ဒါရိုက်တာအကယ်ဒမီ ဝိုင်းနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာအကယ်ဒမီ ဝိုင်းနှင့် တွေ့ဆုံခြင်း
Published 6 March 2018

စာရေးဆရာမပုညခင်၏ ‘အရှေ့တံခါးအဝင်’ ဝတ္ထုအား ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ထားသည့် ‘ရွှေကြာ’ ဇာတ်ကားကို မတ်၁၆ ရက်တွင် စတင်ပြသတော့ဖြစ်သည်။ အမှောင်လောကထ ဲအကာအကွယ်မဲ့ လျှောက်လှမ်းရသည့် အမျိုးသမီးများ၏ဘဝကို ပုံဖော်ထားသည့် ဇာတ်ကားဖြစ်ပြီး ဇာတ်ကားရိုက်ကူးစဉ်က တည်းကပင် ပရိသတ်စိတ်ဝင်စားမှုများပြားခဲ့ကာ နမူနာဗီဒီယိုဖိုင်အား မတ် ၁ ရက်တွင် စတင်လွှင့်တင်ခဲ့ရာ၌လည်း ပရိသတ်အားပေးမှုမှာ အချိန်တိုအတွင်း များပြားခဲ့ပြန်သည်။ ‘ရွှေကြာ’ ရုပ်ရှင်ဇာတ်ကား၏ ဒါရိုက်တာ အကယ်ဒမီဝိုင်းနှင့်တွေ့ဆုံ၍ ဇာတ်ကားဖန်တီးမှုအမှတ်တရများ၊ ဇာတ်ကားမှတစ်ဆင့် ပရိသတ်များထံပေးပို့လိုသည့် Message များ၊ ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများထဲမှ အနုပညာရှင်များနှင့် ကိုယ်တိုင်အတွက် အကယ်ဒမီရင်ခုန်သံများ၊ ယခုနှစ်အတွင်း ဖန်တီးသွားမည့် အနုပညာဖန်တီးမှုများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး - ရွှေကြာရုပ်ရှင်ဇာတ်ကားကို ဖန်တီးဖြစ်တဲ့အကြောင်းလေး အရင်ဆုံးသိချင်ပါတယ်။

■ ဖြေ - အဓိက,ကတော့ စာအုပ်ကပေးတဲ့အကြောင်းအရာကို ကြိုက်တဲ့အတွက် ဖန်တီးဖြစ်တာပါ။

■ မေး - ရုပ်ရှင်အဖြစ်ဖန်တီးတဲ့အခါ စာအုပ်ကပေးတဲ့ Theme နဲ့ ကိုဝိုင်းပေးချင်တဲ့ Message နှစ်ခုစလုံး ပါဝင်အောင် ဘယ်လိုဖန်တီးခဲ့ရလဲ။

■ ဖြေ - သူ့ဝတ္ထုထဲက ကောင်းတဲ့အရာတွေကိုအရင်ယူပြီး ရုပ်ရှင်အတွက်မလိုအပ်တာတွေ ကိုဖယ်ထုတ်ရတာပါ။ အစ်ကိုပေးချင်တဲ့ Message ကို ကြည့်ရတဲ့ ပရိသတ်တွေရင်ထဲ ရောက်အောင်ဖန်တီးရတာပေါ့။ ဒီလိုမိန်းကလေးတွေအတွက် ဥပဒေဆိုတာမလို အပ်ဘူးလားဆိုတဲ့ မေးခွန်းမျိုး။ အသက်ငယ်ငယ်ရွယ်ရွယ် မိန်းမသားတွေက ငယ်ရွယ်တဲ့ အတိတ်ဖြစ်ရပ်တွေက နောက်အနာဂတ်ကို အမှီပြုနေရင်ဘယ်လို ဖြစ်မလဲဆိုတာကို ဇာတ်ညွှန်းမှာ တည်ဆောက်ယူရပါတယ်။ ပြီးတော့ အစ်ကိုဖန်တီးခဲ့တဲ့ ဇာတ်ကားတွေနဲ့လည်း မတူကွဲပြားအောင် ဖန်တီးခဲ့ရပါတယ်။

မေးàဝတ္ထုမှာက အရှေ့တံခါးအဝင်ဆိုတဲ့ Theme နဲ့ ဒီလိုမိန်းကလေးတွေက ခိုးကြောင်ခိုးဝှက် သွားလာရတာမျိုး၊ အများနည်းတူ မဝံ့ကြွားနိုင်တာမျိုး ရေးထားပေမယ့် ဇာတ်ကားမှာ နာမည်လည်းပြောင်းထားတယ်ဆိုတော့ Theme ပြောင်းသွားတာမျိုးရောရှိလား။

■ ဖြေ - အရှေ့တံခါးအဝင်ဆိုတာက စာအရဖတ်လို့ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့လောကမှာလည်း ဒီလိုလူတန်းစားတွေက အရှေ့တံခါးကဝင်ပြီး Reception ကိုဖြတ်ပြီး သွားနေကြတာပဲလေ။ ဒါကြောင့်ပြောင်းလိုက်တာပါ။ ဝတ္ထုထဲက ၈၅ ရာခိုင်နှုန်းကို ယူထားပါတယ်။ ကျန်တာက                       တော့ Dramatic ဖြစ်အောင် ပြောင်းယူထားပါတယ်။ ဘယ်လိုအပြောင်းအလဲဖြစ်အောင် ဖန်တီးထားတယ်ဆိုတာ ရုံတင်တဲ့အခါပရိသတ်တွေ မြင်တွေ့ခွင့်ရမှာပါ။

■ မေး - အဓိကဇာတ်ကောင်ဖြစ်တဲ့ ဖွေးဖွေးရဲ့သရုပ်ဆောင်မှုနဲ့ပတ်သက်လို့ရော အားရကျေနပ်မှု ဘယ်လောက်ရှိလဲ။

■ ဖြေ - သူ့ကိုအားရပါတယ်။ ဒီကားမရိုက်ခင်ကတည်းက ဖွေးဖွေးက ဒီလူတန်းစားတွေကို စောင့်ရှောက်နေတဲ့ နေရာတစ်ခုကိုတစ်ပတ်၊ ၁၀ ရက်လောက်သွားနေပြီး လေ့လာခဲ့တယ်။ ဒီထဲမှာ ဝတ်ပုံ၊ စားပုံ၊ နေပုံ၊ ထိုင်ပုံတွေကို သေချာချဉ်းကပ်မေးမြန်းပြီးမှ ဒီဇာတ်ကောင်ကိုသရုပ်ဆောင်ခဲ့တာဖြစ်လို့  အရင်ကားတွေထက် ပိုပြီးသေသပ်လာတာကို မြင်တွေ့ရမှာပါ။

■ မေး - ရွှေကြာရဲ့ နမူနာဗီဒီယိုဖိုင်က အချိန်တိုအတွင်း ကြည့်တဲ့သူအရမ်းများတာကို တွေ့ရတယ်လေ။ အဲဒီအပေါ် ခံစားမှုလည်း သိချင်ပါတယ်။

■ ဖြေ - အစ်ကို့အနေနဲ့ ကြည်နူးတာပေါ့။ ကိုယ်ဖန်တီးတဲ့ အနုပညာတစ်ခုကို ပရိသတ်က လက်ခံမှ ကိုယ့်အနုပညာက လက်ရာမြောက်တယ်လို့ ပြောလို့ရတယ်လေ။ ရုံတင်တဲ့အခါလည်း လာအားပေးကြပါလို့။ အရင်ကားတွေနဲ့မတူတဲ့ ရသတစ်ခုကိုရမှာပါ။

■ မေး - ရွှေကြာဇာတ်ကားမှာ ဘယ်လိုကွဲပြားတဲ့ ရသအသစ်တစ်ခုကို ပေးနိုင်မယ်လို့ထင်လဲ။

■ ဖြေ - သူတို့မြင်နေကျမဟုတ်တဲ့ ရိုးမန့်စ်တစ်ခုပေါ့။ နောက်တစ်ခုက Message ပါစေတဲ့ ဇာတ်ညွှန်းရဲ့တင်ပြမှု။ တစ်ခါမှမကြားရဖူးတဲ့ ဂီတရဲ့ ရသမျိုးတွေခံစားနိုင်မှာပါ။ အဲဒီအတွက်လည်း မလေးရှားကို အကြိမ်ကြိမ်သွားခဲ့ရပါတယ်။ ပရိသတ်တွေအတွက် ဇာတ်လမ်းအတွက် အထောက်အကူပြုတဲ့ ငြိမ့်ညောင်းတဲ့ ဂီတရသတစ်ခုကို ရရှိစေမှာပါ။

■ မေး- ရုံတင်တဲ့အခါ ဇာတ်ကားသစ်နှစ်ကား အပြိုင်တင်မယ်ဆိုတော့ အဲဒီအပေါ်ဘယ်လိုမြင်လဲ။

■ ဖြေ - ကောင်းပါတယ်။ ယှဉ်ပြိုင်မှုရှိမှ တိုးတက်မှာလေ။ သူလည်းအကောင်းဆုံး ကြိုးစားထားသလို ကိုယ်လည်း အကောင်းဆုံးကြိုးစားထားတယ်။ ဒီလိုယှဉ်ပြိုင်မှုရှိမှလည်း တိုးတက်မှာပေါ့။

■ မေး - ရုံရှင်ကားရှင်ညှိနှိုင်းစနစ်၊ ကိုယ့်ဇာတ်ကားပြခွင့်ရဖို့ စိတ်မောရတဲ့အခြေအနေကို ဘယ်လိုမြင်လဲ။

■ ဖြေ - ရုံရှင်ကားရှင်ဆိုတာမှာ Main Strem ကသူတွေက ဇာတ်ကားတွေကို မတန်တဆ ထုတ်နေတယ်။ indi တွေက ဇာတ်ကားတွေကို သေချာဂရုစိုက်ထုတ်နေပေမယ့် Main Strem က ဗီဒီယိုကားဆန်ဆန်တွေ ထုတ်နေတယ်။ အဲဒါကို ရုံရှင်တွေက မရွေးဘူးဆိုရင်လည်း တည်ဆောက်ထားတဲ့ရုံတွေက ပြန်ပျက်သွားဦးမယ်။ ပရိသတ်က အယုံအကြည်မဲ့ပြီးတော့ အရင်ဗီဒီယိုခေတ်လိုပဲ ဗုန်းဗုန်းလဲသွားဦးမှာပဲ။ လက်ရှိကား အခြေအနေအရဆိုရင်လည်း ရုံရှင်ကားရှင်စနစ်ကသာ အဆင်ပြေဆုံးပဲ။ တကယ်တမ်းစနစ်ကျချင်ရင်တော့ ဇာတ်ကားရိုက်တော့မယ်ဆိုတာနဲ့ သူ့ရဲ့ဇာတ်ညွှန်း၊ Business Plan ၊ Advertising Plan တွေကိုကြိုယူထားပြီး ရုံရက်ပေးထားတာမျိုးတွေ လုပ်သင့်တယ်။

■ မေး - အကယ်ဒမီနဲ့ပတ်သက်လို့ အစ်ကို့ဇာတ်ကားထဲက သရုပ်ဆောင်တွေရော၊ အစ်ကိုနဲ့ပတ်သက်လို့ပါ မျှော်မှန်းနေကြတယ်။ အဲဒီအပေါ် အစ်ကို့ရဲ့ခံစားချက်ကိုလည်း သိချင်ပါတယ်။

■ ဖြေ - အစ်ကို့ဇာတ်ကားထဲက သရုပ်ဆောင်တော်တော်များများ အကယ်ဒမီနဲ့ပတ်သက်လို့ နာမည်ကြီးနေကြတယ်။ ရလည်းရကြမှာပါ။ အဲဒီအတွက်ဝမ်းသာပါတယ်။ အနုပညာရှင်တွေ မဟုတ်ဘဲ စက်မှုပိုင်း အတတ်ပညာရှင်တွေလည်း ရစေချင်ပါတယ်။ သူတို့ရဲ့ ပံ့ပိုးမှုကြောင့်သာ အနုပညာဖန်တီးမှုတွေကသာ ပိုပြီးထွန်းတောက်လာတာလေ။ ကိုယ်တိုင်အတွက်ကတော့ တစ်ဝက်လောက်ပဲ မျှော်လင့်တယ်။

Most Read

Most Recent