ယွန်းယွန်းနှင့် တွေ့ဆုံခြင်း

ယွန်းယွန်းနှင့် တွေ့ဆုံခြင်း
Published 18 March 2018

မြန်မာ့အနုပညာလောကမှာ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ခံယူရရှိခဲ့သူ ယွန်းယွန်းပါ။ ကလေးသရုပ်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုဖြစ်တဲ့ အကယ်ဒမီဆုကိုလည်း ရရှိခဲ့ပြီး ယနေ့ထက်တိုင် အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ယွန်းယွန်းအနေနဲ့ခိုင်မာတဲ့အနုပညာ နေရာတစ်ခုကို ပိုင်ဆိုင်ထားသလို ပညာရေးနဲ့အနုပညာအလုပ်တွေကို ဘက်မျှအောင်ကြိုးစားရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း ဆက်လက်သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင် တစ်ဦးပါ။ သူ့ရဲ့ ဒုတိယမြောက်ဇာတ်လမ်းတွဲဖြစ်တဲ့ ‘ရွှေမင်းသမီးနဲ့လူလိမ်’ ဇာတ်လမ်းတွဲကို မတ် ၂၃ ရက်မှာ မြဝတီ Documentary ရုပ်သံလိုင်းကနေ ပြသတော့မှာဖြစ်လို့ ယွန်းယွန်းရဲ့ ကြိုးစားမှုတွေနဲ့ လက်ရှိအနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် .  .  .  .

 

■မေး - မတ် ၂၃ ရက်မှာ မြဝတီ Documentary ရုပ်သံလိုင်းမှာ ပြသတော့မယ့် ‘ရွှေမင်း သမီးနဲ့လူလိမ်’ ဇာတ်လမ်းတွဲလေး လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းလေး အရင်ပြောပြပေးပါ။

■ ဖြေ - ညီမနေနဲ့ ဆယ်တန်းစာမေးပွဲပြီးတဲ့ နောက်ပိုင်းအနုပညာအလုပ်တွေ ပြန်ပြီးလုပ်ခဲ့တယ်။ ရှေ့မှာလည်း ‘မနေ့ကဖြစ်သည်’ ဆိုတဲ့ ဇာတ်လမ်းတွဲ လေးရိုက်ထားတယ်။ ညီမအနေနဲ့ ဒရမ်မာဇာတ်လမ်းတွေ ရိုက်တာများနေပြီ အချစ်ဇာတ်ကားတွေကျတော့လည်း သရုပ်မဆောင်ရဲသေးဘူး။ အဲဒီလို အချိန်မှာပဲကိုယ့်နဲ့လိုက်ဖက်တဲ့ ဖန်စီဇာတ်လမ်းလေးဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေး ကမ်းလှမ်းခဲ့ရတဲ့အတွက် ဝမ်းသာခဲ့ရတယ်။ နောက်ပြီးတော့  ညီမအနေနဲ့ ပရိသတ်တွေအတွက် လူငယ်ဆန်ဆန်လေးလည်းဖြစ်မယ် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးလည်း ရိုက်ချင်နေတဲ့အချိန်မှာ ဒီဇာတ်လမ်းတွဲလေးရိုက်ပေးဖို့ Dream Production ကမ်းလှမ်းလာတဲ့အတွက် လက်ခံဖြစ်ခဲ့တာပါ။

■ မေး - ‘ရွှေမင်းသမီးနဲ့လူလိမ်’ ဇာတ်လမ်းတွဲမှာ ယွန်းယွန်းကို ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ရမလဲ။

■ ဖြေ - ‘ရွှေမင်းသမီးနဲ့လူလိမ်’ ဇာတ်လမ်းထဲမှာ ယွန်းက သူဌေးသမီး ဆယ်ကျော်သက်ကောင်မလေး။ ဂီတအနုပညာကို အရမ်းဝါသနာပါပြီး ကိုယ်ပိုင်ဂီတအဖွဲ့ ဖွဲ့ဖို့ကြိုးစားတယ်။ ဒါကို အဖေလုပ်တဲ့သူက သဘောမတူတဲ့အတွက် အိမ်ပေါ်ကခိုးဆင်းလာပြီး သူငယ်ချင်းတွေနဲ့ တိုက်ခန်းစုငှားနေရင်းက အနုပညာအလုပ်တွေလုပ်နိုင်ဖို့ ကြိုးစားတဲ့ ကောင်မလေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

■ မေး - ‘ရွှေမင်းသမီးနဲ့လူလိမ်’ ဇာတ်လမ်းတွဲရိုက်ကူးချိန်မှာ ယွန်းယွန်းဘက်က ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ။ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။

■ ဖြေ - ဒီဇာတ်လမ်းတွဲလေး မရိုက်ခင်မှာ တစ်လအလိုလောက်တည်းက ဒီဇာတ်လမ်းလေးကို သေချာဖတ်ခဲ့တယ်။ ညီမရဲ့ ဇာတ်ကောင်စရိုက်က လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက် အရမ်းကြီးစိတ်ဖိစီးရတာမျိုးတော့ မရှိခဲ့ပါဘူး။ ဇာတ်လမ်းထဲမှာပါတဲ့ ရူပါကိုဆိုတဲ့ကောင်မလေးနဲ့ တစ်သားတည်း ထပ်တူကျအောင် သေချာကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။

■ မေး - ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရတဲ့အပေါ်မှာ ယွန်းယွန်းရဲ့ အတွေ့အကြုံလေးကို ပြောပြပေးပါဦး။

■ ဖြေ - ရုပ်သံဇာတ်လမ်းတွဲတွေမှာက ဇာတ်ကောင်စရိုက်တစ်ခုကို သေချာအချိန်ယူပြီး ကြိုးစားရတဲ့အတွက် အဲဒီလိုရိုက်ကူးရတာကို ညီမအနေနဲ့ ကြိုက်နှစ်သက်ပါတယ်။ နောက်ပြီးတော့ ပရိသတ်တွေနဲ့ကျတော့လည်း ရုပ်သံဇာတ်လမ်းတွဲတွေက ပိုပြီးရင်းနှီးမှုရစေတယ်လို့ ခံစားရတဲ့အတွက် နောက်ပိုင်းမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေပို ရိုက်ကူးသွားဖို့ ရှိပါတယ်။

■ မေး - ယွန်းယွန်းအနေနဲ့ ဘယ်လိုဇာတ်ကောင်စရိုက်မျိုး ဇာတ်လမ်းမျိုးတွေကို ပိုပြီးရိုက်ချင်လဲ။

■ ဖြေ - ညီမအနေနဲ့ ကိုယ်မလုပ်ဖူးတဲ့ ဇာတ်ကောင်စရိုက်တွေ အကုန်လုံးကိုတော့ သရုပ်ဆောင်ချင်ပါတယ်။ နောက်ပြီး ဇာတ်လမ်းမှာ ဒီတိုင်းသမားရိုးကျ ဖြစ်နေတာထက်ကြည့်ရတဲ့ ပရိသတ်တွေအတွက် အသိတစ်ခုခုပေးနိုင်တဲ့ ကားမျိုးဇာတ်လမ်းဆန်းတာမျိုးလေးတွေကို ပိုပြီးရိုက်ကူးဖြစ်မှာပါ။

■ မေး - ရုပ်ရှင်ဇာတ်ကားကြီးတွေအနေနဲ့ လက်ခံရိုက်ကူးဖို့ စီစဉ်ထားတာတွေရှိရင်လည်း သိချင်ပါတယ်။

■ ဖြေ - ညီမအနေနဲ့ အကယ်ဒမီရပြီးတဲ့နောက်ပိုင်းတည်းက ကမ်းလှမ်းလာခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကားကြီးတွေရိုက်ကူးဖို့ကို ညီမကိုယ်တိုင်က အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရသလို ဇာတ်လမ်းဇာတ်အိမ် အနေအထားအရ ပရိသတ်တွေကြည့်တဲ့အခါ ကိုယ့်အပေါ် အဆင်မပြေဖြစ်ရမှာတွေ စိုးတာကြောင့် မိဘတွေနဲ့တိုင်ပင်စဉ်းစားပြီး မရိုက်ဖြစ်ခဲ့တာပါ။ အဓိကကတော့ ညီမနဲ့လိုက်ဖက်မှုရှိတဲ့ ဇာတ်လမ်းမျိုးဇာတ်ကောင်စရိုက်မျိုး ရလာခဲ့ရင်တော့ရိုက်ကူး ဖြစ်မှာပါ။

■ မေး - ငယ်ငယ်တည်းက အနုပညာအလုပ်တွေလုပ်ခဲ့တဲ့ ညီမအနေနဲ့ခုချိန်မှာ အနုပညာ အလုပ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုအားသာချက်၊ အားနည်းချက်တွေရှိတယ်လို့ ခံစားရလဲ။

■ ဖြေ - ငယ်ငယ်လေးတည်းက သရုပ်ဆောင်တစ်ယောက်အဖြစ် လုပ်ခဲ့တယ်။ အခုချိန်မှာ ညီမအသက် ၁၈ နှစ်ပြည့်သွားပြီ။ လူကြီးတစ်ယောက် ဖြစ်လာပြီဆိုတဲ့အခါ ဇာတ်ကောင်စရိုက်ရွေးချယ်မှု အရရော သရုပ်ဆောင်ပိုင်းမှာပါ အရင်ကထက်ပိုပြီး ဂရုစိုက်ရတာတွေ ရှိပါတယ်။ ပရိသတ်တွေက ဝေဖန်တဲ့ အခါမှာလည်း ကလေးကိုဝေဖန်တာနဲ့လူကြီးကို ဝေဖန်တာမတူတဲ့ အပေါ်မှာလည်း ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ခုချိန်ထိ ကိုယ့်တစ်ယောက်တည်း ဆုံးဖြတ်ချက်နဲ့မလုပ်ဘဲ မိဘတွေဆရာသမားတွေရဲ့ အကြံဉာဏ်တွေယူပြီး အမှားမရှိအောင်တော့ သေချာဂရုစိုက်ပြီး လုပ်နေပါတယ်။

■ မေး - လက်ရှိလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြောပြပေးပါဦး။

■ ဖြေ - ညီမအနေနဲ့လက်ရှိမှာ အလှကုန်၊ အဝတ်အထည်ကြော်ငြာလေးတွေ ရိုက်ဖြစ်နေသလို MTV တွေလည်း ရိုက်ကူးဖြစ်နေပါတယ်။ အကယ်ဒမီအတွက် ရွှေကြိုလုပ်ပေးဖို့ကမ်းလှမ်းခဲ့ပေမယ့် ညီမရဲ့ ကျောင်းစာမေးပွဲနဲ့ တိုက်နေတဲ့အတွက် တောင်းပန်ထားပါတယ်။ အဲဒီမှာတော့ ပါဝင်ဖြစ်မှာမဟုတ်ပါဘူး။

■ မေး - မကြာခင် ပရိသတ်တွေကြည့်ရတော့မယ့် ‘ရွှေမင်းသမီးနဲ့လူလိမ်’ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ပြောချင်တဲ့စကားရှိရင်။

■ ဖြေ - ညီမတစ်ယောက်တည်းအနေနဲ့ အကောင်းဆုံးကြိုးစားပါဝင်ထားသလိုပဲ အခြားသောပါဝင်ကြတဲ့ အနုပညာရှင်အတတ်ပညာရှင်တွေအားလုံးကလည်း ဒီဇာတ်လမ်းတွဲလေးအတွက် အစစအရာရာ သေချာကြိုးစားထားတဲ့ ဇာတ်လမ်းတွဲလေးပါ။ ပရိသတ်တွေအတွက်လည်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်နှစ်သက်စရာကောင်းတဲ့ ဇာတ်လမ်းတွဲလေး ဖြစ်စေမှာပါ။ ဒီဇာတ်လမ်းတွဲလေးကို နောက်ထပ် အပိုင်း ၂၊ အပိုင်း ၃ စသည်ဖြင့် ဆက်ရိုက်ဖို့လည်း ရည်ရွယ်ထားတာဖြစ်လို့ ပရိသတ်တွေက ကြည့်ရှုအားပေးကြပါဦးလို့ ပြောချင်ပါတယ်။

Most Read

Most Recent