သရုပ်ဆောင်တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း

တေးသံရှင်တစ်ဦး အဖြစ်မှသည် သရုပ်ဆောင်တစ်ဦး အဖြစ်ပါ တွဲဖက်လုပ်ကိုင်နေသည့် အနုပညာရှင်များစွာအနက် လူငယ်တေးသံရှင် လွှမ်းပိုင်သည်လည်း တစ်ဦးအပါအ၀င် ဖြစ်သည်။ စာရေးဆရာ မင်းလူ၏ ၀တ္ထုကို သရုပ်ဆောင်တေးသံရှင် လွှမ်းပိုင် ပါဝင်သရုပ်ဆောင် ထားသည့် ‘ကြွေ’ ရုပ်ရှင်ဇာတ်ကားမှာ ယခုလကုန်ပိုင်းတွင် ရုံတင်ပြသနိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။ တက္ကသိုလ်နောက်ခံ အချစ်ဇာတ်လမ်းတစ်ပုဒ်၊ လွမ်းမောဆွတ်ပျံ့ ဖွယ်ချစ်ခြင်းတရားတို့ကို ပုံဖော်ထားသည့် ‘ကြွေ’ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်တေးသံရှင် လွှမ်းပိုင်သည် အကောင်းဆုံး ကြိုးစားပါဝင်ထားသည့်အပြင် မကြာခင်ကထွက်ရှိထားသည့် ‘ဂီတဗေဒ’ တေးစီးရီးမှာလည်း ဝေဖန်မှုအချို့ကြားကပင် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားပြန်သည်။ သရုပ်ဆောင်တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် ‘ကြွေ’ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အမှတ်တရများ၊ ‘ဂီတဗေဒ’ တေးစီးရီးနှင့် ပတ်သက်သည့် ခံစားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

‘ဒီဇာတ်ကားကို ကြည့်လိုက်တဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသားဘ၀ကို ခဏလေးတော့ ပြန်ရောက်သွားမယ်လို့  ထင်ပါတယ်’

■ မေး - ‘ကြွေ’  ရုပ်ရှင်ဇာတ်ကားက ရုံတင်တော့မယ်ဆိုတော့ ရင်ခုန်ခံစားမှုလေး အရင်ဆုံးသိချင်ပါတယ်။

■ ဖြေ - တော်တော်လေးတော့ ရင်ခုန်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးလည်း ဖြစ်တယ်လေ။ ကျွန်တော့်မျက်နှာကို ပထမဆုံး ရုပ်ရှင်ပိတ်ကားထက်မှာ မြင်ရမှာဆိုတော့ ဘယ်လိုဖြစ်နေမလဲပေါ့။ ကျွန်တော်က အရမ်းချောတဲ့ သရုပ်ဆောင်တစ်ယောက်လည်း မဟုတ်ဘူး။ အမူအရာကလည်း ကြိုးစားလေ့လာပြီး သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် တော်တော်လေးတော့ ရင်ခုန်ပါတယ်။

■ မေး - ဒီဇာတ်ကားက လွှမ်းပိုင်အတွက် ဘယ်လိုအမှတ်တရတွေ ရှိခဲ့လဲ။

■ ဖြေ - ဒီဇာတ်လမ်းက ဆရာမင်းလူရဲ့ ၀တ္ထုပေါ့နော်။ ကျွန်တော်အရမ်းကြိုက်တဲ့ ၀တ္ထုကို ဇာတ်ကားအဖြစ် ရိုက်တာပါ။ နောက်တစ်ခုက တက္ကသိုလ်နောက်ခံ ဇာတ်လမ်းပေါ့။ ကျွန်တော့်အနေနဲ့ တက္ကသိုလ်ကျောင်းသား ဘ၀ကို အရမ်းပျော်တယ်။ ဒါကြောင့်လည်း တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ ခံစားမှုကို သီချင်းတွေရေးဖြစ်သလို ‘ဂျာကင်ဟောင်းလေး’ ဇာတ်ကားကိုလည်း ရိုက်ဖြစ်ခဲ့တာပါ။ အခုဒီဇာတ်ကားကလည်း တက္ကသိုလ်နောက်ခံ ဇာတ်လမ်းဖြစ်တဲ့အတွက် တကယ်ရိုက်နေတဲ့ အချိန်မှာ မနက် ၉ နာရီဆိုရင် ကျောင်းထဲအရောက်သွားရတယ်။ ကျောင်းသားအနေနဲ့ သရုပ်ဆောင်တွေနဲ့အတူ ရိုက်ရတယ်ဆိုပေမယ့် တကယ်ကျောင်းတက်နေရသလို ခံစားမိတယ်။ တစ်ချိန်လုံးက ပျော်နေတာပါပဲ။ ဒါကြောင့် ဒီဇာတ်ကားလေးရိုက်ခွင့်ရတဲ့ အချိန်မှာ ပျော်စရာကောင်းတဲ့ အမှတ်တရတွေရှိခဲ့တယ်လို့ ဆိုရမှာပါ။

■ မေး - ဒီဇာတ်ကားကို ဆင်ဆာတင်တဲ့အခါ ဆင်ဆာအဖွဲ့တွေရဲ့ ဇာတ်လမ်းကောင်းမွန်မှုအပေါ် သုံးသပ်တဲ့ ရလဒ်ကောင်းတွေ ကြားခဲ့ရတယ်လို့ ပြောခဲ့ဖူးတယ်နော်။ အဲဒီအတွက် ဘယ်လိုခံစားရလဲ။

■ ဖြေ - အဲဒီအချိန်တုန်းက အရမ်းပျော်ရပါ တယ်။ စိတ်ဓာတ်ခွန်အားတွေလည်း အများကြီးဖြစ်တယ်။ ကျွန်တော့်အနေနဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရိုက်ကူးတဲ့အခါ ကိုယ်အရမ်းကျွမ်းကျင်တဲ့ အလုပ်တစ်ခုမဟုတ်ဘူး။ ၀ါသနာပါလို့သာ ကြိုးစားရတာဖြစ်တဲ့အတွက် အခက်အခဲတွေတော့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကြိုးစားရတယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ ဇာတ်ကားမှာပါဝင်တဲ့ တစ်ဖွဲ့လုံး တက်ညီလက်ညီနဲ့ ကြိုးစားခဲ့ကြလို့သာ ဇာတ်ကားကောင်းတစ်ကား ဖြစ်လာတာပါ။ အခက်အခဲတွေ အားလုံးရင်ဆိုင်ပြီး အခုလို ကြိုးစားခဲ့တဲ့အပေါ် ဒီလိုမှတ်ချက်ကောင်းမျိုး ကြားရတဲ့အခါမှာတော့ ကျွန်တော် တကယ်ပဲ ၀မ်းသာမိပါတယ်။ စိတ်ထဲမှာလည်း ခွန်အားတွေ အများကြီးရသွားသလို ခံစားရတယ်။

■ မေး - အခု တကယ်တမ်း ဒီဇာတ်ကားရုံတင်တဲ့အခါ ပရိသတ်နဲ့ ဘယ်လိုအမှတ်တရတွေ ဖြစ်စေမယ်လို့ ထင်လဲ။

■ ဖြေ - အဓိက,ကတော့ ဒီဇာတ်ကားကို ကြည့်လိုက်တဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသားဘ၀ကို ခဏလေးတော့ ပြန်ရောက်သွားမယ်လို့ ထင်ပါတယ်။ လူတိုင်းလူတိုင်းက ကျောင်းသားဘ၀မှာတော့ ပျော်ရွှင်ကြည်နူးစရာ အမှတ်တရတွေ ပိုင်ဆိုင်ထားကြမှာပါ။ အခု ဒီဇာတ်ကားလေးကြည့်လိုက်တဲ့အချိန်မှာ ကိုယ်ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကျောင်းသားဘ၀အချိန် ခဏလေးကို ပြန်လည်အမှတ်ရစေမှာပါ။

■ မေး - ‘ဂီတဗေဒ’ အခွေနဲ့ပတ်သက်လို့ ပရိသတ်ဆီက တုံ့ပြန်မှုတွေနဲ့ပတ်သက်လို့ရော ဘယ်လိုမျှော်လင့်ထားလဲ။

■ ဖြေ - ဒီအခွေက ကျွန်တော်အခွေသစ်မထွက်တာ သုံးနှစ်လောက်ကြာပြီးမှ ထွက်ဖြစ်တဲ့ အခွေပေါ့နော်။ အခွေထဲက သီချင်း ၁၈ ပုဒ် လုံးကိုလည်း အပြည့်အ၀အားစိုက်ထုတ်ပြီး ကြိုးစားထားတယ်။ ဖန်တီးမှုတွေအများကြီး လုပ်ထားတယ်။ ပရိသတ်တွေ ဒီအခွေကို နားထောင်ပြီးတဲ့အခါမှာ အနည်းဆုံးတော့ ပြုံးသွားမယ်လို့ ယုံကြည်ပါတယ်။ အားပေးနားဆင်ပေးကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အခွေသစ် မထွက်တာကြာပြီဖြစ်တဲ့အတွက် ကျွန်တော့်အတွက် ၀န်ပိသလိုဖြစ်နေတာကြာပါပြီ။ ရှိုးတွေဆိုတဲ့အခါလည်း သီချင်းအသစ်တွေ မရှိတဲ့အတွက် ကျွန်တော်ပျင်းတယ်။ အခုတော့ သီချင်းအသစ် ၁၈ ပုဒ် ရှိလာပြီဖြစ်တဲ့အတွက် ရှိုးတွေဆိုရမှာလည်း ရင်ခုန်စရာဖြစ်လာတယ်။ ကျွန်တော့်အတွက် စိန်ခေါ်မှုတွေ၊ ပျော်ရွှင်စရာတွေဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

■ မေး - ‘ဂီတဗေဒ’ အခွေက အမ်တီဗွီထွက် ဖြစ်မလား။

■ ဖြေ - ဒီအခွေရဲ့ အမ်တီဗွီကိုတော့ ကျွန်တော် စိတ်ကြိုက်သီချင်းတွေ ရွေးချယ်ပြီးရိုက်ပါမယ်။ ပြီးရင်တော့ ရုပ်သံလိုင်းကတစ်ဆင့် အခမဲ့ထုတ်လွှင့်တာမျိုး၊ Facebook ကနေ  တင်ပေးတာမျိုးတွေပဲ လုပ်ဖြစ်              သွားမှာပါ။

အမ်တီဗွီအခွေ ထွက်ဖြစ်မှာမဟုတ်ပါဘူး။ အဓိက,ကတော့ အမ်တီဗွီဆိုတာကျတော့ သီချင်းအသစ်လည်း မဟုတ်တော့ဘူး။ အမ်တီဗွီကို အခွေထွက်ဖို့အတွက် ပြင်ဆင်မယ်ဆိုရင် အချိန်လည်းပိုကုန်မယ်။ ဒါကြောင့် အမ်တီဗွီအခွေ မထွက်တော့ဘူးလို့တော့ လောလောဆယ် ဆုံးဖြတ်ထားပါတယ်။

■ မေး - နောက်ထပ်ရုပ်ရှင်ကားကြီးတွေလည်း ထပ်ရိုက်ထားတယ်ဆိုတော့ နောက်ပိုင်းကို သရုပ်ဆောင်အလုပ်ပါ တွဲပြီးလုပ်ဖြစ်သွားမှာလား။

■ ဖြေ - အမှန်အတိုင်းပြောရရင်တော့ သရုပ်ဆောင်အလုပ်ကို ကျွန်တော်လုပ်နေရင်းနဲ့ပဲ ပိုပိုပြီး စိတ်ဝင်စားလာတယ်။ အခက်အခဲဆို တာရှိပေမယ့် ကျွန်တော်ကြိုးစားပြီး လုပ်ကြည့်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဓိက၀ါသနာဖြစ်တဲ့ ဂီတအလုပ်ကိုတော့ ဦးစားပေးပြီး လုပ်ဖြစ်မယ်။ ဇာတ်ကားရိုက်ကူးမှုကိုတော့ တကယ်ကြိုက်တဲ့ ဇာတ်လမ်းမျိုးလောက်ကိုပဲ ရွေးပြီးရိုက်ကူးဖြစ်မှာပါ။

■ မေး - ‘ဂီတဗေဒ’ အခွေထဲက သီချင်းတစ်ပုဒ်နဲ့ ပတ်သက်လို့ ဝေဖန်ကြတာတွေလည်းရှိတော့ ဘယ်လိုခံစား ရသေးလဲ။

■ ဖြေ - ကျွန်တော် အဲဒါနဲ့ပတ်သက်လို့လည်း ပရိသတ်ကို သေချာလည်းရှင်းပြထား ပြီးပါပြီ။ ဒီသီချင်းနဲ့ဆင်တယ်လို့ ပြောနေကြတဲ့ မူရင်းအဆိုတော်ကိုလည်း တရားဝင်သွားမေးတယ်။ သူကလည်း ဒါက Inspiration ယူတာပေါ့နော်။ အဲလိုပဲသုံးသပ်ထားပါတယ်။ နိုင်ငံတကာမှာလည်း ဒါမျိုးရှိတာပဲလေ။ ပရိသတ်ကို သေချာလည်းရှင်းပြပြီးပြီဖြစ်လို့ ဘယ်လိုမှတော့ စိတ်ထဲမှာမထားထားပါဘူး။

■ မေး - ‘ကြွေ’ ဇာတ်ကားကို စောင့်မျှော်အားပေးကြမယ့် ပရိသတ်တွေကို ဖြည့်စွက်ပြောပြချင်တာများ ရှိဦးမလား။

■ ဖြေ - ဒီဇာတ်ကားလေးမှာ ကျွန်တော်တို့ ပါဝင်ဖန်တီးကြသူတွေ အားလုံးအတတ်နိုင်ဆုံး ကြိုးစားအားထုတ်ထားပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ဖြစ်တဲ့ ပရိသတ်တွေအနေနဲ့ တစ်စုံတစ်ခုသောရသကို ရရှိစေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးကြပါဦးလို့  ပြောချင်ပါတယ်။                             

Writer: 
■ လင်းလင်းခိုင်