ဒါရိုက်တာ အာကာနှင့် တွေ့ဆုံခြင်း

'ကျွန်တော်တို့ ဖန်တီးသူတွေကသာ အသစ်အသစ်သော အနုပညာ ဖန်တီးမှုတွေ
လုပ်မယ်ဆိုရင် ပရိသတ်တွေကလည်း ဖန်တီးမှုအသစ်တွေကို လက်ခံမယ်လို့ ထင်ပါတယ်'

မြန်မာ ရုပ်ရှင်ဇာတ်ကားများ ဖန်တီးမှုပုံစံနှင့် ကွဲပြားစွာ ဖန်တီးထားကာ ထူးခြားသည့် နေရာရှုခင်းများ၊ ဆန်းသစ်သည့် ကင်မရာအယူအဆများ၊ စိတ်ဝင်စားဖွယ် ဖန်တီးမှုများ ပါဝင်ထားသည့် 'ဒုဋ္ဌ၀တီကိုလွန်၍' ရုပ်ရှင်ဇာတ်ကား၏ တစ်မိနစ်စာ Teaser မှာ လူမှုကွန်ရက် အသုံးပြုသူများကြားတွင် စိတ်ဝင်စား ပျံ့နှံ့မှုများပြားလျက်ရှိကာ တစ်ရက်အတွင်း ကြည့်ရှုသူ ရှစ်သိန်းကျော်သည်အထိ များပြားခဲ့သည်ကိုလည်း တွေ့မြင်ရသည်။ လူငယ်မျက်နှာသစ် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒါရိုက်တာအာကာ၏ ပုံဖော်ရိုက်ကူးမှုဖြစ်ပြီး ဇာတ်ကားအစအဆုံးကို ရီဟာဇယ်ရိုက်ကူးပြီးမှသာ ပြန်လည်ရိုက်ကူး ပုံဖော်ထားသည့်အပြင် ရိုက်ကူးရက် ၇၀ နီးပါးဖြင့် အချိန်ယူ ဖန်တီးထားသည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။ မြန်မာလူငယ် ဒါရိုက်တာတစ်ဦး၏ ဆန်းသစ်သည့် စိတ်ကူးအတွေးအမြင်များဖြင့် ပုံဖော်ထားသည့် 'ဒုဋ္ဌ၀တီကိုကျော်လွန်၍' ဇာတ်ကားနှင့်ပတ်သက်၍ ဖန်တီးခဲ့သည့် အတွေ့အကြုံများ၊ ပရိသတ်စိတ်ဝင်စားမှု များပြားနေခြင်းအပေါ် ခံစားချက် အပါအ၀င် သိလိုသည်များအား ဒါရိုက်တာအာကာနှင့် တွေ့ဆုံ၍ မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - အခုအွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဒုဋ္ဌ၀တီကိုလွန်၍ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက တစ်မိနစ်စာ Teaser လေးကို တစ်ရက်အတွင်းကြည့်ရှုသူ ရှစ်သိန်းကျော်တဲ့အထိ များခဲ့တယ်လို့ သိရတယ်။ အဲဒီဇာတ်ကားကို ဖန်တီးသူ တစ်ယောက်အနေနဲ့ ခံစားချက်ကို အရင်သိချင်ပါတယ်ရှင့်။
ဖြေ - ဒီဇာတ်ကားက ကျွန်တော့်ရဲ့ပထမဆုံးဇာတ်ကားပါ။ ကျွန်တော်တို့လူငယ်တွေရဲ့ အားထုတ်ကြိုးပမ်းမှုကို အနုပညာရှင်တွေရော၊ ပရိသတ်တွေကပါ အသစ်တစ်ခုအနေနဲ့ လက်ခံအားပေးကြတဲ့အတွက် နောက်ထပ် အနုပညာလုပ်ငန်းအသစ်တွေ လုပ်ဆောင်ဖို့ခွန်အားတွေ အများကြီး ရစေပါတယ်။

■ မေး - ဒီဇာတ်ကားမှာ ဖန်တီးတဲ့ပုံစံက မြင်နေကျ မဟုတ်တာတွေ အများကြီးပါတယ်နော်။ ဒီဇာတ်ကားကိုဖန်တီးဖို့ ဘယ်လိုပြင်ဆင်ခဲ့ရလဲ။
ဖြေ - ကျွန်တော် ဒီဇာတ်ကားကို ထူးထူးခြားခြား လုပ်ထားတာရှိတယ်။ ဇာတ်ကား မရိုက်ခင် ရှေ့တစ်လမှာ ရီဟာဇယ်အနေနဲ့ အောင်ဆန်းကွင်းထဲမှာ ဇာတ်ကားတစ်ကားလုံးကို အစအဆုံး တစ်ခေါက်ရိုက်ထားတယ်။ အဲဒီ ရိုက်ထားပြီးသားကို Edit ဖြတ်ထားတယ်။ အဲဒီဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်တွေ၊ အဖွဲ့သားတွေအားလုံး ပါဝင်ပြီးတော့ ကင်မရာ ဘယ်လိုယူမယ်ဆိုတာတွေ၊ ဒိုင်ယာလော့ခ်အသုံးအနှုန်းတွေ နားလည်အောင် လုပ်ထားတယ်။ ဒီတော့ ပါဝင်တဲ့သူတွေက ဇာတ်ရဲ့သဘောကို တော်တော်လေး နားလည်ပြီးတော့မှ တကယ်ပြန်ရိုက်တာ။ ရိုက်တော့လည်း ၃၅ ရက်လောက်ကို ဆက်တိုက်ရိုက်တယ်။ ပြီးတော့ ပြင်သစ်မှာ သွားရိုက်တယ်။ ပြန်လာတော့ ဒီမှာနှစ်ပတ်လောက် ထပ်ရိုက်တယ်။ စုစုပေါင်း ရိုက်ကူးရက်ချည်းပဲ ရက် ၆၀ ကျော်ပါတယ်။ ကျန်တာကတော့ ပုံမှန်အတိုင်းပါပဲ။

■ မေး - ဒီဇာတ်ကားရဲ့အကြောင်းအရာကျတော့ရော ဘယ်လိုဖြစ်မလဲ။
ဖြေ - ဒီဇာတ်ကားက Adventure နဲ့ အက်ရှင်ဇာတ်ကား တစ်ကားလို့ပဲ အကြမ်းဖျင်း ပြောလို့ရပါသေးတယ်။

■ မေး - ဒီဇာတ်ကားထဲက ရိုက်ထားတဲ့ ဆက်တင်တည်ဆောက်မှုတွေ၊ ရိုက်ထားတဲ့ Location ပိုင်းတွေ၊ ကားချင်းယှဉ်တိုက်တဲ့ ဇာတ်ဝင်ခန်းလိုမျိုးတွေ ဖန်တီးထားတာ တွေ့ရတယ်နော်။
ဖြေ - ဒီဇာတ်ကားထဲက Location တွေက On Scense မှာ တကယ်သွားရိုက်တာ ရှိသလို သွားကြည့်ပြီး ဆက်တင် ပြန်ဆောက်ပြီး ရိုက်ထားတာလည်းရှိတယ်။ ဂူထဲက ဇာတ်ဝင်ခန်းဆိုရင် အစစ်ရိုက်တာပါသလို ဆက်တင်ဆောက်ပြီး ရိုက်ထားတာပါတယ်။ အရေးကြီးတဲ့ Scene များကို ဆက်တင်ဆောက်ပြီး ရိုက်ထားတာပါ။ ဒါကြောင့် Lighting တွေ၊ ကင်မရာတွေကို ကိုယ့်စိတ်ကြိုက် ယူလို့ရသွားတယ်။ ကားချင်းတိုက်တဲ့ ဇာတ်ဝင်ခန်းဆိုရင် သရုပ်ဆောင်အစစ်တွေ သုံးပြီး ရိုက်ထားပါတယ်။ ကိုနိုင်းနိုင်းနဲ့ ကိုဆန်းထွဋ်တို့မောင်းပြီး တိုက်တဲ့ ဇာတ်ဝင်ခန်းမျိုး ရိုက်တာပါတယ်။ စတန့်ဒါရိုင်ဘာတွေ မောင်းပြီး ရိုက်တာလည်း ပါတယ်။

■ မေး - ဒါရိုက်တာအသစ်တစ်ယောက်အနေနဲ့ ပထမဆုံး ဇာတ်ကားဖန်တီးမှုမှာ ငွေကုန်ကြေးကျခံတာလည်း များသလို အချိန်လည်း အကြာကြီးယူခဲ့တဲ့ ဒီဇာတ်ကားအတွက် ထုတ်လုပ်သူ နဲ့ ဘယ်လိုညှိနှိုင်းခဲ့ရလဲ။
ဖြေ - ကျွန်တော်တို့နဲ့ အခုဇာတ်ကားရဲ့ ထုတ်လုပ်သူက ကြော်ငြာရိုက်ရင်းနဲ့ တစ်ခါဆုံဖူးတဲ့အခါ သူက သဘောကျတယ်။ ဒီဇာတ်ကား ရိုက်မယ်ဆိုတဲ့အခါ သူကလည်း လုပ်ဆိုပြီး ညှိနှိုင်းကြတယ်။ ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ကတော့ သူက သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်တစ်ခု သတ်မှတ်တယ်။ အဲဒီထဲမှာ ၀င်အောင် ကျွန်တော် ရိုက်မယ်။ လိုအပ်ရင် ကျွန်တော်စိုက်မယ်ဆိုပြီး အလျော်အစား ပုံစံရိုက်ခဲ့တာ။ ထုတ်လုပ်သူကလည်း ပုံမှန် ဇာတ်ကားတွေထက် နှစ်ဆလောက် ငွေကြေးပေးခဲ့တာပါ။ ဒါကြောင့် လုံလုံလောက်လောက်နဲ့ ဖန်တီးနိုင်ခဲ့ပါတယ်။

■ မေး - သရုပ်ဆောင်ရွေးချယ်မှုကျတော့ရော ဘယ်လိုရွေးချယ်ခဲ့လဲ။
ဖြေ - ကျွန်တော်တို့က Production Team နဲ့ ရွေးချယ်ခဲ့တာပါ။ ငါးယောက်စီ ရွေးချယ်ထားပြီး ထုတ်လုပ်သူကို တင်ပေးတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ ရွေးချယ်ချင်တာက ဘယ်သူဆိုတာတော့ ပြောပြတယ်။ အဓိက,ကတော့ ကျွန်တော်တို့ဇာတ်ကားက ရက် ၅၀ လည်း ကြာချင်ကြာမယ်။ ရက် ၇၀ လည်း ကြာချင်ကြာမယ်။ ဘယ်လောက်ကြာကြာ အချိန်ပေးနိုင်တဲ့သူမျိုး၊ အင်္ဂလိပ်လိုပြောရတဲ့ ဇာတ်ဝင်ခန်းလည်း ပါတဲ့အခါကျတော့ နည်းနည်းပါးပါး ပြောတတ်တဲ့ သူမျိုးပေါ့။ အဲဒီအချက်တွေလည်းထည့်ပြီး စဉ်းစားခဲ့ရပါတယ်။

■ မေး - ဒီဇာတ်ကားက ပုံမှန်ဇာတ်ကား ဖန်တီးမှုတွေနဲ့ ခွဲထွက်တဲ့ဇာတ် ကားအဖြစ် လမ်းကြောင်းတစ်ခု ဖောက်ထွက်နိုင်တယ်လို့ရော ယူဆလား။
ဖြေ - အဲဒီလိုတော့ မပြောချင်ပေမယ့် ကျွန်တော်တို့အတွက် ခွန်အားတွေရတာတော့ သေချာပါတယ်။ ထုတ်လုပ်သူတွေကလည်း ဒီလိုကွဲပြားတဲ့ ပုံစံအသစ်တွေလည်း ဖန်တီးလို့ ရပါလားဆိုတာကို သိသွားတာပေါ့။ ကျွန်တော်တို့ ဖန်တီးသူတွေကသာ အသစ်အသစ်သော အနုပညာဖန်တီးမှုတွေ လုပ်မယ်ဆိုရင် ပရိသတ်တွေကလည်း ဖန်တီးမှုအသစ်တွေကို လက်ခံမယ်လို့ ထင်ပါတယ်။ ပရိသတ်က ဖန်တီးမှုအဟောင်းတွေကို ကြည့်နေ လက်ခံနေတယ် ဆိုတာ ဒါတွေပဲရှိလို့ပေါ့နော်။ နောက်ထပ်ရွေးချယ်စရာ အသစ်ရှိရင်တော့ အသစ်အသစ်သော ဖန်တီးမှုတွေကို ရွေးချယ်မယ်လို့ ထင်ပါတယ်။

■ မေး - နောက်ထပ်ရော Feature Film ပိုင်းကိုပဲ သွားဖြစ်မလား။ ကြော်ငြာတွေ၊ MTV တွေ ဆက်ရိုက်ဖြစ်မလား။
ဖြေ - အကုန်လုံး လုပ်ဖြစ်မှာပါ။ အခု ကြော်ငြာတွေ ရိုက်နေပါတယ်။ ရုပ်ရှင်တွေလည်း ရိုက်ဖို့စီစဉ်နေပါတယ်။

■ မေး - ဒီဇာတ်ကားကဘယ်တော့ ရုံတင်ခွင့်ရမယ်လို့ ခန့်မှန်းထားလဲ။
ဖြေ - လောလောဆယ်တော့ ပြောရခက်ပါသေးတယ်။ ဆင်ဆာကျဖို့ ကြိုးစားနေပါတယ်။

■ မေး - နောက်ထပ် ဇာတ်ကားအသစ်ရော ထပ်ရိုက်ဖို့ရှိဦးမလား။
ဖြေ - အခုဒီထုတ်လုပ်ရေးနဲ့ပဲ နောက်တစ်ကားရိုက်ဖို့ စီစဉ်နေပါတယ်။ ဒီတစ်လ နှစ်လအတွင်း ရိုက်ဖြစ်ဖို့များတယ်။

■ မေး - ဇာတ်ကား Teaser လေးကို အားပေးတဲ့ ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်များရှိရင်လည်း ပြောပေးပါဦး။
ဖြေ - အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ဇာတ်ကား ရုံတင်တဲ့အခါလည်း အားပေးကြည့်ရှုစေချင်ပါတယ်။ နောက်လည်း ဒီလိုကားမျိုး ဆက်ပြီးဖန် တီးပါဦးမယ်။

Writer: 
လင်းလင်းခိုင်