“ကျောင်းသားသမဂ္ဂဆိုတဲ့ အနှစ်သာရကိုတောင်မှ လက်မခံနိုင်သေးဘဲနဲ့ ဘာဖြစ်လို့ အသွင်သဏ္ဌာန်ကို အတင်းအဓမ္မ ဆောက်ယူဖို့ ကြိုးစားရတာလဲ” - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး (ဟောင်း) မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံခြင်း

မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားတဲ့ အဆောက်အအုံကြီး နှစ်ခုရှိတယ်လို့ ကျောင်းသား ခေါင်းဆောင်ဟောင်းကြီးတွေက ပြောကြပါတယ်။ နံပါတ် (၁) က ကျောင်းသားသမဂ္ဂ အဆောက်အအုံဖြစ်ပြီး နံပါတ် (၂) က ဂျူဗလီဟောပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လှုပ်ရှားမှု၊ လွတ်လပ်ရေး လှုပ်ရှားမှု အားလုံးဟာ ဒီအဆောက်အအုံကြီး နှစ်ခုမှာ လုပ်ခဲ့တာ များတယ်လို့ ဆိုပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားတွေကို သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး  ဇူလိုင် ၈ ရက် နံနက်လင်းအားကြီးချိန်မှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ယခုနှစ်ပိုင်းမှာ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလပိုင်းကစပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ဖို့ ထင်ထင်ရှားရှား ကြိုးစားလာကြတာ တွေ့ရပါတယ်။  ဒီအပေါ်မှာ သဘောထားအမြင် ကွဲလွဲမှုတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။ အခုလပိုင်းမှာတော့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် အစိုးရဘတ်ဂျက် ကျပ်ငါးဘီလျံရရှိထားကြောင်းနဲ့ အဆောက်အအုံကို ကျောင်းသားတွေ ဘက်စုံသုံးအဖြစ် အကောင်အထည်ဖော်ဖို့ဆိုတဲ့ သတင်းစကားတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ၂၀၀၇ ကျောင်းသားမျိုးဆက် တစ်ဦးဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး (ဟောင်း) တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ကို တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး - ပထမဦးဆုံးအနေနဲ့ တကသအဆောက် အအုံကြီး ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး သိရှိထားရတဲ့ အခြေအနေတွေကို ပြော ပြပေးပါ။

ဖြေ - ကျွန်မတို့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ဖို့အတွက် အစည်းအဝေး လုပ်တာတွေ ကျွန်မတို့တွေရတယ်။ အဲဒီကတည်းက ဆူဆူညံညံ ဖြစ်ကြတာပေါ့နော်။ ဆူဆူညံညံဖြစ်ရခြင်း အကြောင်းရင်းက အားလုံးပါဝင်မှု မရှိသေးဘူး။ နောက်ပြီးတော့ ဒီသဘောထား ဆန္ဒအပေါ်မှာလည်း တိတိကျကျ ဆုံးဖြတ်ချက် မချရသေးဘဲနဲ့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ အလောတကြီး အဆောက်အအုံဆောက်ဖို့ ကြိုးစားတာကို ကျွန်မတို့ ကြားသိရတယ်။ အဲဒီတုန်းကလည်း ကျောင်းသားမျိုးဆက်တွေက အဲဒီလို အလောတကြီး လုပ်တာကို ကန့်ကွက်တဲ့အနေနဲ့ ဒီသမဂ္ဂ အဆောက်အအုံဟောင်း နေရာမှာ ကျွန်မတို့ ကန့်ကွက်ပွဲ လုပ်ခဲ့တာတွေလည်း ရှိပါတယ်။ အခုလည်း မကြာခင် ရက်ပိုင်းအတွင်းက အဲဒီကိစ္စကိုပဲ ပြန်ကြားရတယ်။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဘတ်ဂျက်က ရှိပြီးသွားပြီ။ ခုနစ်ထပ် (သို့မဟုတ်) ကိုးထပ်။ ကျောင်းသားတွေ ဘက်စုံသုံးဖို့အတွက် အဆောက်အအုံ ဆောက်မယ်ဆိုတဲ့ အသံတွေ ကြားရတာပေါ့နော်။ ဆိုတော့ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကထက် ပိုပြီးဆူဆူညံညံ ကြားရတာပေါ့နော်။ ပြီးခဲ့တဲ့ အခေါက်တုန်းကတော့ ကော်မတီဖွဲ့ဖို့တောင် အခြေအနေ မဟန်ဘဲနဲ့ အခုအချိန်မှာ ထပ်ပြီးတော့ သေသေချာချာကို အဆောက်အအုံပုံစံပါ ထွက်လာတဲ့အပေါ်မှာ ကျွန်မတို့အနေနဲ့ ကန့်ကွက်ကြတာတွေ၊ သဘောမတူရတာတွေ ဖြစ်လာတာပေါ့။

မေး - ဒီ ဖြိုခွဲခံခဲ့ရတဲ့ တကသ အဆောက်အအုံဟောင်းကြီး ပြန်လည်တည်ဆောက်ရေး ကိစ္စကို ဘာဖြစ်လို့ ကန့်ကွက်ကြ၊ သဘောမတူ ဖြစ်ကြရတာလဲ။

ဖြေ - တကယ်တမ်းဆိုရင် သမဂ္ဂအဆောက်အအုံဆိုတဲ့ ကိစ္စရပ်က ကျောင်းသားမျိုးဆက်အားလုံးနဲ့ သက်ဆိုင်တယ်လို့ ကျွန်မတို့က ယူဆတယ်။ ဥပမာအားဖြင့် ရန်ကုန်တက္ကသိုလ်  ကျောင်းသားသမဂ္ဂရုံးဆိုရင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ သက်ဆိုင်တယ်။ အခုဒါကတော့ သမဂ္ဂအဆောက်အအုံ ဆိုတာက ကျောင်းသားအားလုံးနဲ့ သက်ဆိုင်တယ်။ ဒါက ကျွန်မတို့ရဲ့ ဘူမိနက်သန် သမိုင်းတစ်ခု ဖြစ်တယ်လို့ ကျွန်မတို့က ယူဆတယ်။ တစ်ခါတလေကျရင် တချို့က ပြောကြတယ်။ အဲဒါဆိုရင် မျိုးဆက်အားလုံးကို ဖိတ်ခေါ်၊ အားလုံးတူညီတဲ့ သဘောထား ဘယ်လိုဖြစ်မှာလဲ တစ်ယောက်တစ်ပေါက်နဲ့လို့ ပြောကြလိမ့်မယ်။ ကျွန်မတို့က တစ်ယောက်တစ်ပေါက် ဖြစ်ဖို့ဆိုတာ မရှိပါဘူး။ ဒီကိစ္စမှာ တကယ်တမ်း တိုက်ရိုက်သက်ဆိုင် တာကတော့ ၆၂ ကျောင်းသားမျိုးဆက်ကြီးတွေက တိုက်ရိုက်သက်ဆိုင်တဲ့ သူတွေပေါ့။ သူတို့သဘောဆန္ဒ အပေါ်မှာလည်း သက်ရောက်မှု ရှိရမယ်။ ကျန်တဲ့မျိုးဆက် ကျောင်းသားတွေရဲ့ သဘောဆန္ဒနဲ့လည်း လိုက်လျောညီထွေ ဖြစ်ရမယ်လို့ ကျွန်မတို့က ဆိုလိုရင်း ဖြစ်ပါတယ်။ ဆိုတော့ ကျွန်မအမြင်ကတော့ ဘက်စုံသုံး အဆောက်အအုံဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဆောက်လို့ရပါတယ်။ ဒါက ကျွန်မတို့အနေနဲ့ လက်ခံပါတယ်။ ဒါပေမဲ့ ဒီအဆောက်အအုံဟောင်း နေရာကို ဘာလို့ဆောက်ချင်တာလဲဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။ ဒီနေရာကို ကျောင်းသားသမဂ္ဂတွေရဲ့ ဘူမိနက်သန်နေရာ၊ ကျောင်းသားတွေရဲ့ အကြီးအကျယ်ဆုံးသော သမိုင်းရှိခဲ့တဲ့နေရာ၊ နောက်ပြီးတော့ ၀မ်းနည်းဖွယ် အကောင်းဆုံးသော သမိုင်းဖြစ်စဉ်ကြီး ဖြစ်ပွားခဲ့တဲ့နေရာ အဲဒီလိုနေရာမျိုးမှာ ဘက်စုံသုံး အဆောက်အအုံကို ဘာလို့တည်ဆောက်ချင်ရတာလဲဆိုတဲ့ သို့လောသို့လော သံသယတွေထပ်ပြီး ၀င်လာတာပေါ့နော်။ ဒါဟာ ပြီးခဲ့တဲ့၊ မဆက်ရသေးတဲ့ သမိုင်းဆိုးကို ဖုံးကွယ်ချင်လို့လား ဆိုတဲ့ သံသယတွေလည်း ဖြစ်လာတယ်။ နောက်တစ်ခုက ဒီအပေါ်မှာလည်း အများသဘောမတူတဲ့ အနေအထားဆိုတော့ ပိုဆိုးတာပေါ့နော်။ အဲဒီတော့ ပြီးခဲ့တဲ့ သတင်းတွေမှာဆိုရင် အစိုးရပိုင်းကပြောတာ အများသဘောတူညီမှုနဲ့ဆိုတော့ ကျွန်မတို့က အများသဘော မတူတဲ့ဟာကို ဘာလို့အများသဘောတူညီမှုလို့ အတင်းအဓမ္မကြီး အဆောက်အအုံဆောက်ဖို့ ကြိုးစားနေရတာလဲဆိုတဲ့ သံသယတွေလည်း ထပ်ပြီးဖြစ်ပေါ်လာတယ်။ ကျွန်မတို့မြင်တာကတော့ ဒီကိစ္စမှာ အင်မတန်မှကို စိတ်ရှည်ရမယ်။ နောက်တစ်ခုက ဒါ သမိုင်းနဲ့ချီတဲ့ကိစ္စ။ နောက်တစ်ခုက ကျောင်းသားသမိုင်း ဆိုတာက မြန်မာပြည်လွတ်လပ်ရေး သမိုင်းမှာ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ ခုချိန်ထိလည်း ကျွန်မတို့ကျောင်းသားတွေက နိုင်ငံရေး တက်ကြွလှုပ်ရှားမှုမှာ ထိပ်ဆုံးက ရှိနေတယ်။ ဆိုတော့ ဒီကျောင်းသားတွေရဲ့ စိတ်ဝိညာဉ်တွေ တက်ကြွမှုတွေ၊ လုံလတွေ၊ စိတ်အားထက်သန်မှုတွေကို အားလုံးသိကြပါတယ်။ ခုနကပြောတဲ့ ဘတ်ဂျက်ကျထားတဲ့ ဘက်စုံသုံး အဆောက်အအုံကို တခြားနေရာ ရန်ကုန်တက္ကသိုလ်မှာပဲ ဖြစ်ဖြစ်ပေါ့နော်။ အခြားနေရာလွတ် တစ်ခုမှာ ဆောက်လို့ရပါတယ်။ ဒါပေမဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းဆိုတဲ့ ထိလွယ် ရှလွယ်တဲ့ နေရာမှာ မလုပ်သင့်ဘူး။ ၆၂ မျိုးဆက် ကျောင်းသားတွေဆိုရင် ခုချိန်ထိ ဆဲဗင်းဂျူလိုင် အကြောင်းအရာကို ပြန်ပြောတိုင်း မချိအောင် နာရတယ်။ ကျွန်မတို့အကြားနဲ့တောင် ခံစားရတယ်။ သူတို့မျက်မြင်ကိုယ်တွေ့ မနေ့တစ်နေ့ကမှ ဖြစ်ခဲ့တာမျိုးအထိ ခံစားခဲ့ရတယ်။ သူတို့ရဲဘော်ရဲဘက်တွေ သူတို့မျက်စိရှေ့မှာတင် ဆုံးရှုံးခဲ့ရတာတွေ ခံစားနေရတုန်းဆိုတော့ ဒါအင်မတန်မှကို ထိလွယ်ရှလွယ်တဲ့ သမိုင်း။ ဒီသမိုင်းကို သယ်ဆောင်လာတဲ့ ကျွန်မတို့မှာလည်း သူတို့လောက် မဟုတ်ပေမယ့် တစ်စုံတစ်ရာအထိ ကျွန်မတို့မှာလည်း ထိခိုက်ခံစားမှုတွေ ရှိခဲ့တယ်။ ဆိုတော့ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ အင်မတန်မှ သတိကြီးဖို့ လိုအပ်တယ်။ အများသဘောတူညီမှုနဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်။

မေး - အခု သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး၊ ဘက်စုံသုံး အဆောက်အအုံပဲ ဖြစ်ဖြစ်ပေါ့နော် အဲဒီလို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားကြတဲ့နေရာမှာ ဒီသမဂ္ဂ အဆောက်အအုံဟောင်းကြီးမှာ တကယ်ဖြတ်သန်းခဲ့ရတဲ့ ၆၂ မျိုးဆက် ကျောင်းသားကြီးတွေကို အသိအမှတ်ပြုမှုတွေ၊ သူတို့ရဲ့ သဘောထားတွေ၊ အကျေအလည် ညှိနှိုင်းတိုင်ပင်မှုတွေ မရှိသေးဘူးလို့ ကျွန်တော်တို့ ကြားသိရတယ်။ ဒါဟာဖြစ်သင့်ရဲ့လား။ မဖြိုးဖြိုးအောင် အနေနဲ့ရော ဘယ်လိုမှတ်ချက် ပေးချင်လဲ။

ဖြေ - သူတို့က တိုက်ရိုက်သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်။ သူတို့တွေက မျက်မြင်ကိုယ်တွေနဲ့ ထိထိခိုက်ခိုက် ခံစားခဲ့ရသူတွေ ဖြစ်ပါတယ်။ ဆိုတော့ သူတို့တွေနဲ့ တိုက်ရိုက်သက်ဆိုင်တာ ဖြစ်တဲ့အတွက် ကျွန်မ အမြင်ပေါ့နော် သူတို့တွေကို အရင်အဦးဆုံး ချဉ်းကပ်ရမယ်။ သူတို့ရဲ့ သဘောဆန္ဒတွေကို ယူရမယ်၊ သူတို့နဲ့ ဆွေးနွေးတိုင်ပင်တာတွေ လုပ်ရမယ်။ ပြီးရင် ပါဝင်သင့် ပါဝင်ထိုက်တဲ့ ကျောင်းသားမျိုးဆက်တွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ရမှာပေါ့နော်။ ဆိုတော့ ဒီအရေးအကြီးဆုံး တိုက်ရိုက်သက်ဆိုင်နေတဲ့ သူတွေတောင်မှ ချည်းကပ်မှု မရှိဘူးဆိုရင် ဒါကိုဘယ်လို အဓိပ္ပာယ် ဖော်ကြမလဲပေါ့နော်။ ဒီသမဂ္ဂ အဆောက်အအုံ ဟောင်းကြီးက ဘယ်လိုအဓိပ္ပာယ် ပေါ်သွားမလဲဆိုတဲ့ မေးခွန်းတွေ ထပ်ပြီးတော့ ပေါ်လာတာပေါ့နော်။ အဲဒီတော့ ကျွန်မအနေနဲ့ကတော့ အဓိပ္ပာယ်ရှိရှိနဲ့၊ သမိုင်းအဓိပ္ပာယ် ပြည့်ပြည့်၀၀နဲ့ သမဂ္ဂအဆောက်အအုံဟောင်း နေရာကို ပေါ်ပေါက်ဖို့ ကြိုးစားချင်တယ် ဆိုလို့ရှိရင် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေ ရှိပါ တယ်။ အဲဒါတွေကို အရင်လုပ်မှ ရပါမယ်။ အဲဒီကိစ္စတွေကို ကျော်ပြီးတော့ အစိုးရဆိုတဲ့ လုပ်ခွင့်ရှိတယ်၊ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့နေရာကနေ လုပ်မယ်ဆိုရင်တော့ ဘာမှထူးထူးခြားခြား အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူးလို့ ကျွန်မမြင်တယ်။ အစိုးရအနေနဲ့ ထောက်ပံ့ကူညီပေးတာမျိုးကပဲ သင့်တော်လိမ့်မယ်ထင်တယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ဦးဆောင်တာမျိုး ဆိုရင်တော့ ပြောင်းပြန်ဖြစ်နေတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အစိုးရက ဦးဆောင်လုပ်ရင်တော့ လွတ်လပ်တဲ့ သမဂ္ဂအဆောက်အအုံ ဖြစ်လာမယ် မထင်ဘူး။ ဒီကိစ္စက တစ်နှစ်၊ နှစ်နှစ်နဲ့ ပြီးသွားမှာလည်း မဟုတ်ဘူး။ နောက်ရွေးကောက်ပွဲကလည်း တဖြည်းဖြည်းနဲ့ နီးလာပြီဆိုတော့ ဒီလိုတွန်းလုပ်တာက ကျွန်မအမြင်အရ ပုံရိပ်ကိုပဲ ပိုဆိုးလာစေလိမ့်မယ်။ ကောင်းတဲ့ဘက်ကို ဘယ်နည်းနဲ့မှ မသွားဘူး။ နောက်ပြီးတော့ ကျောင်းသားအချင်းချင်း ကြားထဲမှာလည်း ပြဿနာတွေ ပိုကြီးလာပြီး အကွဲအပြဲတွေကလည်း ပိုပြီးဆိုးဆိုးရွားရွား ဖြစ်လာနိုင်တယ်။ ဆိုတော့ ဖြစ်လာတဲ့ ကိစ္စအပေါ်မှာပဲ ထပ်ပြီးတော့ သမိုင်းဆိုးအမွေကို မဆက်ခံချင်ပါနဲ့လို့ ကျွန်မပြောချင်ပါတယ်။

မေး - ကျောင်းသားလှုပ်ရှားမှု သမိုင်းက အင်မတန် အစဉ်အလာ ကြီးမားခဲ့ပါတယ်။ ထို့အတူ ကျောင်းသား သမဂ္ဂကလည်း တိုင်းပြည်လွတ်လပ်ရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို နိုးနိုးကြားကြားနဲ့ ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ အစဉ်အလာရှိခဲ့တယ်။ မဖြိုးဖြိုးအောင် အနေနဲ့ ဒီဖြိုခွဲခံလိုက်ရတဲ့ တကသ အဆောက်အအုံဟောင်းကြီးက ဘာလို့ သမိုင်းအရ တန်ဖိုးကြီးမားတယ်လို့ ဆိုချင်တာလဲ။ တခုပ်တရ ထိန်းသိမ်းဖို့ ဘာကြောင့် လိုအပ်နေရတာလဲ။

ဖြေ - ကျွန်မတို့နိုင်ငံရဲ့ ဖြစ်တည်မှု သမိုင်းက ၁၉၄၈ မှာ လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးမရခင် ၁၉၂၀ ကျောင်းသားသပိတ်၊ နောက်ကျောင်းသားများ သမဂ္ဂတွေနဲ့ ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်လာတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာ သမိုင်းအရ အင်မတန်မှ တန်ဖိုးကြီးတဲ့ နေရာတစ်ခုဖြစ်တယ်။ ရန်ကုန်တက္ကသိုလ် ကနေပြီးတော့ ၁၉၃၅- ၃၆ မှာ ဒုတိယကျောင်းသားသပိတ် ထပ်ပြီးတော့ ပေါ်လာတယ်။ အဲဒီကျောင်းသား သပိတ်တွေကနေပြီးတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဆိုပြီးတော့ ပေါ်လာတာ။ အဲဒီနောက် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပေါ်လာတယ်။ ဆိုတော့ သမဂ္ဂအဆောက်အအုံက ကျွန်မတို့ရဲ့ နိုင်ငံရေး နိုးကြားမှုအတွက် အင်မတန် တန်ဖိုးကြီးတဲ့ နေရာတစ်ခုလို့မြင်တယ်။ နောက်တစ်ခုက မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာလည်း ကျောင်းသားထုရဲ့ နိုးကြားမှု၊ သူတို့ရဲ့ တွန်းအားကလည်း တော်တော်ကြီးမားခဲ့တယ်။ ရဲဘော်သုံးကျိပ် ဆိုရင်လည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အမြောက်အမြား ပါဝင်တယ်။ ဒါဟာ ဒီကျောင်းသားသမဂ္ဂရဲ့ သမိုင်းတန်ဖိုး ကြီးမားမှုက ကျွန်မတို့တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ ချီပြီးတော့ တန်ဖိုးကြီးမားတယ်လို့ မြင်တယ်။ တချို့က ပြောလိမ့်မယ် ကျွန်တော်တို့ ပြခန်းထားမယ်ပေါ့နော်။ ဒီနေရာမှာ ဒီလိုဖြစ်ခဲ့တယ်ဆိုတဲ့ ဓာတ်ပုံပြခန်း အစရှိသဖြင့် တခြားမန်မိုရီရယ် ပုံစံမျိုးပေါ့။ ဒါပေမဲ့ အဲဒီနေရာကို ရောက်သွားလို့ရှိရင် လူတွေရဲ့ ခံစားချက်ပေါ့နော်။ အဲဒီနေရာရဲ့ အသွင်သဏ္ဌာန်က အများကြီး တွန်းအားပေးတယ်။ ဆိုတော့ သမိုင်းဆိုတာ မေ့ဖျောက်လို့ မရဘူးရှင့်။ မေ့ဖျောက်လို့မရ၊ မမေ့ဖျောက်နိုင်မှလည်း ဘာတွေဖြစ်ခဲ့တယ် နောက်မဖြစ်အောင် ဘယ်လိုဆင်ခြင်ရမယ်ဆိုတဲ့ အသိကို လူတွေတန်ဖိုးထားကြ လိမ့်မယ်လို့မြင်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ လူတွေက အသစ်အသစ်သော အာရုံတွေနဲ့ ဒီသမိုင်းတွေကို မေ့ပျောက်သွားကြမယ်။ ကျွန်မတို့အနေနဲ့ကတော့ အဲဒီသမိုင်းကို ဘယ်တော့မှ မမေ့ဖျောက်နိုင်ဘူး။ နောင်လာ နောက်သားတွေကိုလည်း မမေ့ဖျောက်စေချင်ဘူး။ ဒီနေရာကို ဘယ်လိုမျိုး ပျိုးထောင်ရင် ဘယ်လိုတည်ဆောက်ရင်တော့ သမိုင်းအတွက် အင်မတန်မှ တန်ဖိုးကြီးတဲ့ နေရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါက တန်ဖိုးကြီးတယ်လို့ နောင်လာ နောက်သားတွေက ခံစားရလိမ့်မယ် ဆိုတာကို ပေါ်လာလိမ့်မယ်လို့ ထင်တယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ခေတ်မီအဆောက်အအုံ ဆောက်မယ်။ ပြခန်းတစ်ခု အနေနဲ့ ထားမယ်ဆိုရင်တော့ ဟုတ်တယ် ဖြစ်တော့ဖြစ်ခဲ့တယ်။ ဒီနေရာမှာ ဒါတွေရှိတယ် ဆိုတာသိတယ်။ ဒါပေမဲ့ ထိထိခိုက်ခိုက်ရင်ထဲမှာ ခံစားရမှာ မဟုတ်ဘူး။ ဒါဆိုရင် သမိုင်းတန်ဖိုးအရ နောင်လာ နောက်သားတွေအထိ သယ်သွားဖို့ ရာခိုင်နှုန်း တော်တော်နည်းလိမ့်မယ်လို့ ထင်တယ်။ ကျွန်မအမြင်အရတော့ ဒီနေရာဟာ တန်ဖိုးထားရလောက်တဲ့ သမိုင်းတန်ဖိုးကြီးမား ခဲ့တဲ့အတွက် ပြီးခဲ့တဲ့သမိုင်းကို သယ်ဆောင်လာနိုင်တဲ့ အထိမ်းအမှတ်တစ်ခု ဖြစ်စေချင်ပါတယ်။

မေး - တကယ်တော့ ဒီသမိုင်းက သမိုင်းဆိုး အနိဋ္ဌာရုံပေါ့၊ တချို့အမြင်တွေ ကြားရတာတော့ အနိဋ္ဌာရုံတွေကို ပြန်လည်ဖော်ဆောင်တာတွေ မလုပ်တော့ဘဲနဲ့ ပြည်ဖုံးကားချလိုက်တာ ပိုကောင်းမယ်။ အမုန်းတရားတွေ အာဃာတတွေမရှိဘဲ နောက်လာ နောက်သားတွေအတွက် ပိုပြီးအေးချမ်းလိမ့်မယ်လို့ တွေးကြ ပြောကြတာလည်း ကြားရတယ်။ ဒါက တကယ်ရော ဖြစ်သင့် ဖြစ်ထိုက်ရဲ့လား၊ ဖြစ်နိုင်ရဲ့လား။

ဖြေ - သမိုင်းမှာ ဖြစ်ခဲ့တာတွေက ၁၉၆၂ အာဏာသိမ်းပြီး နောက်ပိုင်းမှာပေါ့။ ကျွန်မအမြင်ကတော့ မေ့ဖျောက်လို့ မရဘူး။ မေ့ဖျောက်ခြင်းကလည်း မှန်ကန်တဲ့ အဖြေမဟုတ်ဘူး။ ခွင့်လွှတ်ချင်ရင် ခွင့်လွှတ်ကြမယ်။ မေ့ဖျောက်လို့တော့ ဖြစ်တဲ့အရာ မဟုတ်ပါဘူး။ ခွင့်လွှတ်ဖို့ကိုလည်း တစ်စုံတစ်ယောက်ကနေ တိုက်တွန်းစရာ မလိုပါဘူး။ ခွင့်လွှတ်နိုင်တဲ့လူက ခွင့်လွှတ်လိမ့်မယ်။ ခွင့်မလွှတ်နိုင်တဲ့သူက သူတို့ပေးဆပ် ခဲ့ရတာတွေ ဆုံးရှုံးခဲ့ရတဲ့ အနာဂတ်တွေအတွက် ခွင့်မလွှတ်နိုင်ရင်လည်း လွတ်လွတ်လပ်လပ် ခွင့်မလွတ်ဘဲ နေပိုင်ခွင့်ရှိတယ်။ သမိုင်းဆိုတာက ပြီးသွားခဲ့တဲ့သမိုင်း။ အစောကြီး ကတည်းက မလုပ်ခဲ့ရင်တော့ ဒီကိစ္စက ဖြစ်လာမှာ မဟုတ်ဘူး။ အခုလုပ်ခဲ့ကြတော့ ဖြစ်ခဲ့တဲ့ သမိုင်းကို ထိန်းသိမ်းထားပြီးတော့ နောက်နောင် ဒီလိုသမိုင်းမျိုး တစ်ပတ်ပြန်မလည်လာဖို့ ကျွန်မတို့ အမြဲတမ်း နမူနာထားပြီး ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဆိုတော့ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင် ဦးနေ၀င်းကနေပြီးတော့ သမဂ္ဂကို ဖြိုဖျက်ခဲ့တာက စစ်အာဏာရှင်စနစ်ရဲ့ ဆိုးရွားကြမ်းကြုတ်ရက်စက်မှုကို ဖော်ဆောင်တာပဲ။ ဒီဖော်ဆောင်ခဲ့မှု ဒီသမိုင်းကို ဖျောက်ဖျက်လိုက်ရင် ကျွန်မတို့က စစ်အာဏာရှင်စနစ်ရဲ့ ဆိုးရွားရက်စက် ကြမ်းကြုတ်မှုကြီးပါ ပျောက်ကွယ် သွားလိမ့်မယ်။ ဒါဟာ တိုင်းပြည်အတွက် အင်မတန်မှ အန္တရာယ်များတယ်။ ဆိုတော့ ကျွန်မတို့အနေနဲ့ မေ့ဖျောက်ဖို့ မဖြစ်နိုင်ဘူး။ မေ့ဖျောက်ဖို့ မဖြစ်နိုင်တဲ့သမိုင်းကို ကျွန်မတို့က နောင်လာနောက်သားတွေ အထိပါ အလေးအနက်ထားပြီး သယ်ဆောင်သွားဖို့ လိုအပ်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး အပါအ၀င် ဆဲဗင်းဂျူလိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာ ဘာများရှိမလဲ။

ဖြေ - ကျွန်မတို့က တရားမျှတမှု တစ်ခုခုကို မရှာဖွေဘဲနဲ့ ပြဿနာကို ဖြေရှင်းဖို့ပဲ ကြိုးစားနေကြတယ်။ ဆိုတော့ တရားမျှတမှုကို ရှာဖွေနေရင်းနဲ့သာ ဒီပြဿနာကို ဖြေရှင်းမှ ပြေလည်လိမ့်မယ်လို့ ကျွန်မထင်တယ်။ တရားမျှတမှုကို မစဉ်းစားဘဲနဲ့ ပြဿနာကို ဖြေရှင်းဖို့ပဲ ကြိုးစားလေလေ အဲဒီပြဿနာကလည်း မပြေလည်ဘဲနဲ့ ပြဿနာလည်း ထပ်ထပ်ပြီးတော့ ပြဿနာသံသရာ လည်နေတာပေါ့နော်။ အခု ဆဲဗင်းဂျူလိုင် ကိစ္စမှာလည်း ဒီဟာကို ထည့်ပြောချင်တယ်။ ပြီးခဲ့တဲ့ သေတဲ့လူတွေကလည်း သေသွားကြပြီ။ ပျက်စီးသွားတဲ့ အဆောက်အအုံ ကြီးကလည်း ပျက်စီးသွားပြီ။ ပြီးသွားကြပြီ။ ဒါကြီးကို ပြည်ဖုံးကားချလိုက်ပြီလို့  ကျွန်မတို့ အဲဒီလို စဉ်းစားလို့ မရဘူး။ ဒါမှမဟုတ် ဒီနေရာမှာ အထိမ်းအမှတ် အဆောက်အအုံ ကြီးကြီးမားမား ဆောက်ပေးမယ်။ ပြခန်းလုပ်ပေးမယ် ပြီးသွားပြီ။ ဒါဆိုရင် သမိုင်းဖြစ်ခဲ့တာပဲ။ ဒီလောက်နဲ့တင်လည်း မပြီးဘူး။ တကယ်နစ်နာ သွားခဲ့တဲ့လူတွေ ရှိတယ်။ အဲဒီနစ်နာသွားခဲ့သူတွေကို ကျွန်မတို့က အဲဒီလူတွေ တကယ်ကို နစ်နာသွားခဲ့ကြတယ်ဆိုတဲ့ သမိုင်းကို ဖော်ထုတ်ဖို့လိုတယ်။ ဆိုတော့ ကျွန်မတို့ တရားမျှမှုတစ်ခုကို ပြန်ပြီးရှာတာပေါ့နော်။ အဲဒီတရားမျှတမှုက အပြစ်ပေး အရေးယူဖို့ကို ကျွန်မတို့က တွန်းအားပေး ပြောနေတာလည်း မဟုတ်ဘူး။ ဘာတွေဖြစ်ခဲ့တယ် ဆိုတာလည်း ပြောရမယ်။ ဘယ်သူတွေက နစ်နာသွားတယ်။ ဘယ်သူတွေကတော့ ဒီနစ်နာမှုတွေအတွက် တာဝန်ရှိတယ် ဆိုတာမျိုးတွေကို ဖော်ထုတ်ဖို့ မဖြစ်မနေ လိုအပ်တယ်။ ဒါမှသာလျှင် ကျွန်မတို့က အနီးစပ်ဆုံး တရားမျှတမှုကို ရှာနိုင်လိမ့်မယ်။

 

Writer: 
လူမော်နိုင်