အပ္ပမာဒေနသ မ္ပာဒေထသံချပ်အဖွဲ့၏ ခေါင်းဆောင် ကိုတိုးဝင်းနှင့် တွေ့ဆုံခြင်း

သံချပ်ဆိုသည်မှာ မြန်မာ့ရိုးရာသင်္ကြန်နဲ့ ခွဲခြားလို့မရသည့် အနုပညာဖျော်ဖြေတင်ဆက်မှုပင် ဖြစ်သည်။ ပြည်သူများကြားမှ အကြောင်းအရာများကို ထင်ဟပ်ကာ ပြည်သူတို့၏ ဟစ်တိုင်သဖွယ် နေရာယူနိုင်ခဲ့သည့် သံချပ်အဖွဲ့များသည် ယခုနှစ်သင်္ကြန်ကာလတွင်လည်း ပြည်သူများအတွက် ကိုယ်စားပြုစကားသံများအား ယူဆောင်ကာ တင်ဆက်ခဲ့ကြပါသည်။ ရန်ကုန်မြို့ရှိ ဖျော်ဖြေရေးနှင့် ဆုပေးမဏ္ဍပ်များတွင်     လှည့်လည်ယှဉ်ပြိုင် ဖျော်ဖြေခဲ့သည့် သံချပ်အဖွဲ့များအနက် နှစ် ၂၀ ကျော်သက်တမ်းရှိပြီဖြစ်သည် အပ္ပမာဒေနသမ္ပာဒေထ သံချပ်အဖွဲ့သည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ယခုနှစ်တွင် ရန်ကုန်မြို့ရှိ ဖျော်ဖြေရေးနှင့် ဆုပေးမဏ္ဍပ်ကြီးများ၌ စွယ်စုံပထမဆုသုံးခုအပါအ၀င် ဆုအများအပြား ဆွတ်ခူးနိုင်ခဲ့ကာ လောက၏ ဓမ္မတရားများလွှမ်းမိုးလာစေရန်၊ အစိုးရအဖွဲ့၏ ပြုပြင်သင့်သည်များအား သတိပြုမိစေရန်၊ ပြည်သူများကြားမှ အကြောင်းအရာများအား ကိုယ်စားပြုတင်ဆက်ခဲ့သည့် အပ္ပမာဒေနသမ္ပာဒေထ သံချပ်အဖွဲ့၏ ခေါင်းဆောင်ကိုတိုးဝင်းနှင့် တွေ့ဆုံကာ သံချပ်တင်ဆက်ခဲ့မှုသမိုင်းကြောင်း၊ ကိုယ်စားပြုတင်ဆက်ခဲ့သည့် အကြောင်းအရာများအပါအ၀င် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

‘အပြုံးစကားနဲ့ပြောမယ်၊ အမုန်းစကားနဲ့မပြောဘူးဆိုတာက ရန်ကုန်သံချပ်ရဲ့ ဖလော်ဆော်ဖီတစ်ခုလို့ ခံယူထားပါတယ်’

■ မေး - အပ္ပမာဒေနသမ္ပာဒေထ သံချပ်အဖွဲ့ရဲ့ သမိုင်းကြောင်းကို အရင်ဆုံး မိတ်ဆက်ပေးပါဦးရှင့်။

■ ဖြေ - ကျွန်တော်တို့က ၁၉၈၂၊ ၁၉၈၃ ၀န်းကျင်မှာ ရန်ကုန်မှာ စွယ်စုံဆုတွေ တော်တော်များများရရှိပြီး ဖျော်ဖြေနိုင်ခဲ့တဲ့အသင်းပါ။ အဲဒီနောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မထွက်နိုင်ခဲ့ဘူး။ ၂၀၁၄ မှာတော့ ကျွန်တော်တို့အဖွဲ့က တစ်ကျော့ပြန် ပြန်လည်ဖျော်ဖြေယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

■ မေး-  ၁၉၈၀ ၀န်းကျင်ကာလတွေမှာ ဖျော်ဖြေခဲ့ရတာတွေနဲ့ ၂၀၁၄ မှာ တစ်ကျော့ပြန် ပြန်လည်ဖျော်ဖြေခဲ့ချိန်မှာ ကွာခြားမှုဆိုရင်ရော ဘာတွေများရှိမလဲရှင့်။

■ ဖြေ - ဟိုခေတ်တုန်းက လုပ်တဲ့အနေအထားက ပံ့ပိုးမှုအနေအထားပေါ့။ သံချပ်ကားတစ်စီးက ရပ်ကွက်တစ်ခုက ထွက်တယ်ဆိုရင် ရပ်ကွက်က ဂုဏ်တစ်ခုအနေနဲ့ ၀ိုင်းဝန်းပံ့ပိုးကြ၊ ကူညီကြတယ်။ လုပ်ငန်းရှင်တွေကလည်း ၀ိုင်းဝန်းပံ့ပိုးကြတယ်။ အခုခေတ်မှာတော့ သံချပ်ဆိုရင် နိုင်ငံရေးဆိုပြီး သိပ်အားမပေးတာတွေလည်း ရှိတယ်။ ငွေရေးကြေးရေးခက်ခဲတာရှိတယ်။ သံချပ်တိုက်ဖို့နေရာလည်း ရှားလာတယ်။ အရင်ကတော့ ကိုယ့်ရပ်ကွက်ထဲ ဘယ်နားတိုက်တိုက် အဆင်ပြေတယ်။ အခုကတော့ နားငြီးရင် တိုင်တယ်ဆိုတာမျိုးတွေ ရှိလာတယ်။ သံချပ်ကြိုက်တာမကြိုက်တာထက် သူတို့အတွက် နားငြီးတယ်ဆိုရင် မကြိုက်တော့ ခက်ခဲပါတယ်။

■ မေး - သံချပ်ဆိုတာပြည်သူတွေအတွက် ဟစ်တိုင်ဆိုတော့ အစ်ကိုတို့သံချပ်အဖွဲ့ကရော ဘယ်လိုအကြောင်းအရာမျိုးတွေကို ထင်ဟပ်နိုင်ဖို့ကြိုးစားခဲ့လဲ။

■ ဖြေ - ကျွန်တော်တို့က နှစ်ပိုင်းရှိတယ်။ အဓိက ပြောတဲ့အပိုင်းကို အရင်စဉ်းစားတယ်။ ပြောတဲ့အပိုင်းမှာဆိုရင် အသင်းပေါ်လစီရှိတယ်။ အသင်းနာမည်က အပ္ပမာဒေနသမ္ပာဒေထဆိုတော့ မမေ့မလျော့သောသတိတရားနဲ့ နေထိုင်ဖို့ဖြစ်တဲ့အတွက် သတိတရားမပျောက်ဖို့ သတိပေးတဲ့အဖွဲ့ ဖြစ်တယ်။ အစိုးရအဖွဲ့တွေ သတိထားသင့်တာတွေ၊ ပြုပြင်သင့်တာတွေကို အပြုသဘောဆောင်ပြီး ထောက်ပြတယ်။ လူထုကြားထဲက လတ်တလောဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ထင်ဟပ်နိုင်ဖို့ ကြိုးစားပါတယ်။ နှစ်ပိုင်းခွဲပြီး တင်ဆက်တာပေါ့။

■ မေး - ဒီနှစ်မှာ အစ်ကိုတို့ အဖွဲ့အနေနဲ့ဘယ် မြို့နယ်တွေမှာ အဓိကပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့လဲ။ ရရှိခဲ့တဲ့ဆုတွေကိုလည်း ပြောပြပေးပါဦး။

■ ဖြေ - အဓိကတော့ ခုနစ်မဏ္ဍပ်မှာ အဓိကပြိုင် ဖြစ်တယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ Forever မှာပြိုင်တယ်။ သင်္ဃန်းကျွန်းမှာပဲရှိတဲ့ ကိုဇာဂနာတို့ မဏ္ဍပ်မှာပြိုင်ပါတယ်။ ဆုကတော့ Forever မဏ္ဍပ်မှာ စွယ်စုံပထမရတယ်။ ဗိုလ်တထောင် ၄၆ လမ်းက ဗမာသစ်မဏ္ဍပ်မှာ စွယ်စုံပထမရတယ်။ ရွှေဝါဆန်မြေမဏ္ဍပ်မှာ စွယ်စုံပထမရတယ်။ ဗဟန်းဗိုလ်စိန်မှန်နဲ့ သင်္ဃန်းကျွန်းမှာ စွယ်စုံဒုတိယဆုရတယ်။ ကိုဇာဂနာတို့ မဏ္ဍပ်မှာတော့ သံချပ်ပထမဆုနဲ့ သရုပ်ဖော် ဒုတိယဆုရပါတယ်။ ပုစွန်တောင် (၃) ရပ်ကွက်မှာ သံချပ်ပထမရပါတယ်။

■ မေး - ဒီနှစ်ဖျော်ဖြေခဲ့ရာမှာ ဘယ်လိုအကြောင်းအရာတွေကို ထောက်ပြတင်ဆက်နိုင်ခဲ့လဲရှင့်။

■ ဖြေ - အဓိကတော့ ကားရဲ့ပြင်ဆင်မှုမှာကို ခုံးကျော်တံတားပုံစံလုပ်ထားတယ်။ ကားရှေ့မှာ ဓမ္မလှည်းဘီးကြီးပါတယ်။ ဗုဒ္ဓရဲ့ လက်တော်ပုံစံအ၀ိုင်းပါတယ်။ ကျွန်တော်တို့ သွားနေတာက နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု လမ်းမကြီးတွေမှာ ဓမ္မတရားတွေလွှမ်းမိုးဖို့ လိုတယ်ဆိုတာပြသထားတာပါ။ ပြီးတော့ ၁၂ ရာသီပွဲတော်တွေကို အော်ပရာလေးကပါတယ်။ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ယဉ်ကျေးမှုအစဉ်အလာတွေကို ဖော်ထုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ လောဘ၊ အတ္တတွေကို ပျောက်ဆုံးဖို့အတွက်က ဓမ္မတွေလွှမ်းမိုးမှ ဖြစ်မယ်ဆိုတာကို တင်ဆက်ပါတယ်။ ခုံးကျော်တံတားပုံစံလုပ်တဲ့ ရည်ရွယ်ချက်ကတော့ တံတားဆိုတာ ပေါင်းကူးခြင်းပါ။ ချစ်ကြည်ခြင်းညီညွတ်ခြင်းကို ဖော်ကျူးပါတယ်။ နှလုံးသားတံတားထိုးဖို့ လိုတာပေါ့လေ။ ကျန်စစ်သားခေတ်တုန်းကတောင် သားအရင်းကို နန်းမပေးဘဲ တိုင်းရင်းသားချစ်ကြည်ရေးကို ရည်ရွယ်ပြီးတော့ မြေးဖြစ်တဲ့အလောင်းစည်သူကို နန်းပေးခဲ့တာရှိတယ်။ နှလုံးသား တံတားခင်းတာပေါ့။ ရှေးက မင်းကောင်းမင်းမြတ်တွေက ဓမ္မတရားတွေ လွှမ်းမိုးခဲ့ကြတာကိုး။ အခုလည်း နှလုံးသားတံတားခင်းကြဖို့ တိုက်တွန်းတဲ့သဘောပါ။ လတ်တလောအ ကြောင်းအရာအနေနဲ့ကတော့ YBS ကိစ္စ၊ တရားဥပဒေပိုင်းမှာဖြစ်နေတဲ့ အကြောင်းအရာတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေ ဒါတွေကိုလည်း ထောက်ပြတင်ဆက်ခဲ့ပါတယ်။

■ မေး - စွယ်စုံသံချပ်အနေနဲ့ ဆုတွေအများကြီးရခဲ့တဲ့အပေါ် ခံစားချက်ကိုလည်းပြောပြပေးပါဦး။

■ ဖြေ - စွယ်စုံပြိုင်ပွဲဝင်အသင်း ၂၀ ကျော် လောက်ရှိပါတယ်။ စွယ်စုံအသင်းတစ်သင်းဖြစ်ဖို့ အများကြီး ကြိုးစားရပါတယ်။ ပေးချင်တဲ့ မက်ဆေ့ခ်ျရဖို့ သံချပ်ကြီးပဲကောင်းလို့မရဘူး။ အပြတွေလာရတယ်။ အပြတွေကိုလည်း မငြီးငွေ့အောင် ဘယ်လိုပြကြမလဲဆိုတာ စဉ်းစားရတယ်။ အဲဒီရဲ့ အနုပညာဖန်တီးမှု အားတွေလိုအပ်တယ်။ ဆက်တင်ပိုင်းတွေ လိုအပ်တယ်။ ရုပ်လုံးရုပ်ကြွတွေ လိုအပ်တယ်။ ဒါကတော့ သမားစဉ်ပေါ့။

■ မေး - ၂၀၁၀ နောက်ပိုင်းမှာ သံချပ်တွေက တစ်ကျော့ပြန် ခေတ်စားလာတယ်။ သံချပ်တွေရဲ့ အလားအလာက ပိုကောင်းလာနိုင်တယ်လို့ ယူဆပါလားရှင့်။

■ ဖြေ - ၁၉၈၈ မတိုင်ခင်ကာလမှာတုန်းက သံချပ်တွေက ဆင်ဆာလွတ်အောင်ရေးကြတယ်။ အနုပညာဖန်တီးမှုနဲ့ လွတ်အောင်ရေးတဲ့အခါ တွေးပြီးပုံဖော်ရတဲ့၊ တွေးပြီးသဘော ပေါက်ရတဲ့ သံချပ်တွေများတယ်။ ပညာပါတယ်။ ယဉ်ကျေးတယ်။ အဲဒီကြားထဲမှာ တိုက်ရိုက်ပြောတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ သို့သော် အနုပညာဆန်ဆန် သရော်တဲ့ကလိတဲ့ ထေ့တဲ့အဖွဲ့တွေက ခေတ်စားတယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ Revolution တိုင်တဲ့ သံချပ်မျိုးတွေ ခေတ်စားလာတယ်။ အခုနောက်ပိုင်းမှာ သံချပ်တွေပြန်စတဲ့အခါ Revolution ဆန်တဲ့ သံချပ်တွေခေတ်စားပြီး အရင်က သံချပ်ပုံစံတွေ မှိန်နေသေးတာပေါ့။ အခုနောက်ပိုင်းမှာတော့ အရင်တစ်ခေတ်က သံချပ်အဖွဲ့ကြီးတွေ ပြန်ပါလာတဲ့အခါ အရင်ရသမျိုးတွေ ပြန်ပေါ်လာတာပေါ့။ သရော်တယ်၊ လှောင်ပြုံးလေးနဲ့ အကြံဥာဏ်ပေးတဲ့ သံချပ်အဖွဲ့တွေလည်း ပိုရှိလာတယ်။ ကျွန်တော်တို့ကတော့ အနုပညာဆန်ဆန်နဲ့ တင်ဆက်တာမျိုးကို ပိုကြိုက်တာပေါ့။ အပြုံးစကားနဲ့ပြောတယ်၊ အမုန်းစကားနဲ့ မပြောဘူးဆိုတာက ရန်ကုန်သံချပ်ရဲ့ ဖလော်ဆော်ဖီတစ်ခုလို့ ခံယူထားတယ်လေ။ ဒါကလည်း ဒီဘက်ခေတ်မှာ ပြန်လည်ယဉ်ပါးလာပြီလို့ ယုံကြည်ပါတယ်။

■ မေး - သင်္ကြန်ကာလတွင်းမှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း စကားလက်ဆောင်လေး ပြောပေးပါဦး။

■ ဖြေ - အခုနှစ်မှာတော့ သံချပ်အဖွဲ့တွေရဲ့ ဖျော်ဖြေနိုင်မှုကိုလည်း အရမ်းအားရသလို ပရိသတ်အားပေးမှုကိုလည်း အရမ်းကျေနပ်ရပါတယ်။ မကြာခင်မှာပဲ ၁၉၈၈ မတိုင်ခင်က သံချပ်အဖွဲ့တွေရဲ့ အောင်မြင်မှုအချိန်အခါကို ပြန်ရောက်မယ်လို့လည်း ယုံကြည်နေပါတယ်။ ပရိသတ်ကပြောလိုက်ရင် သဘောပေါက်ကြတဲ့အတွက် အတွေးအခေါ်မြင့်မားတဲ့ ပရိသတ်တွေအများကြီးနဲ့ ထိတွေ့ခွင့်ရတယ်။ ဒိုင်တွေကလည်း ပရိသတ်အားပေးမှု မပါဘဲနဲ့လည်း ဆုမပေးရဲကြပါဘူး။ ပရိသတ်မြင့်မားမှုအပေါ် ကျွန်တော်တို့ကလည်း ခပ်နိမ့်နိမ့်လုပ်လို့ မရဘူးဆိုတာ သတိတရားတစ်ခု ရပါတယ်။ ဒီနှစ်တွေမှာ မိုးလင်းပေါက်အားပေးတဲ့ ပရိသတ်တွေကိုလည်း တွေ့ရတယ်။ သံချပ်မဏ္ဍပ်တွေမှာ ပရိသတ်တွေများတဲ့အတွက်လည်း ကျေနပ်ရပါတယ်လို့ ဆိုပါရစေ။

Writer: 
■ လင်းလင်းခိုင်