ဒါရိုက်တာဂျိုးနှင့် တွေ့ဆုံခြင်း

၁၉၉၉ ခုနှစ်ဝန်းကျင်မှာ အနုပညာနယ်ပယ်ကို စတင်ရောက်ရှိလာခဲ့ပြီး ခုချိန်မှာတော့ လူငယ် ဒါရိုက်တာတစ်ဦးအဖြစ် နေရာတစ်ခု ရလာပြီဖြစ်တဲ့ ဒါရိုက်တာဂျိုးက သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Original Gangster - 2 ဇာတ်ကားကို ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးအများအပြားမှာ တစ်ပြိုင်နက် ရုံတင်ပြသနေပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိနေပါတယ်။ မြန်မာ့ရုပ်ရှင်မှာ ရှားပါးတဲ့ အက်ရှင် ဇာတ်ကားတစ်ကားဖြစ်တဲ့ Original Gangster - 2 ဇာတ်ကားအကြောင်းနဲ့ မကြာခင်မှာ အွန်လိုင်းကနေလွှင့်တင်တော့မယ့် ဒါရိုက်တာဂျိုး ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းတိုလေးတွေအကြောင်း အပါအ၀င် လူငယ်ဒါရိုက်တာဂျိုးရဲ့ အနုပညာအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်  .  .  .

 

မေး - Original Gangster-2 ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖြစ်တဲ့အကြောင်းနဲ့ ဒီဇာတ်ကားအတွက် ကြိုးစားထားတာလေးတွေကို သိပါရစေ။

ဖြေ - Original Gangster ဆိုတဲ့ ဇာတ်ကားကို အောင်တိုင်းကျော် ထုတ်လုပ်ရေးကနေပြီး စတင် ရိုက်ကူးခဲ့တာပါ။ အဲဒီကတည်းက ဇာတ်ကားလေးကို ကြိုက်တဲ့အတွက် ရုပ်ရှင်ဖြစ်အောင် ကြိုးစားပေမယ့် မအောင်မြင်ဘဲ ဗီဒီယိုအနေနဲ့ ဖြန့်လိုက်တယ်။ ဗီဒီယိုဇာတ်ကားမှာ ပရိသတ်ရဲ့အားပေးမှုက ကျွန်တော်တို့ ကျေနပ်စရာဖြစ်အောင် ရရှိခဲ့တယ်။ ဒါ့ကြောင့် ဒီဇာတ်ကားကို ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးနိုင်ဖို့အတွက် ကျွန်တော်တို့တွေ ကြိုးစားခဲ့တယ်။ အဲဒီ ကြိုးစားတဲ့အချိန် ကိုက တစ်နှစ်ခွဲလောက်ထိ ကြာသွားခဲ့တယ်။ နောက်ဆုံးမှာမှ Royal Hero ထုတ်လုပ်ရေးနဲ့တွေ့ပြီး ဒီဇာတ်ကားကို ရိုက်ကူးနိုင်ခဲ့တာပါ။ ရိုက်ကူးတဲ့အခါမှာလည်း ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံး တက်ညီလက်ညီနဲ့ သေချာ ကြိုးစားထားပါတယ်။

 

မေး - Original Gangster-2 ရုပ်ရှင်ဇာတ်ကားအတွက် အခက်အခဲတွေ ကြုံရတယ်ဆိုတာ ဘယ်လို အခက်အခဲမျိုးလဲ။

ဖြေ - အဓိကကတော့ ထုတ်လုပ်သူတွေဘက်က အက်ရှင်ဇာတ်ကား တစ်ကားဖြစ်နေတဲ့အတွက် အချစ်ဇာတ်ကား၊ ဟာသဇာတ်ကားတွေနဲ့ယှဉ်ရင် ဒီဇာတ်ကားမျိုးအတွက် စဉ်းစားကြတယ်။ သူတို့ဘက်ကလည်း ဈေးကွက် အနေအထားအရ စဉ်းစားရမှာပေါ့။ ကိုယ်တွေဘက်ကလည်း ထုတ်လုပ်သူမရှိဘဲ ရိုက်ဖို့က ခက်ခဲတဲ့အတွက် ဒီဇာတ်ကား ရိုက်ကူးနိုင်ဖို့ကိုပဲ အချိန်တော်တော်ကြာခဲ့တာ။ 

 

မေး -  Original Gangster-2 ရုပ်ရှင်ဇာတ်ကားအတွက် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ခဲ့ရလဲ။

ဖြေ - ဒီ ဇာတ်ကားရိုက်ကူးဖို့အတွက် မရိုက်ခင်တည်းက ဇာတ်လမ်းတစ်ခုလုံးကို ဇာတ်ကွက်အလိုက် ဇာတ်ညွှန်းတွေ ရိုက်ကူးရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို သေချာစီစဉ်ပြီး ဇာတ်လမ်းရဲ့ အတက်အကျကိုလည်း သေချာချိန်ခဲ့တယ်။ စကားပြောတွေ ပြင်ဆင်တယ်။ ဒီဇာတ်ကားက ပရိသတ်တွေ ကြည့်နေကျ ဇာတ်လမ်းပုံစံမျိုး မဟုတ်သလို ရိုက်ကူးမှုပိုင်းမှာဆိုရင်လည်း ပရိသတ်တွေ မြင်နေကျမဟုတ်တဲ့ ရှုတင်အိမ်တွေ၊ ရိုက်ကွင်းနေရာတွေကို သေချာစဉ်းစား ပြင်ဆင်ခဲ့တယ်။ ဒီဇာတ်ကားမှာ ရန်ကုန်မြစ်ထဲမှာ သင်္ဘောတွေနဲ့ ရေပေါ်ဆိုင်ကယ်တွေနဲ့လိုက်တဲ့ ဇာတ်ဝင်ခန်းတွေအထိ ကြိုးစားပြင်ဆင်ခဲ့တယ်။ စပြီး ရိုက်ကူးခဲ့တဲ့အချိန်က အရမ်းပူတဲ့အချိန် ဖြစ်ပေမယ့် ကျွန်တော်တို့တွေအားလုံး သေချာကြိုးစား ရိုက်ကူးခဲ့ကြတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက် အန္တရာယ် မဖြစ်အောင်လည်း သေချာ ရိုက်ကူးခဲ့တယ်။

 

မေး -  Original Gangster-2 ရုပ်ရှင်ဇာတ်ကား ရုံတင်ချိန်မှာရော ဒါရိုက်တာတစ်ယောက်အနေနဲ့  အကောင်းဆုံး တင်ဆက်နိုင်ခဲ့တယ်လို့ ခံစားရလား။

ဖြေ - သေချာတာကတော့ ကျွန်တော်တို့ဘက်က လုပ်နိုင်တာတွေအကုန်လုံးကို သေချာကြိုးစားပြီး အကောင်းဆုံးလုပ်ခဲ့ပါတယ်။ အကောင်းဆုံး တင်ဆက်နိုင်မလားဆိုတာကတော့ ဇာတ်ကားကို ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေကပဲ ဆုံးဖြတ်မှာပါ။

 

မေး - အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက် တိုက်ကွက်တွေကိုရော ဘယ်လိုတွေပြင်ဆင်လဲ။

ဖြေ - ဒီဇာတ်ကားမှာ ကိုလူချောအဖွဲ့က တိုက်ကွက်တွေကို ပြပေးတယ်။ အဲဒီအပေါ်မှာ ကျွန်တော်က ပြင်ချင်တာလေးတွေကို တိုင်ပင်ဖြည့်စွက်တယ်။ နောက်ပြီး တချို့အခန်းတွေမှာ အပြင်မှာတကယ်ဖြစ်နေတဲ့ ပုံစံမျိုးလေးတွေရအောင်လို့ ရိုက်ကူးထားတယ်။ နောက်ပြီး တချို့အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက် ရုပ်ရှင်နယ်က လူတွေနဲ့မလောက်တာတွေရှိတော့ အပြင်ကလူတွေကိုပါ ခေါ်ပြီး သုံးထားတာတွေရှိပါတယ်။

 

မေး - Original Gangster-2 ရုပ်ရှင်ဇာတ်ကားကို လာကြည့်မယ့် ပရိသတ်တွေအတွက် ပြောချင်တာရှိရင်။

ဖြေ - Original Gangster-2 ကိုကြည့်ပြီး စိတ်ကျေနပ်စေတဲ့ ဇာတ်ကားဖြစ်စေဖို့  မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ပရိသတ်တွေ စိတ်ကျေနပ်မယ့် အနုပညာ ဖန်တီးမှုတွေကို တင်ဆက်သွားမှာပါ။ အက်ရှင် ဇာတ်ကားကောင်းတွေလည်း ဆက်ပြီးထွက်နိုင်အောင် ကြိုးစားသွားပါ့မယ်။

 

မေး - လက်ရှိလုပ်ဖြစ်နေတဲ့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း သိပါရစေ။

ဖြေ - Myanmar Media 7 အတွက် ကျွန်တော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို သုံးကားကို တည်းဖြတ်မှုတွေ လုပ်နေပါတယ်။ နောက်ပြီး Bad Boy -2 ဇာတ်ကားနဲ့ အမေ လူမိုက် သားလူမိုက် ဇာတ်ကားတွေကိုလည်း ရုံတင်နိုင်ဖို့ တည်းဖြတ်မှုတွေ လုပ်နေပါတယ်။

 

မေး- ကိုယ့်ရဲ့အနုပညာဖန်တီးမှုတွေအပေါ် ဘယ်လို ခံစားမှုမျိုးတွေကို အဓိကထားလဲ သိပါရစေ။

ဖြေ-  ကျွန်တော်ရိုက်ကူးတဲ့ ဇာတ်ကားတွေအပေါ်မှာ အမြဲတမ်း အသစ်ဖြစ်အောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ အနုပညာနဲ့ပတ်သက်ရင် မြန်မာရုပ်ရှင်လောကမှာ အကောင်းဆုံး ဇာတ်ကားတွေကို ဖန်တီး ရိုက်ကူးနိုင်တဲ့ သူတွေထဲက တစ်ယောက်ဖြစ်ချင်ပါတယ်။ အဲဒီအတွက်လည်း အမြဲတမ်းကြိုးစားနေပါတယ်။

Writer: 
စုမှူးနိုင်