ဒေါ်မာမာအေးနှင့် တွေ့ဆုံခြင်း

မြန်မာ့ ဂီတလောကမှာ ၁၉၅၄ ခုနှစ် ၀န်းကျင်ကစပြီး ပရိသတ်တွေကြားမှာရော ဂီတအနုပညာလောကမှာပါ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပြီး ယနေ့တိုင် မြန်မာ့ဂီတနဲ့ မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ရရှိနေဆဲဖြစ်တဲ့ မြန်မာဂန္ထ၀င် အဆိုရှင်တစ်ဦးအဖြစ် သတ်မှတ်လို့ရနိုင်တဲ့ အဆိုတော် ဒေါ်မာမာအေးက တေးစီးရီးသစ်တွေ မထွက်ရှိနိုင်တော့တာ ကြာပြီဖြစ်ပေမယ့် မကြာခင်မှာတော့ ဒေါ်မာမာအေးရဲ့ မြန်မာသံတေးစီးရီးသစ်ကို နားဆင်နိုင်တော့မှာ ဖြစ်တဲ့အတွက် ဒေါ်မာမာအေးနဲ့ တွေ့ဆုံတဲ့ ခဏတာအတွင်း ပရိသတ်တွေအတွက် မေးမြန်းဖြစ်ခဲ့ပါတယ် . . .

မေး - ဒီတစ်ခေါက်မြန်မာနိုင်ငံကို လာဖြစ်ချိန်မှာ ဂီတနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်သွာဖို့ ရှိမလဲရှင့်
ဖြေ - ဒီတစ်ခေါက်က သူငယ်ချင်း သီလရှင်ဆရာကြီးရဲ့ မဟာဂန္ဓ၀ါစကဘွဲ့တံတော် ရရှိမှု ဂုဏ်ပြုပွဲမှာ ရတုတွေ တေးထပ်တွေဖတ်ပြီး ဂုဏ်ပြုဖို့ လာခဲ့တာပါ။ ဂီတနဲ့ ပတ်သက်ပြီး စီစဉ်ထားတာတွေ မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်းက စီစဉ်တဲ့ ဟောပြောပွဲမှာ သဘင်၊ ရုပ်ရှင်နဲ့ ဂီတအနုပညာ ဟောပြောပွဲလေးမှာ ပါဝင်ဟောပြောပေးဖို့ အကူအညီတောင်းတာကြောင့် ပါဝင်ဟောပြောပေးဖြစ်ပါတယ်။ ဖျော်ဖြေပွဲတွေအနေနဲ့ ပါဝင်သီဆိုပေးသွားဖို့တော့ မရှိပါဘူး။

မေး - အမေ့ရဲ့ တစ်ကိုတော် တေးစီးရီးသစ်ကိုလည်း အသံသွင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်
ဖြေ - တစ်ကိုယ်တော် တေးစီးရီးသစ်သွင်းဖို့ ပြောထားတာတော့ ရှိပါတယ်။ ကိုယ့်ဘက်ကလည်း သီဆိုပေးဖြစ်မှာပါ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ အဆိုပိုင်းတွေကို အသံသွင်းနိုင်ဦးမှာ မဟုတ်ပါဘူး။ ရာသီဥတုကြောင့် ကိုယ်ကလည်း အသက်အရွယ်ရလာပြီဆိုတော့ အသံဝင်နေတယ်လေ။ ကိုယ့် အသံမကောင်းဘဲနဲ့လည်း အသံမသွင်းချင်ဘူး။ ဒါကြောင့် ဒီတစ်ခေါက်တော့ အဆိုပိုင်းတွေ အသံသွင်းနိုင်မှာ မဟုတ်ပါဘူး။

မေး - အမေ့ရဲ့တစ်ကိုယ်တော် စီးရီးသစ်ကို ပရိသတ်တွေက နားမထောင်ရတာ ကြာပြီဆိုတော့ အမေက ဘယ်လိုသီချင်းတွေ ဆိုဖို့စီစဉ်ထားလဲ
ဖြေ - ကိုယ်ကတော့ တေးရေးဆရာအစုံကို ရေးစေချင်တာပေါ့။ ခုက မြန်မာသံသီချင်းရေးတဲ့ သူကလည်း တော်တော်ရှားရှား ဖြစ်နေပြီဆိုတော့ ကျွန်မအနေနဲ့ အများကြီးပြန်ရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့လို့ မြန်မာသီချင်း ရေးတဲ့သူတွေနဲ့ ကြုံတိုင်းမှာတော့ သီချင်းတွေရေးဖို့ မှာရတာပေါ့။ ထုတ်မှာ မထုတ်မှာကတော့ ကိုယ့်ဘာသာကိုယ်လည်း အစိုးမရဘူး။ ဘယ်သူ ထုတ်ပေးမှာလဲ ဆိုတာလည်း မသိသေးဘူး။ နောက်ပြီး ဒီနေ့ချိန်ခါလိုမျိုးမှာ တေးစီးရီး တစ်ခွေ ထုတ်တယ်ဆိုတာက ပိုက်ဆံတွေသာ သိန်းရာချီကုန်ပြီး သူခိုးကလည်း ကြောက်ရသေးတာကိုး။ ဒီတော့ ကိုယ်ဆိုချင်တယ် ဆိုတာထက် သူတို့ဆိုစေချင်တဲ့ သီချင်းတွေကိုပဲ ဦးစားပေးပြီး ဆိုပေးသွားဖို့ စိတ်ကူးရှိပါတယ်။

မေး - အဲဒီစီးရီးအတွက် သီချင်းတွေရော ရွေးပြီးသွားပြီးလား
ဖြေ - သီချင်းတွေအကုန်လုံး ကျွန်မဆီ မရောက်သေးတော့ ဘယ်လိုသီချင်းတွေပါပြီး ဘယ်လိုသီချင်းတွေ ဆိုမယ်ဆိုတာမျိုး မပြောနိုင်သေးပါဘူး။ ကျွန်မလက်ထဲကို သီချင်း တွေအားလုံး ရောက်ပြီဆိုတော့မှ အားလုံးကို ဆိုဖြစ်မလား ရွေးမလား ဆိုမယ့်သီချင်းတွေကို ဘယ်လိုကီးတွေနဲ့ ဆိုမယ်ဆိုတာတွေကို ညှိနှိုင်း တိုင်ပင်ရမှာပါ။

မေး - ဒီနေ့ခေတ်မှာ မြန်မာသံဂီတက ပရိသတ်အားပေးမှု လျော့နည်းလာတဲ့အပေါ် ဘယ်လိုပြောချင်လဲရှင့်
ဖြေ - တကယ်တော့ ကိုယ့်လူမျိုး ကိုယ့်ဂီတကို ကိုယ်တိုင်ပဲ အားပေးမြှင့်တင်ရမှာပါ။ ဒါက အမျိုးသားရေးနဲ့လည်း ဆိုင်တယ်လို့ ကျွန်မ ဆိုချင်ပါတယ်။ ဒီ့အတွက် ပရိသတ်တွေကလည်း မြန်မာသံဂီတအပြင် မြန်မာမှု အနုပညာတွေကို ဒီ့ထက်ပိုပြီး နေရာပေး အားပေးစေချင်ပါတယ်။ ပရိသတ်တွေဘက်ကလည်း မြန်မာသံတွေကို အားပေးဖို့ လိုအပ်ပါတယ်။ ကောင်းကောင်း မကောင်းကောင်း အားပေးဖို့လိုပါတယ် ပြည်သူ့အင်အားဟာလည်း တစ်တပ်တစ်အားပါပဲ။

မေး - မြန်မာသံ ဂီတကို ချစ်မြတ်နိုးတဲ့ မျိုးဆက်သစ် အနုပညာရှင်လေးတွေကိုရော အားပေးစကားလေး ပါးပေးပါဦး
ဖြေ- မြန်မာသံကိုချစ်တဲ့ မျိုးဆက်သစ် အနုပညာရှင်လေးတွေ အများကြီးရှိပါတယ်။ စင်ပေါ် မရောက်လာသေးတဲ့လူတွေလည်း အများကြီးပါ။ ကိုယ်မြန်မာပြည် ပြန်ရောက်နေတဲ့ အချိန်တွေမှာလည်း အမေ့ဆီကိုလာပြီး ပညာသင်ဖို့ သင်ပေးဖို့တွေလည်း ပြောထားပါတယ်။ အနုပညာရှင်တွေဘက်ကလည်း ကိုယ့်ကို အားပေးမယ့်သူက တစ်ယောက်တည်း ဖြစ်နေပါစေ ကိုယ့်ရင်ထဲက အနုပညာကို ချစ်တဲ့စိတ်နဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပါ ကိုယ်က မတောင်းဆိုရဘဲ စစ်မှန်တဲ့ လက်ခုပ်သံတွေ ရရှိအောင် ကြိုးစားပါ။ အဲဒီလို စစ်မှန်တဲ့လက်ခုပ်သံက ဘယ်လောက်ပဲ အရေအတွက်နည်းပါစေ တန်ဖိုးကြီးပါတယ်။

မေး - အနုပညာနဲ့ ပတ်သက်ပြီး ဒီနေ့အထိ ဘယ်လို ခံယူချက်မျိုး စိတ်ထားမျိုးနဲ့ အမေကြိုးစားဖြစ်နေလဲ
ဖြေ - ကျွန်မကိုယ် ကျွန်မ ဒီနေ့ဒီအချိန်ထိ တတ်လှပြီ တော်လှပြီလို့ မအောက်မေ့ပါဘူး။ ဒီနေ့အထိ ကျွန်မကြိုးစားနေရတုန်း၊ လေ့လာ သင်ယူနေရတုန်းပါ။ ဘယ်လောကက လူပဲဖြစ်ဖြစ် ကိုယ်ရောက်နေရှိနေတဲ့ နေရာမှာ အမြဲ သင်ယူကြိုးစားနေဖို့ကိုလည်း ဒီနေ့ လူငယ်လေးတွေကို တိုက်တွန်းချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဂီတအတွက် ရုပ်ရှင်အတွက် သဘင်အတွက် ကျွန်မတတ်စွမ်းတဲ့ ဘက်ကနေ ရပ်တည်ပေးနိုင်ဖို့ ကြိုးစားနေဦးမှာပါ။ ကိုယ်တိုင် ကြိုးစား သင်ယူ လေ့လာထားတာတွေကိုလည်း နောက်လူတွေ ဆက်လက် သိမြင်ခွင့် လေ့လာခွင့်ရအောင် ကြိုးစား ပေးသွားချင်ပါသေးတယ်။ ကျွန်မအနေနဲ့ကတော့ ဒီ အနုပညာကို သေတဲ့အထိ လုပ်သွားမှာပါ ပစ်ပယ်စရာ အကြောင်းလည်း ဘာမှမရှိပါဘူး။

Writer: 
စုမှူးနိုင်