မော်ဒယ်လ်မြတ်ပုဏ္ဏမီနိုင်နှင့် တွေ့ဆုံခြင်း

ယနေ့အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက မော်ဒယ်လ်လောကအတွင်း ပရိသတ်အားပေးချစ်ခင်မှု များပြားလာသူ အနုပညာကြယ်တစ်ပွင့် မြတ်ပုဏ္ဏမီနိုင်ပင် ဖြစ်သည်။ မော်ဒယ်လ်လောကအတွင်းသို့ Forever Gems အလှမယ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရာမှ စတင်ဝင်ရောက်ခဲ့ပြီးနောက် ယင်းပြိုင်ပွဲတွင်လည်း ဆုရရှိခဲ့သူဖြစ်သည်။ ယင်းနောက်တွင် ကြော်ငြာအများအပြားနှင့် Billboard အများအပြားတွင် ပါဝင်ရိုက်ကူးခွင့် ရရှိခဲ့ကာ အနောက်တိုင်းဆန်ဆန် မျက်နှာအလှပိုင်ရှင် ဆယ်ကျော်သက် မော်ဒယ်လ်တစ်ဦးအဖြစ် ပရိသတ် အသိအမှတ်ပြုထားသူ ဖြစ်သည်။ သူငယ်ချင်းဖြစ်သူအလှမယ် Bella (ခ) မြတ်သီရိလွင်နှင့် တွဲဖက်ရေးသားခဲ့သည့် Relationship Status ကြောင့် သင်္ကြန်ကာလအတွင်း ပရိသတ်များကြား လှုပ်ခတ်စေခဲ့သူလည်း ဖြစ်သည်။ လတ်တလောတွင် ကြော်ငြာများဆက်တိုက် ရိုက်ကူးလျက်ရှိသည့် မော်ဒယ်လ်မြတ်ပုဏ္ဏမီနိုင်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် အနုပညာလောကအတွင်း ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများ၊ ဆက်လက် လုပ်ဆောင်သွားမည့် အနုပညာ ရည်မှန်းချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

‘လောလောဆယ်တော့ မော်ဒယ်လ်တစ်ယောက် အနေနဲ့ ရပ်တည်ဖြစ်တာကို ပိုကြိုက်နေပါတယ်’

■ မေး - ညီမလေးမော်ဒယ်လ် အလုပ်တွေ စလုပ်ဖြစ်ခဲ့တာလေး အရင်ပြောပြပေးပါဦး။

ဖြေ - မော်ဒယ်လ်လျှောက်တာနဲ့ ပတ်သက်လို့ကတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတာပါ။ ဒါပေမဲ့ ကျောင်းတက်နေရတာကြောင့် သေချာတော့ မလုပ်နိုင်ခဲ့ဘူး။ အလှဓာတ်ပုံရိုက်တာလောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီနောက်တော့ Forever Gems က အလှမယ်ရွေးပွဲလုပ်တဲ့အခါ ညီမသူငယ်ချင်းကလည်း ပြိုင်မယ်ဆိုတော့ ညီမကိုယ်တိုင်က အရမ်းပြိုင်ချင်တယ်။ အတွေ့အကြုံ တစ်ခုရအောင် ပြိုင်ကြည့်မယ်ဆိုတဲ့စိတ်နဲ့ လုပ်ဖြစ်သွားတာပါ။

■ မေး - အဲဒီပြိုင်ပွဲကနေပဲ ပရိသတ်တွေ စသိသွားတယ်လို့ ပြောလို့ရမလား။

ဖြေ - အဲဒီပြိုင်ပွဲကတော့ ညီမနဲ့ပရိသတ်တွေကြားက ပထမခြေလှမ်းပေါ့။ ဒီနောက်မှာတော့ ညီမကို မော်ဒယ်လ်တစ်ယောက်အနေနဲ့ ပရိသတ်တွေ စသိလာတယ်။ ညီမက ကြော်ငြာတွေ၊ Billboard တွေလည်း ရိုက်ခွင့်ရလာတဲ့ အခါကျတော့ အဲဒါတွေက တစ်ဆင့်လည်း ပရိသတ်တွေ ပိုပြီးသတိထားမိလာကြပါတယ်။ နောက်ပြီးညီမရဲ့ လူမှုကွန်ရက်မှာ တင်တဲ့ဓာတ်ပုံတွေကိုလည်း ပရိသတ်တွေက နှစ်သက်အားပေးကြတာကြောင့် ပရိသတ် ပိုအားပေးလာတယ်လို့ ထင်ပါတယ်။

■ မေး - မော်ဒယ်လ်တစ်ယောက်အနေနဲ့ သီးသန့်ရပ်တည်တဲ့အခါ အခုနောက်ပိုင်း နိုင်ငံတကာနဲ့လည်း ချိတ်ဆက်မှုတွေ များလာတော့ အခွင့်အလမ်းတွေ ပိုများလာတယ်လို့ထင်လား။

ဖြေ - ဟုတ် ပိုများလာမယ်လို့ ထင်ပါတယ်။ အခုလည်းပဲ နိုင်ငံခြားကုန်ပစ္စည်း ကြော်ငြာတွေကို ဒီကမော်ဒယ်လ်တွေသုံးပြီး ရိုက်ကြတာမျိုးတွေလည်း ရှိတယ်။ နိုင်ငံခြားက ဒါရိုက်တာတွေကိုယ်တိုင် လာရိုက်တဲ့ ကြော်ငြာတွေလည်း ရှိတယ်ဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်မှုက ပိုကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ မော်ဒယ်လ်အနေနဲ့ ပရော်ဖက်ရှင်နယ် ရပ်တည်ဖို့အတွက်ကတော့ အများကြီး လေ့လာရပါတယ်။ မော်ဒယ်လ်တစ်ယောက်ရဲ့ ဟန်ပန်အနေအထား အပြည့်အ၀ရှိဖို့အတွက် ပြင်ဆင်ရပါတယ်။ ဖက်ရှင်ရွေးချယ်မှုကအစ အမြဲတမ်း လေ့လာနေရပါတယ်။ နိုင်ငံတကာမှာ မော်ဒယ်လ်တွေရဲ့ လှုပ်ရှားမှုတွေ၊ ၀တ်စားဆင်ယင်မှု ဟန်ပန်တွေကိုလည်း အမြဲတမ်း လေ့လာနေရပါတယ်။

■ မေး - သရုပ်ဆောင်ပိုင်းကိုရော သွားဖို့စိတ်ကူး မရှိဘူးလား။

ဖြေ - ညီမလောလောဆယ်တော့ မော်ဒယ်လ်ပိုင်းကိုပဲ ပိုပြီးစိတ်အားထက်သန်နေပါတယ်။ သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ဆိုတာက ညီမအတွက်တော့ လေ့လာပြင်ဆင်စရာတွေ အများကြီး လိုအပ်ဦးမှာပါ။ ဒါကြောင့် သရုပ်ဆောင်ပိုင်းကိုတော့ စဉ်းစားဖြစ်မှာ မဟုတ်သေးဘူး။ လောလောဆယ်တော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ရပ်တည်ဖြစ်တာကို ပိုကြိုက်နေပါတယ်။

■ မေး - မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက် အနေနဲ့ သွားပြိုင်စေချင်တဲ့ ပရိသတ်တွေလည်းရှိတော့ အဲဒီလိုယှဉ်ပြိုင်ဖို့ရော စိတ်ကူးရှိလား။

ဖြေ - အဲဒီလိုလည်း ယှဉ်ပြိုင်ချင်တဲ့ စိတ်ကူးအိပ်မက်တော့ ရှိပါတယ်။ ဒါပေမဲ့ မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ အများကြီး လိုအပ်ချက်တွေ ရှိပါတယ်။ အဲဒါတွေအားလုံးကို စနစ်တကျ ပြင်ဆင်ပြီးမှပဲ တကယ်တမ်း ယှဉ်ပြိုင်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ချင်တယ်။ အခွင့်အရေး ရှိလာရင်တော့ ယှဉ်ပြိုင်ဖြစ်ပါမယ်။ သေချာတော့ မပြောတတ်သေးဘူး။

■ မေး - သင်္ကြန်တုန်းက သူငယ်ချင်းဖြစ်တဲ့ Bella (ခ) မြတ်သီရိလွင်နဲ့ နောက်ပြောင်ပြီးတင်လိုက်တဲ့ Relationship Status က ပရိသတ်တွေကြားထဲ ပျံ့နှံ့သွားသလို မထင်မှတ်ဘဲ ဖြေရှင်းခဲ့ရတဲ့အတွက်ရော ဘာများပြောချင်သေးလဲ။

ဖြေ - Bella နဲ့က အရမ်းချစ်ရတဲ့ သူငယ်ချင်းတွေပါ။ အမြဲတတွဲတွဲ နောက်ပြောင်ပြီးနေလာခဲ့တာ။ အဲဒီတုန်းကတော့ သင်္ကြန်လည်းဖြစ်တော့ ညီမတို့က နောက်ပြောင်ပြီး ရေးလိုက်တာ။ ဒီလောက်ထိ ပျံ့နှံ့သွားမယ်လို့လည်း မထင်ခဲ့ဘူး။ အဲဒီလိုတင်ပြီး သင်္ကြန်ဆော့ဖို့ ထွက်သွားတဲ့အခါကျတော့ ပြန်လည်းမကြည့်မိဘူး။ နောက်မှသာ ဒီလိုတွေ ပျံ့နှံ့သွားခဲ့မှန်း သိရတာ။ ညီမတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ပရိသတ်တွေ ရှိသွားခဲ့ရင်လည်း တောင်းပန်ပါတယ်။ ညီမတို့ကိုယ်တိုင်လည်း အဲဒီလိုလုံးဝ မရည်ရွယ်ပါဘူး။

■ မေး - လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ရော ဘာတွေလုပ်ဖြစ်မလဲ။

ဖြေ - လတ်တလောကတော့ ကြော်ငြာတွေရိုက်ဖို့ရှိမယ်။ Billboard တွေလည်း ရိုက်ဖို့ရှိတယ်။

■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။

ဖြေ - ညီမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ညီမ၀ါသနာပါတဲ့ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် ကြိုးစားသွားပါဦးမယ်။

Writer: 
လင်းလင်းခိုင်