သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခြင်း
Published 20 March 2018

မတ် ၂၃ ရက်တွင်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲအတွက် ရုပ်ရှင်ချစ်ပရိသတ်များနှင့် အနုပညာရှင်များက ရင်ခုန်သံမြန်နေကြပြီ ဖြစ်သည်။ အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် အဓိကအမျိုးသမီးဇာတ်ဆောင်ဆုကို ‘ရင်ဘတ်ထဲက ဓား’ ဇာတ်ကားဖြင့် အကယ်ဒမီအိန္ဒြာကျော်ဇင်အား ပရိသတ်များက ခန့်မှန်းပေးလျက်ရှိသည်။ ‘ရင်ဘတ်ထဲကဓား’ ဇာတ်ကားတွင် မိခင်ဖြစ်သူ၏ ဆိုးရွားသည့်ဖြစ်ရပ်အား မျက်မြင်ကြုံခဲ့ရပြီး လက်တွေ့အိမ်ထောင်ပြုသည့်အချိန်တွင် အိမ်ထောင်ဖက်နှင့် မိသားစုဝင်များ၏ မျှော်လင့်မထားသည့် ဆိုးရွားသောလုပ်ရပ်များအား ကြုံတွေ့ရသည့် အမျိုးသမီးအဖြစ် အကောင်းဆုံး ပုံဖော်ထားခြင်း ဖြစ်သည်။ အနုပညာရှင်များနှင့် ပရိသတ်များ၏ ခန့်မှန်းပေးမှုများဖြင့်ပင် ကျေနပ်ပျော်ရွှင်ရသည်ဟုဆိုခဲ့သည့် အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံ၍ အကယ်ဒမီရင်ခုန်သံနှင့် ရုံတင်ပြသတော့မည့် Reflection ဇာတ်ကားအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

■မေး - မအူဝဲကို အကယ်ဒမီအတွက် ပရိသတ်တွေအားလုံးက ရင်ခုန်ပေးနေကြတယ်။ မအူဝဲရဲ့ ရင်ခုန်သံကိုလည်း သိချင်ပါတယ်။

■ ဖြေ - အူဝဲရဲ့ရင်ခုန်သံက အများကြီးတော့ စိတ်ထဲမှာမထည့်ထားဘူး။ အခုချိန်အထိ Relax ပဲထားပါတယ်။ အခုအချိန်မှာ ထင်ကြေးပေးနေတာတွေ၊ ရမယ်လို့ပြောနေတာတွေကလည်း မှန်းကြတာပေါ့နော်။ အဲဒီအတွက် ရင်ခုန်ပေးကြတဲ့၊ အူဝဲအတွက် ဆုတောင်းပေးကြတဲ့၊ ရစေချင်ကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ရ မရ ဆိုတာကတော့ အကယ်ဒမီပွဲကျမှပဲ သေချာသိရမှာပေါ့။ အနုပညာရှင်တွေကလည်း ကိုယ့်ကိုချစ်ပြီး ခန့်မှန်းပေးကြတယ်။ အဲဒီအပေါ်မှာလည်း ကျေးဇူးတင်ပါတယ်။ အကယ်ဒမီအတွက် အဲဒီလို ဆုတောင်းပေးကြ၊ ရစေချင်ကြတာနဲ့တင် အူဝဲကျေနပ်နေပါပြီ။

■ မေး - ရင်ဘတ်ထဲကဓားဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့အပေါ် အားရကျေနပ်မှု ဆိုရင်ရော အပြည့်အဝရှိခဲ့လား။

■ ဖြေ - အားရကျေနပ်မှုတော့ အပြည့်အဝရှိပါတယ်။ ဇာတ်လမ်းလည်း ကောင်းသလို လုပ်ကွက်လည်းရှိတယ်။ ကိုယ်ပိုင်ပိုင်နိုင်နိုင် လုပ်ပြလို့ ရမယ့်ဇာတ်မျိုးလည်း ဖြစ်တယ်။ အဲဒီအတွက် အားရကျေနပ်ပါတယ်။

■ မေး - ရင်ဘတ်ထဲကဓား ဇာတ်ကားထဲက ကာရိုက်တာက မအူဝဲအတွက် အရင်ဇာတ်ကားတွေထဲက ကာရိုက်တာတွေနဲ့ ဘယ်လိုကွာခြားမလဲ။

■ ဖြေ - ဇာတ်ကောင်စရိုက်ကတော့ မထူးဆန်းဘူး။ ဒါပေမဲ့ Mood ကတော့ တစ်ခါမှ မလုပ်ဖူးတဲ့ Mood တွေပေါ့နော်။ သူက စိတ်ထဲမှာခံစားချက်တွေ အရမ်းပြင်းထန်လာတဲ့ အဆုံးမှာဖြစ်သွားတဲ့ ခံစားချက်ပေါ့။  အစ်မလည်း ဇာတ်ကားတွေအများကြီး ရိုက်ခဲ့ဖူးပေမယ့် မတူဘူးပေါ့။ အရမ်းပြင်းထန်တဲ့ Mood လို့ ပြောလို့ရတယ်။

■ မေး - ဖြတ်သန်းလာတဲ့သမ္ဘာ၊ အတွေ့အကြုံတွေများလာသလို ဒီဇာတ်ကားက ကိုယ့်ရဲ့ အရည်အချင်းကို တကယ်လည်းအများကြီး ပြသခွင့်ရတဲ့ဇာတ်ကားဖြစ်နေတော့ အရင်ဇာတ်ကားတွေမှာထက် ကိုယ့်ရဲ့အရည်အချင်းကိုပြနိုင်တဲ့ ဇာတ်ကားဖြစ်တယ်လို့ ပြောလို့ရမလား။

■ ဖြေ - ပြောလို့ရပါတယ်။ ဒီဇာတ်ကားက လုပ်ခွင့်ရတဲ့ကားမျိုးပေါ့နော်။ ရုပ်ရှင်လောကမှာ အထူးသဖြင့် သရုပ်ဆောင်ပေါ့နော်။ ကိုယ့်ဘာသာ ဘယ်လောက်လုပ်တတ်နေ လုပ်တတ်နေ၊ ကိုယ်ဘယ်လောက် လုပ်ချင်နေ လုပ်ချင်နေ ကိုယ့်ကိုလုပ်ခွင့်ရတဲ့၊ လုပ်ကွက်ရှိတဲ့ဇာတ်ကားမျိုးမှာ ပါဝင်ခွင့်ရမှ လုပ်ပြခွင့်ရတာပေါ့။ ရင်ဘတ်ထဲကဓား ဇာတ်ကားမျိုးဆိုရင် မင်းသမီးဇာတ်လို့ ပြောလို့ရတယ်။ ကိုယ့်မှာ လုပ်ကွက်တွေရှိပြီး လုပ်ခွင့်ရတဲ့ဇာတ်ကားလို့ ပြောလို့ရပါတယ်။

■ မေး - ဇာတ်ကားတစ်ကားကောင်းဖို့ဆိုတာက ကိုယ်တစ်ယောက်တည်းကောင်းလို့မရဘဲ အတူပါဝင်ကြတဲ့သူတွေ အားလုံးကောင်းမှပေါ့နော်။ ဒီဇာတ်ကားမှာရော တွဲဖက်ပါဝင်ခဲ့တဲ့သူတွေရဲ့ ပံ့ပိုးမှုက ဘယ်လောက်အရေးပါခဲ့လဲ။

■ ဖြေ - ဒီဇာတ်ကားမှာ အတူပါဝင်ပေးခဲ့တဲ့ ကိုပြေတီဦးဆိုရင် သူလုပ်ရတဲ့နေရာက ကြည့်ရင်ပရိသတ်တွေ မုန်းမလားလို့တောင် စိုးရိမ်ရတယ်။ သူကလည်း အဲဒီလိုလုပ်ရမယ့် ကာရိုက်တာမျိုး။ သူဘေးက အဲဒီလို လုပ်ပေးလေ ကိုယ့်ရဲ့အမူအရာက တက်လေပေါ့။ အပြန်အလှန်ပေါ့။ ပြီးတော့မခိုင်ကြီးပေါ့။ နောက်မေကဗျာပေါ့။ အက်တင်တွေကိုမညှာဘဲ အသေအကျေ လုပ်တဲ့သူတွေချည်းပဲဆိုတော့ ပရိသတ်တွေ ကျေနပ်မယ်လို့ ထင်ပါတယ်။ တွဲဖက်သရုပ်ဆောင်တဲ့သူ တွေအားလုံးက အရမ်းကောင်းကြတယ်။ အက်တင်တွေကို နင့်နင့်နဲနဲတွေပဲ လုပ်တဲ့သူတွေဆိုတော့ ဇာတ်ရုပ်တွေလည်း ပိုကြွလာတာပေါ။ ခံစားချက်ကို ပိုရောက်တယ်လို့ ပြောလို့ရတယ်။

■ မေး - ဒီနှစ်မှာ ကိုယ့်လိုပဲ တခြားဘယ်သူတွေကိုလည်း အကယ်ဒမီရင်ခုန်ပေးချင်လဲ။

■ ဖြေ - ဒီနှစ်က ဇာတ်ကားများတော့ အများကြီးတော့ကြားနေရပါတယ်။ မဆင့်(ထာဝရ အမေ) ဇာတ်ကားနဲ့ရှိတယ်။ အေးမြတ်သူလည်းရှိတယ်။ မင်းသားထဲမှာတော့ နေတိုးရှိမယ်။ မြင့်မြတ် ရှိပါမယ်။ အားလုံးအတွက် ရင်ခုန်ပေးပါတယ်။ အနုပညာရှင်တွေအားလုံးက အကယ်ဒမီဆိုတာ တန်ဖိုးထားကြတာဖြစ်တဲ့အတွက် ရစေချင်ပါတယ်။

■ မေး - အကယ်ဒမီဆိုတာနဲ့ပတ်သက်ပြီး မအူဝဲရဲ့ခံယူချက်ကိုလည်း သိချင်ပါတယ်။

■ ဖြေ - အူဝဲအနေနဲ့ကတော့  ပရိသတ်တွေက ချစ်ကြတယ်။ အားပေးကြတယ်။ အဲဒီအပေါ်မှာ ပိုပြီးအရေးကြီးပါတယ်။ အကယ်ဒမီကတော့ မှတ်တိုင်ပေါ့။ ပရိသတ်တွေက ချစ်ကြတယ်၊ အားပေးတယ်ဆိုရင် ဒါကအောင်မြင်မှုပဲလို့ ပြောလို့ရပါတယ်။

■ မေး - Reflection ဇာတ်ကားလည်း ရုံတင်ဖို့လုပ်နေပြီဆိုတော့ အဲဒီဇာတ်ကားအတွက်ရော ဘယ်လောက်အထိ ရင်ခုန်နေလဲ။

■ ဖြေ - အဲဒီဇာတ်ကားက အူဝဲတို့ သုဒြာထုတ်လုပ်ရေးရဲ့ ပထမဆုံးဇာတ်ကားပေါ့။ ဇာတ်လမ်းပုံစံက နည်းနည်းခွဲထွက်ထားတယ်။ မင်းသမီးလေးယောက်က အဓိကပေါ့။ ပြီးတော့ အက်ရှင်လည်းပါသလို ဖက်ရှင်ပိုင်းကိုလည်း အသားပေးထားတယ်။ အူဝဲကဖက်ရှင်ကိုလည်း စိတ်ဝင်စားတဲ့ အခါကျတော့ ဒီဇာတ်ကားမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး တော်တော်လေးကို အားထုတ်ကြိုးပမ်းထားတယ်။ ဒါပေမဲ့ ပုံစံခွဲထွက်ထားလို့ နည်းနည်းတော့စိုးရိမ်ပါတယ်။ ပရိသတ်တွေ ကြိုက်ပါ့မလားပေါ့နော်။ ပါဝင်တဲ့သူတွေ အကုန်လုံးကတော့ ဒီဇာတ်ကား ကိုအကောင်းဆုံး ကြိုးစားခဲ့တယ်။ ပရိသတ်တွေအတွက်လည်း ရသအသစ်တစ်မျိုး ဖြစ်မယ်ထင်ပါတယ်။

■ မေး - သုဒြာထုတ်လုပ်ရေး အနေနဲ့ရော နောက်ထပ်ဇာတ်ကားတွေ ရိုက်ဖို့ရှိမလား။

■ ဖြေ - လောလောဆယ်တော့ ရိုက်ထားပြီး ရုံတင်ဖို့ပြင်ဆင်နေတာပေါ့။ ဇာတ်လမ်းတွေလည်း ရှာနေပါတယ်။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင် ပြောပေးပါဦး။

■ ဖြေ - အခု ဒီနေ့ ဒီအချိန်အထိ အားပေးချစ်ခင်ကြတဲ့အပေါ်မှာ ကျေးဇူးအရမ်းတင်ပါတယ်။ ဒီထက်ကြီးတဲ့ စကားမျိုးရှိရင်လည်း ပြောချင်ပါတယ်။ လူတစ်ယောက်ကိုချစ်ဖို့အားပေးဖို့ ဆိုတာက တော်ရုံစိတ်နဲ့မရဘူးလေ။ ချစ်တဲ့ပရိသတ်တွေကို ချစ်တဲ့အားပေးတဲ့အလျောက် အဲဒါနဲ့တန်အောင် ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။

Most Read

Most Recent