့်ကိုပါလာတာပါ။

■ မေး – ပထမဆင့်မှာကြည့်ရတဲ့ ဇာတ်ကား ၅၃ ကားရဲ့အရည်အသွေးကို အကြမ်းဖျင်းသုံးသပ်ပါဆိုရင် ဘယ်လိုသုံးသပ်ချင်ပါလဲ ဆရာ။
ဖြေ – ဝေဖန်ရေးဆရာတွေကို ပြချင်တာပါ။ စိန်ခင်မောင်ရီတို့၊ စံရှားတို့ပေါ့။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ၊ မညစ်သည်ဖြစ်စေ ကြည့်ရတာပေါ့လေ။ ရုပ်ရှင်လောကသားတွေကို တစ်ခုပြောချင်တာက ပိုက်ဆံကို သိပ်တော့ပြူးတူးပြဲတဲ ရှာစရာမလိုပါဘူး။ စေတနာလေးထားပြီး ရှာကြပါလို့တော့ ပြောချင်တယ်။ ကြည့်ရင်းနဲ့ ခံစားရတာပေါ့လေ။ ကိုယ်လည်း ရုပ်ရှင်သမားပါပဲ။ အခြားနည်းနဲ့လည်း ပိုက်ဆံရှာလို့ရပါတယ်။ အများကြည့်တဲ့အခါ အတုယူမှားလောက်တာတွေ ရိုက်ပြီး ပိုက်ဆံမရှာစေချင်ဘူး။ ကြည့်လိုက်ကြတဲ့အခါ အများအားဖြင့် အကဲဖြတ်အဖွဲ့ဝင်တွေက သိသာပါတယ်။ ရှုံ့တွပြီး စိတ်ညစ်သွားကြတာပေါ့။

■ မေး – ဒီနှစ်မှာ ကားကောင်းတွေနဲ့ အနုပညာဖန်တီးမှု အသစ်တွေလည်း ပါနေတယ်ဆိုတော့ ဘယ်လိုခံစားရပါလဲဆရာ။
ဖြေ – အားရှိပါတယ်။ ကျွန်တော်တို့မမြင်တဲ့ အမြင်မျိုးလေးတွေ မြင်တတ်ကြတယ်။ ကျွန်တော်တို့ ၁၉၄၁ ခုနှစ်လောက်က Citizen Cane ဆိုတဲ့ဇာတ်ကားမှာ ဇာတ်ညွှန်းရေးနည်းက သိပ်ထူးဆန်းတယ်။ မင်းသားသေတဲ့ အခန်းကစတယ်။ အခုလည်း အဲဒီလိုသဘောမျိုးပေါ့။ လူငယ်တွေဖန်တီးထားတာက ပုံမှန်မဟုတ်သော ဇာတ်ညွှန်းရေးနည်းပေါ့။ နံပါတ် (၁) ကနေ ၁၀ ကိုသွားတာမဟုတ်ဘူး။ နံပါတ် ၁၀ အရင်လာမယ်။ ပြီးရင် (၈) လာမယ်။ ပြီးတော့ (၉) ပေါ်လာတာမျိုးပေါ့။ ပရိသတ်က ထလို့ကိုမရဘူး။ အလွတ်မခံနိုင်ဘူး။ အဲဒီလောက်ကောင်းတဲ့ ဇာတ်ညွှန်းမျိုးလည်းပါတယ်။ ဓာတ်ပုံလည်းကောင်းတယ်။ အသံလည်း ဇာတ်ကားအများစုကောင်းတယ်။ ဇာတ်ကား ၅၃ ကားမှာ ကား ၅၀ လောက်ကိုကောင်းတယ်။ အဲဒါကတော့ ကျေနပ်ရပါတယ်။

■ မေး – ဒုတိယအဆင့်မှာ အကဲဖြတ်ရတဲ့အခါမှာရော အခက်တွေ့ရတာမျိုးရောရှိလား။
ဖြေ – ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ပထမဆင့်မှာ ကျွန်တော်က (၁) ပေးပေမယ့် (၁) ပေးတဲ့သူနည်းတာကြောင့် ကျန်ခဲ့တဲ့ဇာတ်ကားတွေလည်းရှိတယ်။ ဒါကတော့ ပုဂ္ဂလိကခံစားချက်ကိုပြောတာပါ။ ဆိုလိုတာက ဇာတ်ကားကောင်းတာတွေလည်း ရှိတယ်ဆိုတာကိုပြောချင်တာပါ။ ကောင်းတဲ့ကားပါသလို စိတ်ပျက်စရာတွေလည်းပါတယ်။ ဒုတိယဆင့် ပြန်ကြည့်ရာမှာတော့ အပြိုင်းအရိုင်းဖြစ်နေတယ်။ မင်းသားတွေရော မင်းသမီးတွေပါ အရမ်းကောင်းကြတယ်။ ကျွန်တော်တို့ အဲဒီအချိန်မှာ သံယောဇဉ်စိတ် ဖျောက်ရတယ်။ စံချိန်စံညွှန်းစာရွက်နဲ့ကြည့်ပြီး အပြစ်ရှာရတယ်။ သူတို့က သိပ်ကောင်းနေတော့ အပြစ်ကိုပဲလိုက်ရှာရတာပေါ့။ သူဘယ်နေရာလိုအပ်တာရှိလဲ၊ အ၀တ်အစားက သူ့ဇာတ်ကောင်စရိုက်နဲ့ ဘယ်လောက်ညီမလဲ။ ဆင်းရဲတဲ့ဇာတ်ရုပ်ဆိုရင် brand အကောင်းစားတွေ ၀တ်ထားမယ်ဆိုရင် မကိုက်တော့ဘူးလေ။ အင်္ကျီအ၀တ်အစားတောင် ကြာကြာဝတ်ထားတဲ့ အင်္ကျီနဲ့အသစ်ကို ဟောင်းအောင် လုပ်ထားတာမတူဘူးလေ။ အဆင်အပြင်၊ ဆံပင်ပုံစံ၊ သရုပ်ဆောင်မှု အားလုံးကိုသေချာကြည့်ပါတယ်။ ဒီနှစ်မှာ ထူးခြားလာတာက အမူအရာလုပ်တာကို မကြည့်ပါနဲ့။ ဇာတ်ကောင်ဖြစ်သွားတာကို ကြည့်ပါဆိုတာကို တော်တော်ပြောဖြစ်ကြတယ်။ သိပ်သရုပ်ဆောင်နေတာလား ဆိုတာမျိုးပေါ့။ အဲဒီလိုအသေးစိတ်လေးတွေကအစ သတိထားစိစစ်ခဲ့ပါတယ်။

■ မေး – တည်းဖြတ်တို့၊ အသံတို့၊ ဇာတ်ညွှန်းဆုတို့လို အတတ်ပညာပိုင်းဆိုင်ရာ ဆုတွေနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါဦး။
ဖြေ – ဇာတ်ညွှန်းဆိုရင် ကန့်သတ်ထားတာက ဇာတ်ညွှန်းစာအုပ်တင်ဖို့ ပြောထားတယ်။ ကျွန်တော်တို့လည်း သေချာဖတ်တယ်။ မူရင်းဝတ္ထုရှိရင် မူရင်းဝတ္ထုကိုပါဖတ်ပါတယ်။ ကော်ပီဇာတ်ကားဆိုရင် ကော်ပီဇာတ်ကားကိုပါ လိုက်ကြည့်တယ်။ ပရိသတ်ကိုလည်း အားကိုးပါတယ်။ ပရိသတ်ကကိုယ့်ထက် ပိုပြီးကြည့်နိုင်အားရှိပါတယ်။ နောက်နှစ်တွေမှာတော့ စဉ်းစားထားတယ်။ ကော်ပီရှိရင် ကော်ပီဇာတ်ကားကိုပါ တစ်ခါတည်းတွဲတင်ဖို့ပေါ့။ ကျွန်တော်တို့ စံချိန်စံညွှန်းမှာက ကော်ပီဇာတ်ကားဆိုရင် ဒါရိုက်တာဆုနဲ့ ဇာတ်ကားဆုကိုမပေးဘူးပေါ့။ အဲဒီလို စံချိန်စံညွှန်းတွေနဲ့ကိုက်ပြီး အကဲဖြတ်ခဲ့တာပါ။

■ မေး – အထူးဆုနဲ့ ပတ်သက်လို့လည်း ရင်ခုန်မှုက အမျိုးမျိုးဖြစ်နေကြတယ်နော် ဆရာ။
ဖြေ – အထူးဆုက ပြဿနာတစ်ခုရှိတယ်။ အထူးဆုက အဓိကဆုတွေထဲက မဟုတ်တာမျိုး ပိုပြီးဖြစ်သင့်တယ်။ အထူးဆုဆိုပြီး မင်းသားဆု၊ မင်းသမီးဆု ထပ်မပေးသင့်ဘူး။ ကလေးသရုပ်ဆောင်ဆုတော့ ပေးလို့ရတယ်။ မနှစ်ကဆိုရင် အထူးဆုကို ဇာတ်ကားဆု ထပ်ပေးလိုက်တယ်။ အဲဒါက နည်းနည်းအငြင်းပွားစရာဖြစ်သွားတာပေါ့။ သူတို့ကလည်း အရမ်းကြိုးစားထားပါတယ်။ ဒါကြောင့် ပေးလိုက်တာဖြစ်မှာပါ။ ပေးမယ်ဆိုရင် make-up တို့၊ costume တွေ၊ production designer လိုမျိုးတွေ ပေးလို့ရပါတယ်။ အသံဆိုရင်လည်း သီချင်းလိုသပ်သပ်ပေးတာ မရှိသေးဘူး။ မှုန်ရွှေရည်လိုသီချင်းတွေ သိပ်ကောင်းတယ်ဆိုရင် ပေးလို့ရတယ်။ အထူးဆုကတော့ အကဲဖြတ်အဖွဲ့တွေရဲ့ တစ်ဦးချင်းဆန္ဒတွေအပေါ် မူတည်ပါတယ်။ တစ်ဦးချင်းက ဘယ်လိုပေးချင်တယ်ဆိုတာကို အားလုံးသေချာရေးကြတယ်။ အဲဒီအပေါ် ပြန်ပြီးဆုံးဖြတ်ကြတာပေါ့။

■ မေး – အကဲဖြတ်တစ်ယောက်အနေနဲ့ အတွေ့အကြုံတွေ အများကြီးရှိသူတစ်ယောက်အနေနဲ့ ဒီနှစ်က ကျေနပ်စရာဖြစ်ရဲ့လား ဆရာ။
ဖြေ – ကျေနပ်ပါတယ်။ အရင်နှစ်တွေက နည်းလည်းနည်းတယ်။ ဒီနှစ်ကရွေးရခက်ပေမယ့် ဇာတ်ကားတွေ ကောင်းတာတွေပါလာတော့ ကျေနပ်ပါတယ်။

■ မေး – နှစ်တိုင်းကဝေဖန်မှုက အမြဲရှိတတ်တော့ ဆရာတို့အနေနဲ့ ပြောချင်တာများရှိမလား။
ဖြေ – ကျွန်တော်တို့က အကယ်ဒမီစိစစ်အကဲဖြတ်တဲ့ စံချိန်စံညွှန်းတွေကို အစောကြီးကတည်းက ထုတ်ပြန်ထားပါတယ်။ အဲဒါလေးတွေနဲ့ ပြန်ကြည့်ပေးကြပါ။ ပရိသတ်က ကျွန်တော်တို့ကို မေတ္တာပို့ကြမယ်ဆိုရင်လည်း ဇာတ်ကား ၅၃ ကားစလုံးကို ကြည့်စေချင်ပါတယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ကိုလည်း ကိုယ်ချင်းစာနိုင်မယ်ပေါ့လေ။

March 24, 2018














Copy Protected by Chetan's WP-Copyprotect.