အိန္ဒိယ မော်ဒယ်နှင့်သရုပ်ဆောင် ရီယာရေး (Riya နှင့် တွေ့ဆုံခြင်း)

အိန္ဒိယ မော်ဒယ်နှင့်သရုပ်ဆောင် ရီယာရေး (Riya နှင့် တွေ့ဆုံခြင်း)
Published 6 February 2018

အိန္ဒိယ မော်ဒယ်နှင့်သရုပ်ဆောင် ရီယာရေး (Riya နှင့် တွေ့ဆုံခြင်း)

International Supermodel တစ်ဦးအဖြစ် ရပ်တည်နေသည့် အိန္ဒိယမော် ဒယ်ရီယာရေးသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး လန်ဒန်တွင် ပညာသင်ကြားခဲ့သူ ဖြစ်သည်။ ယင်းနောက်တွင် ရီယာရေးသည် ဗြိတိန်ဒါရိုက်တာ Tony Kaye ရိုက်ကူးခဲ့သည့် ရုပ်သံအစီအစဉ်တစ်ခုတွင်လည်း ပါဝင်ခဲ့သူဖြစ်ပြီး American Music Video အများဆုံးရိုက်ကူးထားရသူ အိန္ဒိယမော်ဒယ်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ရီယာရေးသည် နိုင်ငံအများအပြားတွင် ပြသအောင်မြင်ခဲ့သည့် အိန္ဒိယအက်ရှင်ဇာတ်ကား Doom 3 တွင်လည်း ချီကာဂိုမှ သတင်းထောက်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ရီယာရေးသည် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ 7th Sense Film Production က စီစဉ်ရိုက်ကူးမည့် ‘မဟူရာ ရုပ်ရှင်ရုံ’ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် ရီယာရေးနှင့် တွေ့ဆုံခိုက်မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။

■မေး- ရီယာရေးအနေနဲ့ မြန်မာအနုပညာရှင်တွေနဲ့ ဇာတ်ကားရိုက်ဖို့ဖြစ်လာတဲ့ အကြောင်းလေးကို အရင်သိပါရစေ။

■ ဖြေ - ဒီဇာတ်ကားကိုရိုက်ကူးမယ့် ဒါရိုက်တာနဲ့က ဟိုမှာကတည်းက သိခဲ့တာပါ။ သူ့ဘက်က ကျွန်မကို အင်တာဗျူးလုပ်ဖို့ ကမ်းလှမ်းတာကို လက်ခံခဲ့တယ်။ အဲဒီနောက်မှာမှ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တာပါ။

■ မေး -  ‘မဟူရာ ရုပ်ရှင်ရုံ’ ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း သိပါရစေ။

■ ဖြေ - ဒီဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တဲ့ ဒါရိုက်တာရဲ့အရည်အချင်းကို ယုံကြည်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကိုတောင်းကြည့်ဖြစ်တယ်။ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကလည်း ကောင်းတယ်။ ဒီလိုဇာတ်လမ်းမျိုးက ကျွန်မအရင်က သရုပ်ဆောင်ဖူးတဲ့ ဇာတ်လမ်းမျိုးနဲ့လည်း ကွဲတယ်။ နောက်ပြီး နိုင်ငံသစ်တစ်ခုမှာ အနုပညာအလုပ်တွေလည်း လုပ်ခွင့်ရမယ်။ အဲဒီနိုင်ငံကလည်း ကိုယ်သိတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။ ပြီးတော့ ဒီဇာတ်ကားကို ထုတ်လုပ်မယ့် မြန်မာနိုင်ငံက ထုတ်လုပ်သူတွေကလည်း ဇာတ်ကားအပေါ်မှာ ပံ့ပိုးနိုင်မယ့် ထုတ်လုပ်ရေးတစ်ခု ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း အကောင်းဆုံး ထုတ်လုပ်ရေးတွေထဲက ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တာကြောင့် ကျွန်မဘက်က ဒီဇာတ်ကားကို ရိုက်ကူးဖို့လက်ခံ ဖြစ်ခဲ့တာပါ။

■ မေး- မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အခါမှာရော ဘယ်လိုစိတ်ခံစားမှုမျိုးဖြစ်လဲ။

■ ဖြေ -  မြန်မာနိုင်ငံကိုလာရတဲ့ ခံစားချက်က တကယ်ကိုကောင်းတဲ့ ခံစားမှုတစ်ခုပါပဲ။ မြန်မာနိုင်ငံကလူတွေက အရမ်းကြင်နာမှုရှိတယ်။ ဖော်ရွေတဲ့အပြုံးတွေနဲ့ ဆီးကြိုကြတာဖြစ်လို့ တကယ်ကို ရင်ထဲမှာ နွေးထွေးကျေနပ်တဲ့ ခံစားမှုမျိုးရပါတယ်။ ဒီကိုလာရတာ ကိုယ့်အိမ်ကိုပြန်လာရတဲ့ ခံစားမှုမျိုး ဖြစ်ပါတယ်။

■ မေး - မြန်မာနိုင်ငံကို မစိမ်းဘူးဆိုတော့ ဒီနိုင်ငံနဲ့ပတ်သက်ပြီး ဘာတွေသိထားလဲ။

■ ဖြေ - ကျွန်မအနေနဲ့ မြန်မာနိုင်ငံကိုမရောက်ဖူးပေမယ့် သိပါတယ်။ ကျွန်မအဘွားရဲ့ မိဘတွေ လက်ထက်ကရော ကျွန်မအဘွားကရော မြန်မာပြည်မှာ နေခဲ့ဖူးတဲ့သူတွေပါ။ ဒါကြောင့် မြန်မာနိုင်ငံအကြောင်းကို ကြားဖူးနေတဲ့အတွက် မြန်မာနိုင်ငံက ကျွန်မနဲ့အရမ်းစိမ်းတဲ့ နိုင်ငံတော့မဟုတ်ဘူး။ ဒီကိုရောက်လာရတဲ့အခါ ခံစားမှုက ကျွန်မအတွက် ကောင်းပါတယ်။

■ မေး - ဒီဇာတ်ကားအတွက် ဘာတွေပြင်ဆင်ဖြစ်ခဲ့လဲဆိုတာလည်း သိချင်ပါတယ်။

■ ဖြေ - ဒီဇာတ်ကားအတွက် ဇာတ်လမ်းအရ လိုအပ်တာတွေကို ဒါရိုက်တာနဲ့တိုင်ပင်ပြီး သေချာပြင်ဆင်ထားပါတယ်။ ထုတ်လုပ်ရေးဘက်ကလည်း လိုအပ်တာတွေကို သေချာလုပ်ပေးပါတယ်။

■ မေး - မြန်မာအနုပညာရှင်တွေနဲ့အတူ အလုပ်တွဲလုပ်ရမယ်ဆိုတဲ့ အပေါ်မှာရော ဘယ်လိုခံစားချက်မျိုး ဖြစ်မိလဲ။

■ ဖြေ - မြန်မာအနုပညာရှင်တွေနဲ့အတူ အလုပ်တွဲလုပ်ရမယ်ဆိုတဲ့အတွက်ရော မြန်မာနိုင်ငံမှာရိုက်ရမယ့် ဇာတ်လမ်းဖြစ်တဲ့အတွက်ပါ ကျွန်မဘက်က အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ မြန်မာနိုင်ငံဆိုတာ ညီမရဲ့စိတ်ထဲမှာ ဆက်နွယ်မှုရှိနေတဲ့အတွက်လည်း စိတ်လှုပ်ရှားပါတယ်။ ဒီဇာတ်ကားမှာ ကျွန်မနဲ့အတူ တွဲဖက်သရုပ်ဆောင်ရမယ့် အနုပညာရှင်တွေကလည်း မြန်မာနိုင်ငံမှာ တကယ့်ကိုအောင်မြင်နေတဲ့ တော်တဲ့ အနုပညာရှင်တွေ ဖြစ်နေတယ်။ ပြီးတော့ ကိုယ့်ကို သိပ်ပြီးမရင်းနှီးသေးတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေအတွက် မြန်မာနိုင်ငံက နာမည်ကျော် အနုပညာရှင်တွေနဲ့အတူတွဲဖက်ပြီး အနုပညာအလုပ်တွေ လုပ်ကိုင်ရမှာဖြစ်တဲ့အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။

■ မေး - မြန်မာပရိသတ်တွေအတွက် ပြောချင်တဲ့စကားရှိရင်။

■ ဖြေ - ကျွန်မကို သိနေကြတဲ့သူတွေ၊ ရင်းနှီးနေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ အားပေးချစ်ခင်ကြတဲ့သူတွေ အားလုံးကို ချစ်ခင်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံက ကျွန်မကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေအတွက်ရော ဒီဇာတ်ကားကို ကြည့်ရှုအားပေးမယ့် ပရိသတ်တွေအားလုံးအတွက်ရော ဒီဇာတ်ကားမှာ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒီဇာတ်ကားထဲမှာ ပရိသတ်တွေ မျှော်လင့်ထားတာထက်ပိုတဲ့ ရလဒ်မျိုးဖြစ်လာစေဖို့အတွက် အကောင်းဆုံးကြိုးစားသွားပါမယ်။ ဒီဇာတ်ကားမှာ ကျွန်မရဲ့အနုပညာကို ချစ်ခင်အားပေးမှုတွေရအောင်လည်း ကြိုးစားသွားမှာပါ။ ဒီဇာတ်ကားကနေ မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရခဲ့ရင်လည်း နောက်ထပ် ဒီနိုင်ငံမှာ အနုပညာအလုပ်တွေ ဆက်ပြီးလုပ်ကိုင်ခွင့်ရချင် ပါတယ်။

■ မေး - ရီယာရေးအနေနဲ့ ဘောလီးဝုဒ်မှာ လုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း သိချင်ပါတယ်။

■ ဖြေ - ကျွန်မအနေနဲ့ ၂၀၁၂ ခုနှစ်မှာ နာမည်ကျော်ကြားခဲ့တဲ့ Doom 3 ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံမှာ ဒီဇာတ်ကားရိုက်ပြီးသွားရင် ဒီ ၂၀၁၈ ခုနှစ် အတွင်းမှာပဲ အိန္ဒိယမှာ ရုပ်ရှင်ဇာတ်ကားနှစ်ကား ရိုက်ကူးဖို့ စီစဉ်ထားတာရှိပါတယ်။

Most Read

Most Recent