အကယ်ဒမီဒါရိုက်တာ ညွန့်မြန်မာညီညီအောင်နှင့် တွေ့ဆုံခြင်း

အနုပညာလောကအတွင်း နှစ်ပေါင်း ၄၀ ခန့် ဖြတ်သန်းခဲ့ပြီးချိန်တွင် အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီထူးချွန်ဆုအား ထိုက်တန်စွာ ဆွတ်ခူးခဲ့ပြီးနောက် ပရိသတ်များအတွက် ဖျော်ဖြေရေး ရသခံစားနိုင်မည့် ရုပ်ရှင်ဇာတ်ကားများ၊ အသိပညာ အတွေးအမြင် ရရှိနိုင်မည့် ဇာတ်ကားများအား ဆက်လက်ဖန်တီးနေသည့် အကယ်ဒမီဒါရိုက်တာ ညွန့်မြန်မာညီညီအောင်သည် ပုဂံဒေသ၏ တန်ဖိုးထားဖွယ် အလှအပ၊ ယဉ်ကျေးမှု ရှေးဟောင်းလက်ရာများနှင့် ဘုရား၏ဝေယျာဝစ္စများအား ဖြူစင်သောနှလုံးသားဖြင့် ဆောင်ရွက်နေသူ ဘုရားကျွန်များအကြောင်းကို မှတ်သားလေ့လာဖွယ်အဖြစ် ‘ကျွန်’ ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးပုံဖော်ထားပါသည်။ မကြာမီရုံတင်ပြသတော့မည့် ‘ကျွန်’ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ဖန်တီးဖြစ်ခဲ့သည့် အမှတ်တရများ၊ ပရိသတ်များအတွက် ပေးချင်သည့် မက်ဆေ့ခ်ျအကြောင်းအရာများအား ဒါရိုက်တာညွန့်မြန်မာညီညီအောင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည့်အပြင် ရုပ်ရှင်လောကအတွင်း ဖြတ်သန်းခဲ့သည့် အတွေ့အကြုံတို့အားလည်း ထည့်သွင်း မေးမြန်းထား ဖြစ်ပါသည်။

■ မေး - ကျွန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖြစ်ပုံလေးအရင် သိချင်ပါတယ်ရှင့်။

ဖြေ - ကျွန်တော်တို့ငယ်ငယ်က အပယ်ရတနာဆိုတဲ့ ဇာတ်ကားကို တော်တော်လေး ကြိုက်ခဲ့ကြတယ်။ မတူကွဲပြားတဲ့ အဆင့်အတန်းနှစ်ခုပေါ့။ အဲဒီလိုဇာတ်ကားမျိုးလေး ရိုက်ချင်တယ်။ ဒီဇာတ်ကားကို ရိုက်မယ်ဆိုတဲ့အချိန်မှာ နိုင်ငံတကာမှာလည်း သွားပြချင်တယ်။ ဒီလိုစဉ်းစားမိတဲ့အခါ မြန်မာနိုင်ငံရဲ့ လှပတဲ့ယဉ်ကျေးမှု ဒေသတစ်ခု ပုဂံပေါ့။ ပုဂံမှာရိုက်တဲ့အခါ အပယ်ရတနာလို ဇာတ်လမ်းမျိုး ရိုက်ချင်တယ်ဆိုတဲ့အခါ ဒီဇာတ်လမ်းလေး ရလာတယ်။ ကျွန် ဆိုတဲ့နာမည်နဲ့ ရိုက်ဖြစ်တာကတော့ ကျွန်ဆိုတာ ဘာကိုပြောချင်တာလဲဆိုတော့ အများအမြင်မှာ ဘုရားကျွန်ဆိုတာကို နိမ့်ကျတဲ့နေရာလို့ ထင်ကြတယ်။ အဲဒါတွေက အယူအဆ မှားတဲ့လူတွေကြောင့် ဒီလိုဖြစ်သွားတာ။ လောကမှာ လောဘနောက်လိုက်နေတဲ့ ကျွန်တွေရှိတယ်။ လောဘ၊ ဒေါသ၊ မောဟ စတာတွေ နောက်လိုက်တဲ့ ကျွန်တွေထက်စာရင် ဘုရားဝေယျာဝစ္စလုပ်တဲ့ ဘုရားကျွန်တွေက ပိုမြင့်မြတ်တယ်ဆိုတာကို ပြချင်တာပါ။ ပုဂံဘုရားတွေကို တော်တော်လေး စိတ်ဝင်စားစရာဖြစ်အောင် ရိုက်ထားပါတယ်။

■ မေး - ဒီဇာတ်ကားကို စရိုက်ကတည်းက ကျွန်ဆိုတဲ့နာမည်နဲ့ ပတ်သက်ပြီး ခွင့်မပြုတာကြောင့် ခက်ခဲခဲ့တယ်လို့ သိရပါတယ်။ အဲဒါကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ။

ဖြေ - ကျွန်တော် ဒီဇာတ်ကားကို ပုဂံဘုရားတွေမှာ တစ်ရက်ကို ငါးသိန်းသွင်းပြီးရိုက်တာ နှစ်ရက်လောက်ရိုက် အပြီးမှာ ယဉ်ကျေးမှုဝန်ကြီးဌာနက တားမြစ်တာကြောင့် နာမည်ပြောင်းပေးပါဆိုပြီး ပြောလာပါတယ်။ ကျွန်တော် တော်တော်လေး စိတ်ပျက်သွားတယ်။ ကျွမ်းကျင်တဲ့နေရာ မဟုတ်ဘဲ ဒီလိုနေရာကို ရောက်လာတယ်။ ကျွမ်းကျင်တဲ့ အလုပ်မဟုတ်ဘဲ အမိန့်ပေးတယ်။ ဌာနဆိုင်ရာတိုင်းမှာ အရပ်ဝတ်လဲထားတဲ့သူတွေက ဒီလိုတွေ လုပ်နေကြတော့ ဘယ်လိုလုပ် တိုးတက်နိုင်တော့မလဲ။ ကျွန်တော်တို့ဖလင် အယ်ဒီတာဘ၀ကတည်းက ဆင်ဆာမှာဆိုလည်း ဒီလိုအရပ်ဝတ်လဲထားတဲ့သူတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပဲ ချီတက်လာခဲ့ရတယ်။ ဒီလိုနဲ့ပဲ ရုပ်ရှင်ဆိုတာက ပျက်စီးသွားခဲ့တာ။ ဇာတ်ကားနာမည် ပြောင်းပေးဖို့ပြောတဲ့အခါ ရိုက်နေတုန်းမှာတော့ ပါးစပ်ထဲရှိတဲ့ နာမည်တစ်ခုပြောင်းပြီး ရိုက်လိုက်တယ်။ ဒါပေမဲ့ ဇာတ်ကားပြီးခါနီးမှာ ဂျာနယ် မဂ္ဂဇင်းတွေက အယ်ဒီတာသုံးလေးဦးလောက်နဲ့ အင်တာဗျူးလုပ်ဖြစ်တဲ့အခါ ကျွန်တော့်ဇာတ်ကားရဲ့ ရည်ရွယ်ချက်နဲ့ ဒါကြောင့် ဒီနာမည်ကို ပေးထားတာဖြစ်တဲ့အတွက် မပြောင်းလဲနိုင်ဘူးဆိုပြီး ပြောခဲ့ပါတယ်။ ကိုယ်ကျွမ်းကျင်တာမဟုတ်ဘဲ ၀င်စွက်ဖက်တဲ့အခါ နစ်နာပါတယ်။ အုတ်ကြားမြက်ပေါက်မှာဆိုလည်း ဇာတ်ညွှန်းကို အကယ်ဒမီ မပေးဘူး။ ဇာတ်ကားတစ်ကားမှာ ဇာတ်ညွှန်းကို ကြိုက်တယ်ဆိုတဲ့အသံမျိုး ကြားရဖို့ဆိုတာ တော်တော်လေး ရှားပါတယ်။ ဒါပေမဲ့ ဆုမပေးခဲ့ဘူး။ ဘာကြောင့်မပေးလဲဆိုတဲ့ အကြောင်းပြချက်ကလည်း အရမ်းရှက်ဖို့ကောင်းပါတယ်။ အနုပညာဖန်တီးရာမှာ ဒီလိုလူမျိုးတွေရှိနေတဲ့အတွက် ရှေ့ကိုတိုးတက်ဖို့ အရမ်းခက်ပါတယ်။

■ မေး - ဒီဇာတ်ကားထဲက ဇာတ်ကောင်စရိုက်အလိုက် ရွေးထားတဲ့ သရုပ်ဆောင်တွေကိုရော စိတ်တိုင်းကျလား။

ဖြေ - စိတ်တိုင်းကျပါတယ်။ တော်ဝင်မိဘတွေက ဆင်းသက်လာပြီး မိဘအလိုကျနေတဲ့သားအဖြစ် နေတိုးပေါ့။ ပုဂံမှာ ဟိုတယ်ဖွင့်ထားတယ်။ ၀တ်မှုန်ရွှေရည်က ခရီးသွား လုပ်ငန်းလုပ်တဲ့အခါကျတော့ နေတိုးနဲ့ ရင်းနှီးတယ်။ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားတယ်။ နေတိုးကတော့ ဖွင့်မပြောသေးဘူး။ အဲဒီအချိန်မှာ နေတိုးသူငယ်ချင်းစာရေးဆရာ မြင့်မြတ်ရောက်လာပြီး သုံးပွင့်ဆိုင်ပေါ့။ ဒီဇာတ်ကားထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာနဲ့ ကိုယ်ကျင့်တရားကိုလည်း အလေးထားတတ်အောင် ရိုက်ကူးတင်ဆက်ထားပါတယ်။

■ မေး - ဖြတ်သန်းလာတဲ့ အနုပညာခရီးလမ်းမှာ ဇာတ်လမ်းအမျိုးအစားစုံ ဖန်တီးခဲ့ပေမယ့် အခုလက်ရှိမှာတော့ ရောက်ရှိလာတဲ့ အသက်အရွယ် အတွေ့အကြုံ ဖြတ်သန်းမှုတွေရော ဖန်တီးချင်တဲ့ဇာတ်လမ်း အမျိုးအစားတွေ ပြောင်းလဲလာတာမျိုးရောရှိလား။

ဖြေ - တချို့ကားတွေကတော့ ဖျော်ဖြေရေးအနေနဲ့ ရိုက်ရပါတယ်။ ကိုယ်ကြိုက်တဲ့ကားချည်းပဲတော့ ရိုက်လို့မရဘူးလေ။ သိပ်ကြိုက်တဲ့ ဇာတ်လမ်းမျိုးတွေလည်း ရွေးရိုက်တယ်။ ဒီအသက်အရွယ် ရောက်လာတဲ့ အခါကျတော့ မက်ဆေ့ခ်ျတစ်ခုခု ပေးနိုင်တာမျိုးလေးတွေ ထည့်စဉ်းစားတာပေါ့နော်။ ဆင်ဆာအဖွဲ့ကို စဉ်းစားမိတာက ကိုယ်ချင်းမစာဘူးပေါ့နော်။ ကျွန်တော်တလောက ရိုက်ထားတဲ့ ဇာတ်ကားဆိုရင် မြိတ်၊ ထားဝယ်မှာ သွားရိုက်ထားတာ။ ကျွန်တော်တို့ရိုက်ချင်တဲ့ ရိုက်ကွင်းနေရာကိုရောက်ဖို့ နေ့စဉ် အသွားအပြန် အချိန်ငါးနာရီလောက် ပေးပြီးသွားရတယ်။ ဇာတ်လမ်းမှာက စိုးမြတ်သူဇာက မြိတ်က ဟိုတယ်ပိုင်ရှင်သူဌေး။ အကြောင်းကြောင်းကြောင့် ယောက်ျားတွေကို စိတ်နာပြီး သမီးဖြစ်သူကို သူပိုင်တဲ့ကျွန်းတစ်ကျွန်းမှာ သွားထားတာ။ ဒါကို သူ့သမီးဖြစ်တဲ့ သင်ဇာဝင့်ကျော်က သဲသောင်ပြင်ကို လမ်းလျှောက်တာ ဒေါက်ဖိနစ်စီးလို့ဆိုပြီး ဆင်ဆာကထောက်တယ်။ အဲဒီတော့ ဒီလောက်ချမ်းသာတဲ့ သူဌေးသမီးက ဖိနပ်မပါဘဲ လမ်းလျှောက်ရမှာလားဆိုတာမျိုး ဖြစ်လာတာပေါ့။ ဒီဇာတ်ကားဆိုလည်း ဖတ်လိုက်ရတဲ့ ဆောင်းပါးတစ်ခုကို အခြေခံပြီး ရိုက်ခဲ့တာပါ။ သင်္ကြန်မှာ နိုင်ငံခြားက ပြန်လာပြီး ပျော်တဲ့မိန်းကလေး တစ်ယောက်။ အအေးသောက်ပြီး သတိလစ်သွားတယ်။ သတိရလာတဲ့အခါ VIP လို့ခေါ်ကြတဲ့အခန်းထဲ ရောက်နေတယ်။ သူနိုင်ငံခြားပြန်သွားပြီး တစ်လနှစ်လနေတော့ ကိုယ်ဝန်ရှိနေမှန်း သိတယ်ပေါ့။ ကလေးအဖေ ဘယ်သူလို့ ပြောရမှန်းမသိဘူး။ ဒီလိုအကြောင်းအရာမျိုးလေးကို အခြေခံပြီး ပြန်ရိုက်ထားတာပါ။ ဒါလည်း မိန်းကလေးတွေအတွက် မက်ဆေ့ခ်ျလေးတစ်ခု ရစေချင်တာပါ။

■ မေး - အခုလက်ရှိအခြေအနေမှာ ဗီဒီယိုလောကက အရမ်းကိုကျဆင်းသွားပြီး ရုပ်ရှင်ကားကြီးတွေပဲ ပြုံပြီးရိုက်နေကြတာကိုရော ဘယ်လိုသုံးသပ်ချင်ပါလဲရှင့်။

ဖြေ - ကျွန်တော့်အလှူတစ်ခုအတွက် ဒါရိုက်တာကြီး ဦးဝင်းဖေကို သွားဖိတ်ရင်း စကားပြောဖြစ်တဲ့အခါ ဦးဝင်းဖေက ဗီဒီယိုလောက ရပ်ဆိုင်းသွားတဲ့အပေါ် တော်တော်လေး စိတ်မကောင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်လည်း ဒါကိုထောက်ခံပါတယ်။ အခုဆို ကျွန်တော့်ကို ဗီဒီယိုအပ်မယ့်သူ မရှိဘူး။ ရုပ်ရှင်တွေသာ ရိုက်နေတာလေ။ ရုပ်ရှင်တွေကလည်း အရမ်းများပြီး တန်းစီနေရတယ်။ တကယ်လို့သာ ရုပ်ရှင်လောကသာ ထပ်ပြီးရပ်တန့်သွားမယ်ဆိုရင် တစ်လောကလုံး ရပ်တန့်သွားမှာပါ။ လောလောဆယ် စနစ်တစ်ခုကိုတော့ ကျွန်တော် သဘောကျပါတယ်။ ရုံတင်စနစ်မှာ A တွဲကတော့ တန်းစီစနစ်ပေါ့။ B တွဲကတော့ ရုံပိုင်ရှင် စိတ်ကြိုက်ဇာတ်ကားမျိုးကို ရွေးတင်တဲ့အတွက် အရည်အသွေးပိုင်းကို စိစစ်ပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။

■ မေး - နောက်ထပ်ဘယ်လို ဇာတ်လမ်းမျိုးတွေ ရိုက်ကူးဖို့ စဉ်းစားထားပါလဲရှင့်။

ဖြေ - လောလောဆယ်တော့ ကျွန်တော် ဟာသအပျော် ဇာတ်ကားမျိုးလည်း ရိုက်ကူးဖို့ရှိသလို ဆလုံလူမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးပါမယ်။ နှစ်ကုန်ပိုင်းမှာတော့ ရေခဲတောင်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးဖို့ စီစဉ်ထားတယ်။ ရေခဲတောင်ဇာတ်ကားကို ရိုက်ကူးဖို့ ကျွန်တော် နှစ်ကြိမ်ကြိုးစားခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ဘူး။ အခုကတော့ နောက်ဆုံးတစ်ကြိမ် ထပ်မံကြိုးစားကြည့်မှာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဂုဏ်ယူစရာ တစ်ခုအနေနဲ့ ထပ်မံရိုက်ကူးချင်ပါတယ်။

■ မေး - ကျွန်ဇာတ်ကားကို အားပေးကြည့်ရှုမယ့် ပရိသတ်တွေနဲ့ တောက်လျှောက်အားပေးခဲ့တဲ့ ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလားရှင့်။

ဖြေ - ပရိသတ်ကြိုက်တဲ့ ဇာတ်ကားတွေကိုလည်း ရိုက်ပါမယ်။ ကျွန်တော်တို့ ကြိုက်တဲ့ဇာတ်ကားတွေ ရိုက်ပြတာကိုလည်း အားပေးကြည့်ရှုပေးပါဦးလို့ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ပုဂံဘုရားတွေ ငလျင်ဒဏ်ကြောင့် မပြိုခင် ရိုက်ထားတာပါ။ ပုဂံဘုရားတွေ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပြီးချိန်မှာလည်း နောက်ထပ်ရုပ်ရှင်ကားကြီးတစ်ကား ထပ်မံရိုက်ကူးထားပါသေးတယ်။

Writer: 
လင်းလင်းခိုင်