မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်နှင့် တွေ့ဆုံခြင်း

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်နှင့် တွေ့ဆုံခြင်း
Published 12 August 2017

ဓာတ်ပုံ - ကောင်းထက်အောင်

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာ ယူ- ၂၂ အသင်း ရွှေတံဆိပ်ရရှိရန် ပရိသတ်များက မျှော်မှန်းထားရာ အသင်း၏ ပြင်ဆင်မှုများ၊ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ကစားမည့် အစီအစဉ်များအား နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

“ရွှေတံဆိပ် မျှော်မှန်းပြီး ဒီပြိုင်ပွဲကို သွားပြိုင်တာပါ”

မေး - ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အားလုံး မျှော်မှန်းထားတဲ့ ရွှေဆုကို ယူဖို့ အဆင်သင့် ဖြစ်ပြီလား။

ဖြေ - ကျွန်တော်တို့အသင်းရဲ့ အားသာချက်၊ အားနည်းချက်ကို သိပါတယ်။ ရွှေတံဆိပ် မျှော်မှန်းပြီး ဒီပြိုင်ပွဲကို သွားပြိုင်တာပါ။ ပြိုင်ဘက်အသင်းက တစ်ဂိုးသွင်းရင် ကျွန်တော်တို့က နှစ်ဂိုး ပြန်သွင်းနိုင်မယ့် အနေအထားမှာ ရှိပါတယ်။

မေး - ဆီးဂိမ်းစ် မတိုင်ခင်မှာ ပြိုင်ပွဲနှစ်ခုနဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ပါတယ်။ ဒါကြောင့် ယူ-၂၂ အသင်းက ပြင်ဆင်မှုအပိုင်းမှာ အဆင်သင့် ဖြစ်နေပြီလား။

ဖြေ - ပြိုင်ပွဲသွားဖို့အတွက် ယူ-၂၂ အသင်းက အဆင်သင့် ဖြစ်နေပါပြီ။ ကစားသမားတွေ အားလုံးကလည်း ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန် နေကြပါတယ်။ ဒါကြောင့် အကုန်လုံးက အဆင်သင့် ဖြစ်နေပါပြီ။

မေး - အုပ်စုတွင်း ပထမပွဲစဉ်မှာ စင်ကာပူနဲ့ ကစားရမှာဖြစ်လို့ ဘယ်လိုတွေ ပြင်ဆင်ထားလဲ။

ဖြေ - စင်ကာပူအသင်း ဘယ်လိုပဲ ပြင်ဆင်လာသည် ဖြစ်စေ ကျွန်တော်တို့ အနိုင်ရမှာပါ။ နိုင်အောင်လည်း ကစားမှာပါ။ ဒါပေမဲ့ စင်ကာပူ ကစားသမားတွေက ကစားပုံကြမ်းတဲ့အတွက် သဘောတော့ မကျပါဘူး။ ဒါကြောင့် မြန်မာအသင်းက ကစားသမားတွေကို တစ်ဖက်အသင်း ကစားပုံကြမ်းတမ်းမှုအပေါ် ဒေါသအလျောက် မတုံ့ပြန်ဖို့ မှာထားပါတယ်။ စင်ကာပူအသင်းအနေနဲ့ ဘယ်လိုပဲ ပြင်ဆင်လာပါစေ ကျွန်တော်တို့အသင်းက အနိုင်ရအောင် ကစားနိုင်စွမ်း ရှိပါတယ်။

မေး - ပြီးခဲ့တဲ့ ဆီးဂိမ်းစ်မှာ မြန်မာအသင်းက ငွေတံဆိပ်ဆု ရခဲ့တယ်။ ရွှေတံဆိပ်အနေနဲ့ ဆိုရင် မရတာ တော်တော်ကြာခဲ့ပြီ။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ရွှေတံဆိပ်ရမယ်လို့ အာမခံနိုင်လား။

ဖြေ - မြန်မာပရိသတ်တွေကို ရွှေတံဆိပ်ရတဲ့ ပျော်ရွှင်မှုမျိုး မပေးနိုင်ခဲ့တာ တော်တော်ကြာပါပြီ။ နောက်တစ်ချက်က နောက်ကွယ်ကနေ အားပေးနေတဲ့ ပရိသတ်ရှိတာကြောင့် ကစားသမားတွေအတွက် အားဖြစ်ရပါတယ်။ ဒီလိုအားပေးနေတဲ့ ပရိသတ်တွေက အကောင်းဆုံးတွေနဲ့ ထိုက်တန်ပါတယ်။ ဒါကြောင့် အားလုံးအတွက် အကောင်းဆုံးဆိုတာထက်ပိုတဲ့ အကောင်းဆုံးတွေရအောင် ကြိုးစားပါ့မယ်။

မေး - ပြိုင်ဘက်အသင်းတွေက အောင်သူကို လူကပ်ကစားတာတွေ ကြုံလာရင် ဘယ်လိုဖြေရှင်းမယ်လို့ စဉ်းစားထားလဲ။

ဖြေ - ပြိုင်ဘက်အသင်းက ပိတ်ဆို့ ကစားတာပဲ ဖြစ်ဖြစ်၊ လူကပ် ကစားတာပဲဖြစ်ဖြစ် ကြုံလာရမယ်ဆိုရင် အောင်သူက အဲဒီအခြေအနေတွေကို ကျော်လွှားနိုင်တဲ့ ကစားသမားပါ။ အဓိက တစ်ချက်က ဒဏ်ရာကင်းစင်နေဖို့ပါပဲ။

မေး - အုပ်စုအဆင့်ကနေ အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်မှာလား။ ဒါမှမဟုတ် ဒုတိယနဲ့ တက်မှာလား။

ဖြေ - ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းက အုပ်စုဗိုလ်အဖြစ်နဲ့ ကစားနိုင်ပြီး နောက်တစ်ဆင့် တက်သွားတာက အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ တစ်ဖက်အုပ်စုမှာ ဗီယက်နမ်နဲ့ ထိုင်းနှစ်သင်းစလုံး ပါနေပေမယ့် ဗီယက်နမ်အသင်းက ပိုတောင့်တင်းပါတယ်။ ဒါကြောင့် တစ်ဖက်အုပ်စုမှာ ဗီယက်နမ်ပဲ အုပ်စုပထမနဲ့ တက်လာမယ်လို့ ထင်တယ်။ ဗီယက်နမ်ကို ရှောင်နိုင်ဖို့ဆိုရင် ဒီဘက်အုပ်စုမှာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ဖို့ လိုပါတယ်။

မေး - ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ - အားလုံးကို ကျေးဇူးတင်ပါတယ်။ အမြဲတမ်းပဲ အားပေးခဲ့ကြသလို ပရိသတ်တွေအနေနဲ့လည်း ကစားသမားတွေကို အားတွေ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲကနေ ကျွန်တော်တို့ကို အကောင်းဆုံးဖြစ်စေခဲ့တဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားခဲ့ပါ့မယ်လို့ ပြောချင်ပါတယ်။

 

Most Read

Most Recent