ယုန်လေးနှင့် တွေ့ဆုံခြင်း

ဂီတလောကမှာ နေရာတစ်ခုရရှိခဲ့ပြီးဖြစ်တဲ့ ယုန်လေးက ဒီဗွီဒီဇာတ်ကားဖြစ်တဲ့ ‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ’ ဆိုတဲ့ဇာတ်ကားကို စတင်ရိုက်ကူးရင်း ရုပ်ရှင်နဲ့ဗီဒီယို အနုပညာလောကထဲမှာ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ရပ်တည်လာခဲ့သူပါ။ ဟစ်ဟော့မှာနာမည်ရနေတဲ့ အဆိုတော်တွေပါဝင်ခဲ့တဲ့ ‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ’ ဇာတ်ကားအောင်မြင်ပြီးနောက်ပိုင်းမှာတော့ အက်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာခဲ့တဲ့ ယုန်လေးက လက်ရှိရုံတင်နေတဲ့ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Original Gangster-2 ဇာတ်ကားနဲ့ အောင်မြင်မှုရရှိခဲ့ပြီး နောက်ထပ်ရုံတင်မယ့် အက်ရှင်ဇာတ်ကားတွေလည်းရှိသလို နောက်ထပ်ရိုက်ကူးနေတဲ့ ဇာတ်ကားတွေရှိနေတာကြောင့် ယုန်လေးရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်  .  .  .

■ မေး - ပထမဆုံးအနေနဲ့ သရုပ်ဆောင်လုပ်ဖြစ်ခဲ့တဲ့အကြောင်းနဲ့ အက်ရှင်ဇာတ်ကားတွေကိုပဲ အဓိကရိုက်ဖြစ်တဲ့အကြောင်းလေးကို ပြောပြပေးပါ။
ဖြေ - ကျွန်တော့်အနေနဲ့ ဂီတဘက်မှာ ‘အချစ်အတွက် ကံမကောင်းခဲ့သူ’ သီချင်းနာမည်စရလာတဲ့။ အဲဒီအချိန်တုန်းက ရလာတဲ့အောင်မြင်မှု အပေါ်သာယာပြီး ကျွန်တော်ဂီတအလုပ်တွေလုပ်ခဲ့ပေမယ့် သီချင်းသွင်းဖို့စတူဒီယို ဒိတ်ယူထားတဲ့ရက်မှာ သူငယ်ချင်းမွေးနေ့ရှိတယ်ဆိုရင် သီချင်းမသွင်းဘဲ သူငယ်ချင်းမွေးနေ့သွားတာမျိုး အပျော်ဘက်ကိုပိုလိုက်ဖြစ်ခဲ့တယ်။ နောက်ပြန်သွင်းမယ်ဆိုရင် အဲဒီတုန်းက စတူဒီယိုတွေကနည်းတော့ အချိန်ပြန်ယူရတာမျိုးတွေ သီချင်းတွေက ဆင်ဆာထိလို့ ပြန်လုပ်ရမယ်ဆိုရင် ကိုယ်ကသီချင်းထွက်ချင်နေပြီဆိုတော့ သေချာမလုပ်ဖြစ်ခဲ့တာတွေရှိတယ်။ အဲဒီတုန်းက အတိုက်အခံတွေလည်းများခဲ့တယ်။ ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းရှိတယ်။ အဲဒီအတွက်လည်း သေချာပြန်လုပ်မှာပါ။ ရုပ်ရှင်ဘက်မှာကျတော့ ကျွန်တော်ကပျော်သွားတယ်။ သူများမလုပ်သေးတဲ့တာတစ်ခု အသစ်တစ်ခုကို ကိုယ်သေချာကြိုးစားပြီး လုပ်ကြည့်မယ်ဆိုပြီး စလုပ်ဖြစ်ခဲ့တာ။

■ မေး - Original Gangster-2 ရုပ်ရှင်ဇာတ်ကား ရိုက်ဖြစ်ခဲ့တာကရော။
ဖြေ - ဒီဇာတ်ကားလေးရိုက်ဖို့က ကျွန်တော်ပထမဆုံးရိုက်ခဲ့တဲ့ ‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ’ ဇာတ်ကားကတည်းက စိတ်ကူးရခဲ့တာ။ ဒီဇာတ်ကားရိုက်မယ်ဆိုပြီး မြင့်မြတ်ကိုစပြောတော့ သူ့မှာလည်း အက်ရှင်ဇာတ်ကားမရှိသေးတော့ သူကိုယ်တိုင်က ဒီဇာတ်အပေါ်မှာ စိတ်အားထက်သန်ပြီး အကောင်းဆုံးရိုက်ကူးနိုင်ဖို့ ကင်မရာငှားတာကအစ ဇာတ်ကားကိုဘယ်အခန်းမှာ ဘယ်လိုတွေရိုက်မယ်ဆိုတာအထိ ဇာတ်ကားမရိုက်ခင် အကြိမ်များစွာတွေ့ပြီး တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ကိုယ်တွေတကယ်ရူးသွပ်တဲ့ အနုပညာအလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးလုပ်ခဲ့တာပါ။

■ မေး - Original Gangster-2 ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေအားပေးကြသလို ဝေဖန်မှုတွေလည်းရှိနေတော့ ဘယ်လိုခံစားရလဲ။
ဖြေ - အောင်မြင်နေတာ ပရိသတ်တွေအားပေးတာတွေ့ရတော့ ပျော်တာပေါ့။ တစ်ဖက်ကလည်း ဝေဖန်မှုတွေရှိတယ်။ ဒီဇာတ်ကားမှာ အချောသပ်တဲ့အပိုင်းအားလုံးကို ကျွန်တော်တစ်ယောက်တည်း လုပ်ခဲ့တာဆိုတော့ အတွေ့အကြုံတွေလည်း အများကြီးရခဲ့တယ်။ ဖိုင်နယ်အဆင့်စစ်အပြီး Data တွေအကူးအပြောင်းမှာကို ကျန်ခဲ့တာတွေ မှားသွားတာတွေရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာသေချာပြန်ပြီးလုပ်ဖို့ ဖိုင်နယ်အဆင့်ထိ သေချာအပင်ပန်းခံပြီး လုပ်ရတော့မယ်။ ဝေဖန်မှုတွေနဲ့ ပတ်သက်ရင် တကယ်နားလည်တဲ့လူတွေကို ပြန်ပြပြီးတိုင်ပင်တယ်။ ဝေဖန်တဲ့နေရာမှာလည်း သေချာဝေဖန်တဲ့သူ၊ သူနားလည်သလောက်ဝေဖန်တဲ့သူ၊ ပေါက်ကရဝေဖန်တဲ့သူတွေလည်းရှိတော့ ကိုယ့်ကိုကိုယ် အကောင်းဖြစ်စေချင်လို့ ဝေဖန်ပေးသူတွေရဲ့စကားကို သေချာနားထောင်ပြီး ကိုယ့်ဘက်က လိုအပ်နေတာတွေရှိတာကိုလည်း ကြိုးစားသွားမှာပါ။ နောက်ပြီး ကျွန်တော့်ဒီဇာတ်ကားရိုက်တဲ့အချိန်မှာ ရှုတင်လာပြီးဆို ကိုယ့်တစ်ယောက်စာ အ၀တ်လေးပြင်ပြီး ကိုယ်လုပ်ရမယ့် အိုက်တင်တစ်ခုတည်းလုပ်ခဲ့ရတာ မဟုတ်ပါဘူး။ ရှုတင်တစ်ခုလုံးစာအတွက် လိုအပ်တဲ့ပိုက်ဆံ၊ နေရာ၊ အ၀တ်အစား၊ သင်္ဘောငှားတာ စသည်ဖြင့် လိုအပ်တာတွေအကုန်လုံးကို တစ်ယောက်တည်းသေချာလိုက်ပြီး လုပ်ကိုင်ပြင်ဆင်ခဲ့တာဖြစ်လို့ နည်းနည်းအားနည်းသွားတာလေးတွေလည်း ရှိပါတယ်။

■ မေး - ကိုယ်သေချာကြိုးစားဖန်တီးထားတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားက အောင်မြင်သွားပြီဆိုတော့ နောက်ရိုက်မယ့်ဇာတ်ကားတွေက ကိုယ့်အတွက်အားပိုစေမလား ဒါမှမဟုတ် ဖိအားတစ်ခုပိုဖြစ်လာမလား။
ဖြေ - ကျွန်တော့်အတွက် အားတစ်ခုဖြစ်စေသလို ဖိအားလည်းရစေပါတယ်။ အင်အားတစ်ခု ပိုရလာတဲ့အလျောက် ရှေ့လုပ်မယ့်အလုပ်တွေမှာ ပိုပြီးကြိုးစားလုပ်ဆောင်သွားမယ်။ ဖိအားဆိုတာကတော့ ပါးပါးတော့ရှိပေမယ့် ရှေ့ကားအောင်မြင်လို့ နောက်ကားတွေကိုခိုမယ်ဆိုတဲ့ စိတ်မျိုးကျွန်တော့်မှာမရှိတဲ့အတွက် အဲဒီဖိအားမျိုးကိုတော့ ကျွန်တော်လုံးဝမကြောက်ဘူး။ ဖိအားဆိုတာက Original Gangster-3 မှာလုံးဝအမှားမခံဘူး။ ကောင်းအောင်ကြိုးစားနေတာကိုပဲ ပိုပြီးပိုပြီး သေချာဂရုစိုက်ကြိုးစားရမယ်ဆိုတာမျိုးပါပဲ။ အဲဒီအတွက်လည်း ကျွန်တော်တို့လိုအပ်တဲ့ကားတွေ နှစ်စီးသုံးစီးလောက်ဝယ်ထားပြီး ကားတိုက်တဲ့မှောက်တဲ့အခန်းတွေကို သေချာရိုက်ဖို့ စီစဉ်ထားတယ်။ အက်ရှင်ဇာတ်ခန်းတွေအတွက် လိုအပ်တဲ့ဆက်တင်ပစ္စည်းတွေကို ဘန်ကောက်မှာသွားလေ့လာပြီး ၀ယ်ဖို့ပြင်ဆင်နေပါတယ်။

■ မေး - Original Gangster-3 ရုပ်ရှင်ဇာတ်ကားကိုရော ဘယ်တော့လောက် ရုံတင်ဖို့မှန်းထားလဲ။
ဖြေ - Original Gangster-3 ကရိုက်ကူးပြီးဖို့ သုံးရက်စာလောက်ပဲကျန်တော့မယ်။ အဲဒီသုံးရက်စာကိုပဲ ဇာတ်လမ်းကိုပြန်ကြီးပြီး သေချာရိုက်ဖို့လုပ်နေပါတယ်။ ရုံတင်ဖို့ကတော့ နောက်နှစ်ထဲလောက်မှ ဖြစ်ပါလိမ့်မယ်။

■ မေး - ပရိသတ်တွေထပ်ပြီး မြင်တွေ့ခွင့်ရမယ့် ယုန်လေးရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ - ဂီတဘက်မှာ Original Gangster-2 ကသီချင်းလေးတွေကို ပရိသတ်တွေတောင်းထားတာရှိသလို ကျွန်တော့်ခွေလည်းရှိနေတော့ ဘာအရင်လုပ်ဖြစ်မလဲတော့ မသိသေးဘူး။ ဂီတအလုပ်တွေကိုပြန်လုပ်မယ်။
‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂’၊ ‘လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူ’၊ ‘လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ’ စတဲ့အက်ရှင်ဇာတ်ကားတွေလည်း ရုံတင်သွားဖို့ရှိပါတယ်။                              

Writer: 
စုမှူးနိုင်