အလှမယ်အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

အလှမယ်အမရာငြိမ်းနှင့် တွေ့ဆုံခြင်း
Published 27 February 2018

မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကအတွင်း စတင်ရောက်ရှိလာခဲ့စဉ်ကတည်းက ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့သူ အလှမယ်အမရာငြိမ်းမှာ Miss Universe Myanmar အလှမယ်ပြိုင်ပွဲတွင် တစ်ကြိမ်ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုနှင့်လွဲချော်ခဲ့သူဖြစ်သည်။ သို့သော် တစ်ကျော့ပြန် ယှဉ်ပြိုင်မှုအဖြစ် Miss International Myanmar အလှမယ်ပြိုင်ပွဲတွင် Winner ဆုကို ရယူနိုင်ခဲ့သည့်အပြင် နောက်ဆုံးအဆင့်မေးခွန်းအား အကောင်းဆုံးဖြေဆိုနိုင်ခဲ့သည့် အလှမယ်တစ်ဦးအဖြစ် ထင်ရှားခဲ့သူဖြစ်သည်။ အလှမယ်အမရာငြိမ်းသည် လက်ရှိတွင် Miss Universe Myanmar နောက်တစ်ကြိမ် ထပ်မံယှဉ်ပြိုင်ရန်  ပြင်ဆင်အားထုတ်မှုများအား အပြင်းအထန် ပြုလုပ်နေသူ ဖြစ်သည်။ အလှမယ်အမရာငြိမ်း၏ Miss Universe Myanmar ပြိုင်ပွဲအတွက် အားထုတ်ပြင်ဆင်နေမှုများ၊ ယုံကြည်ချက်များနှင့် စိတ်ဓာတ်ခွန်အားများအကြောင်းကို မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြအပ်ပါသည်။

■ မေး -  Miss Universe Myanmar မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဆုံးဖြတ်ဖြစ်တာလေး အရင်သိချင်ပါတယ်။

■ ဖြေ-  ဒါက အမရာရဲ့ငယ်အိပ်မက်လို့ ပြောလို့ရပါတယ်။ Miss Universe ပြိုင်ပွဲတွေကြည့်ပြီး Beauty Pageant တွေနဲ့ ရင်းနှီးခဲ့ရတယ်။ ကိုယ်လည်းဖြစ်ချင်တယ်ပေါ့နော်။ Miss Universe Myanmar ကို တစ်ကြိမ်လည်း ဝင်ပြိုင်ခဲ့ဖူးတယ်။ ဆုတော့မရခဲ့ဘူးပေါ့။ ပြီးတော့ Miss International Myanmar ထပ်ပြိုင်ဖြစ်တယ်။ Crown ရပြီး နိုင်ငံတကာမှာ ယှဉ်ပြိုင်ခွင့်ရခဲ့တယ်ပေါ့။ အခုတော့ အမရာမှာ ထိုက်သင့်တဲ့ အတွေ့အကြုံတွေလည်းရှိပြီ။ အသက်ကန့်သတ်ချက်အားဖြင့်လည်း နောက်ဆုံးနှစ်ကို ရောက်လာပြီ။ နောက်ပြီးတော့လုံလောက်တဲ့ အတွေ့အကြုံလည်းရှိသလို ရင့်ကျက်တဲ့အသက်အရွယ်လည်း ရောက်ပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးကြိုးစားနိုင်မယ်လို့ ယုံကြည်တာကြောင့် နောက်ဆုံးအနေနဲ့ ဝင်ပြိုင်ဖြစ်တာပါ။

■ မေး- Miss Universe Myanmar မှာ ဝင်ပြိုင်ခဲ့တုန်းက အရွယ်လည်းငယ်သေးသလို အားနည်းချက်တွေလည်း ရှိခဲ့တယ်ပေါ့။ အခုထပ်ပြိုင်မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ ကြားထဲမှာ ဘယ်လိုအရာတွေ အဓိကကွာခြားသွားပြီထင်လဲ။

■ ဖြေ - အဓိကခြားနားတာကတော့ ကြိုးစားမှုနဲ့ ရင့်ကျက်မှုလို့ပဲမြင်ပါတယ်။ အဲဒီတုန်းက လိုချင်တာပဲရှိခဲ့တယ်။ ကြိုးစားမှုပေးရမယ်ဆိုတာ မသိခဲ့ဘူး။ Body ပိုင်းမှာလည်း လိုအပ်ချက်တွေ၊ အားနည်းချက်တွေ အများကြီးရှိခဲ့တယ်။ ပြင်ဖို့လည်း မကြိုးစားခဲ့ဘူး။ Miss International Myanmar မှာ ကြိုးစားမှုအပြည့်နဲ့ ဝင်ပြိုင်ခဲ့တယ်။ အဲဒီအတွက်လည်း အကောင်းဆုံးရ လဒ်တွေရခဲ့တယ်။ Miss International Myanmar က ဘာတွေပေးလဲဆိုရင် ကြိုးစားရင် လိုချင်တာဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုကို ရခဲ့တယ်။ ဒါကြောင့် အခုချိန်မှာ အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ စိတ်လည်းရှိသလို ယုံကြည်ချက်လည်း အပြည့်အဝရှိတယ်။ ရင့်ကျက်တဲ့ သဘောထားလည်းရှိတယ်။ လုံလောက်တဲ့ အတွေ့အကြုံလည်းရှိလို့ အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

■ မေး - Miss Universe Myanmar ဝင်ပြိုင်နိုင်ဖို့ကြိုးပမ်းနေတယ်ဆိုတော့ ဘယ်လိုအရာတွေအဓိက လိုအပ်တယ်လို့ရော ယုံကြည်ထားလဲ။

■ ဖြေ - အဓိကက Beauty Beauty Brain ပေါ့နော်။ ပြီးတော့ self - confidence Attitude လည်းလိုတယ်။ စိတ်ဓာတ်လည်း Strong ဖြစ်ဖို့လိုတယ်လို့ ထင်တယ်။

■ မေး- ပြိုင်ပွဲဖြစ်တဲ့အတွက် အောင်မြင်တာ၊ ရှုံးနိမ့်တာ နှစ်မျိုးစလုံးရှိနိုင်တယ်လေ။ အဲဒီအတွက် ဘယ်လိုပြင်ဆင်ထားလဲ။

■ ဖြေ - အမှန်အတိုင်းပြောရရင်တော့ဒါက နောက်ဆုံးအခွင့်အရေးဖြစ်တဲ့အတွက် ရင်လည်းခုန်တယ်။ ဘေးကသူတွေကလည်း မရရင်ဘယ်လိုလုပ်မလဲဆိုပြီး ပြောကြတယ်။ အကုန်လုံးကတော့ ရစေချင်ကြတာပေါ့နော်။ စိုးရိမ်ပေးကြတယ်။ ကိုယ်တိုင်လည်း Pressure အရမ်းများပါတယ်။ အမရာက အောင်မြင်ချင်တယ်ဆိုတာထက် Miss Universe Myanmar ဖြစ်ချင်တာ။ နောက်ပိုင်းကျတော့ ကိုယ့်ကိုယ်ကိုယ် ဖြေပြီးတွေးလိုက်တယ်။ တချို့အရာတွေက ကိုယ်ကြိုးစားတိုင်းလည်း ဖြစ်ချင်မှဖြစ်လာတတ်တာ။ ဒါပေမဲ့ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားလိုက်မယ်ဆိုရင် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောင်တတော့ ကင်းမယ်လို့ထင်ပါတယ်။ ကိုယ့်ဘက်က အိပ်မက်အတွက်အကောင်းဆုံး ကြိုးစားခဲ့တာကြောင့် ဖြစ်လာခြင်း မလာခြင်းထက် နောင်တတော့ မရှိဘူးပေါ့နော်။ အဲဒီလိုပဲ တွေးထားပါတယ်။

■ မေး - ပြင်ဆင်နေဆဲကာလမှာရော ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေကြုံရလဲ။

■ ဖြေ - အဓိကတော့ Body Beauty ပါ။ အမရာက အသားပွတယ်။ ဝလွယ် ပိန်လွယ်တယ်။ အရင်တုန်းကလည်း Gym သေချာမဆော့ဘဲ Diet တွေ လုပ်ခဲ့တာဆိုတော့ Body ပိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အခုမှ သေချာဆော့တော့ အရမ်းပင်ပန်းတယ်။ Squat အရမ်းထိုင်နေရင်းနဲ့ ခါးနာတာတောင်ဖြစ်တယ်။ Injury ရတာမျိုးတွေတောင်ရှိတယ်ပေါ့။ အမရာက မော်ဒယ်ဖြစ်ပေမယ့် Stage Fright လည်းရှိတော့ စင်ပေါ်ရောက်ရင် စိတ်လှုပ်ရှားမှု အရမ်းဖြစ်တတ်တယ်။ အဲဒါတွေအတွက်လည်း ပြန်ထိန်းနေရတယ်။ စာဖတ်ဖို့ကတော့ အပြင်သွားရင်တောင် စာအုပ်ယူသွားလေ့ရှိတာဆိုတော့ အရမ်းထွေထွေထူးထူး ပြင်ဆင်တာမျိုးမဟုတ်ဘူး။ အလှအပပိုင်းအတွက်ကို သေချာအချိန်ပေးပြင်ဆင်နေပါတယ်။

■ မေး-  တကယ်လို့သာ မြန်မာကိုယ်စားပြုအနေနဲ့ Miss Universe မှာ ဝင်ပြိုင်ခွင့်ရမယ်ဆိုရင် ဘယ်လိုပုံရိပ်မျိုးနဲ့ ပြသယှဉ်ပြိုင်ချင်လဲ။

■ ဖြေ - အားသာချက်တစ်ခုကတော့ အတွေ့အကြုံရှိခဲ့ပြီ။ Big 4 Pageant ထဲက တစ်ပွဲကိုယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံရှိတယ်။ အမရာက ရှေ့မှာပြိုင်ခဲ့တဲ့ပွဲတွေမှာ အရမ်းကြိုးစားခဲ့တယ်ဆိုပေမယ့် အားကုန်သုံးခဲ့တာမျိုးတော့ မဟုတ်ဘူး။ အခုကတော့ ရှိသမျှအင်အားသုံးပြီး ကြိုးစားနေတာဖြစ်တဲ့အတွက် Miss Universe Myanmar သာဖြစ်ခဲ့မယ်ဆိုရင် Crown ယူပေးမယ်လို့ပြောရင် စိတ်ကူးယဉ်ရာကျမှာဖြစ်တာကြောင့် မြန်မာနိုင်ငံအတွက် Placement တစ်ခုတော့ ရအောင်ယူပေးနိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်။

■ မေး - အနီးဆုံးမှာရှိနေတဲ့ မိခင်ဖြစ်သူက အရမ်း Supportion ပေးတယ်လို့လည်း အမြဲပြောနေကျဆိုတော့ သူ့ရဲ့အားပေးမှုကရော ဘယ်လောက်အရေးပါလဲ။

■ ဖြေ - ဒီအလုပ်စလုပ်ကတည်းက ဘယ်သူမှအားမပေးတဲ့အချိန်ကတည်းက အကုန်လုံး အစစအရာရာဘေးမှာ မေမေကလုပ်ပေးခဲ့တာပါ။ အခုချိန်ထိလည်း ဘယ်သွားသွားလိုက်ပေးတယ်။ တွန်းအားပေးတယ်။ ကြိုးစားမှု အားလျော့နေပြီဆိုလည်း တွန်းအားပေးတယ်။ အစားအသောက်တွေကအစ သေချာပြင်ဆင်ပေးတယ်။ မေမေမရှိဘဲနဲ့ ဒီနေ့ဒီအချိန်ရပ်တည်နေတဲ့ နေရာသေးသေးလေးမှာ အမရာရပ်တည်နေနိုင်မှာ မဟုတ်ပါဘူး။

■ မေး - Miss Universe Myanmar ပြိုင်မယ်ဆိုကတည်းက အားပေးကြတဲ့ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်များ ရှိမလား။

■ ဖြေ - အမရာမော်ဒယ်စလုပ်ကတည်းကနေ အခုချိန်ထိ အလုပ်တွေ ဆက်လုပ်ခွင့်ရနေတယ်ဆိုတာ ပရိသတ်တွေပေးတဲ့ မေတ္တာနဲ့အားပေးမှုကြောင့်ပါ။ သူတို့ပို့ပေးတဲ့မေတ္တာကြောင့်လည်း Crown တစ်ခုလည်း ရပြီးပြီ။ အဲဒီတုန်းကလည်း Miss Popular Award လည်းရခဲ့တယ်။ အခုလည်းသူတို့ရဲ့ အားပေးမှုတွေအများကြီး လိုအပ်နေပါတယ်။ ရှေ့ဆက်ပြီးလည်း အားပေးပါလို့ ပြောချင်ပါတယ်။

Most Read

Most Recent