သရုပ်ဆောင် နန်းဆုဦးနှင့် တွေ့ဆုံခြင်း

အနုပညာလောက အတွင်းသို့ အသစ်တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာစဉ် ကတည်းကပင် အမူအရာ ပီပြင်သူ၊ ဖက်ရှင်ကျနသူ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ် အသိအမှတ် ပြုစေခဲ့သူမှာ သရုပ်ဆောင် နန်းဆုဦးပင် ဖြစ်သည်။ ဖြတ်သန်းလာသည့် အနုပညာ ခရီးလမ်းအတွင်းတွင် မတူကွဲပြားသည့် ဇာတ်ကောင်စရိုက် အစုံအား ဆေးစက်ကျရာ အရုပ်ထင်စေခဲ့ကာ ကြိုးစားသရုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ပရိသတ်လက်ခံ အားပေးမှု အခိုင်အမာ ရရှိထားပြီဖြစ်သည့် သရုပ်ဆောင် နန်းဆုဦးသည် ယခုနှစ်ပိုင်း အတွင်းတွင် ယခင်က မြင်တွေ့ရဖူးလေ့ မရှိသည့် ဇာတ်ကောင်စရိုက်များစွာတွင် ပါဝင်ထားသူလည်း ဖြစ်သည်။ သင်္ကြန်ကာလ အတွင်းတွင် ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိ ကိုကာကိုလာ Summer Oasis Lounge အစီအစဉ်တွင် ပါဝင်ခဲ့သည့် သရုပ်ဆောင် နန်းဆုဦးနှင့် တွေ့ဆုံ၍ သင်္ကြန်ကာလအတွင်း ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများ၊ အနုပညာရေးရာ အဖြာဖြာတို့ကို မေးမြန်းဖြစ်ခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

‘ပရိသတ် အားပေးမှုနဲ့ ထိုက်တန်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ’

■ သရုပ်ဆောင် နန်းဆုဦးနှင့် တွေ့ဆုံခြင်း

မေး ■ သင်္ကြန်မှာ ကိုကာကိုလာရဲ့ အစီအစဉ်မှာ ပါဝင်ဖြစ်တဲ့ အကြောင်းလေး အရင်ပြောပြပါဦး။
ဖြေ ■ ကိုကာကိုလာက သင်္ကြန်တွင်း ပျော်ရွှင်ဖွယ် အစီအစဉ်လေးတွေ လုပ်မယ်ဆိုပြီး ကမ်းလှမ်းလာတာနဲ့ ပါဝင်ဖြစ်သွားတာပါ။ အရမ်းလည်း ပျော်စရာ ကောင်းပါတယ်။ သင်္ကြန်တွင်းမှာ နေ့လယ်ပိုင်း အနားယူအပန်းဖြေတဲ့ သူတွေအတွက်ရော ဒီအတိုင်းပဲ အပန်းဖြေချင်တဲ့ သူတွေအတွက်ပါ အစီအစဉ်တွေ အများကြီးနဲ့ ပြုလုပ်ခဲ့တာပါ။ နန်းဆုဦး ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ ပျော်စရာ ဂိမ်းအစီအစဉ်လေးတွေလည်း ပါဝင်ခွင့်ရတယ်။ လာကြတဲ့သူတွေ အများကြီးနဲ့ အရမ်းပျော်စရာ ကောင်းပါတယ်။ နန်းဆုဦးအတွက်ကတော့ တကယ့်ကို အမှတ်တရတွေ အများကြီး ပိုင်ဆိုင်ခွင့်ရတဲ့ သင်္ကြန်လို့ ပြောရမှာပါ။

မေး ■ မြန်မာနှစ်သစ် ရောက်ပြီဆိုတော့ ပရိသတ်တွေအတွက် ဆုတောင်းစကား ပြောပေးပါဦး။
ဖြေ ■ မြန်မာနှစ်သစ် ရောက်ပြီဆိုတော့ ချစ်ခင်ရတဲ့ ပရိသတ် အားလုံးလည်း ကျန်းမာရွှင်လန်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ လိုအင်ဆန္ဒအားလုံး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ မြန်မာနှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ အစစအရာရာ အဆင်ပြေကြပါစေလို့လည်း ဆုတောင်းပေးချင်ပါတယ်ရှင့်။

မေး ■ အခုနောက်ပိုင်းမှာ နန်းဆုရိုက်ကူးထားတဲ့ ဇာတ်ကားတွေမှာ နန်းဆုဦးဆိုတဲ့ ပုံစံနဲ့ လုံးဝကွဲပြားသွားတာတွေလည်း ပါတယ်နော်။ အဲဒီဇာတ်ကားတွေ ပရိသတ် ကြည့်ခွင့်ရမယ့်အချိန် အတွက်ရော စိတ်လှုပ်ရှားလား။
ဖြေ ■ စိတ်လှုပ်ရှားပါတယ်။ နန်းဆု ဒီအလုပ်ကို စလုပ်ကတည်းကလည်း တကယ်ဝါသနာပါတဲ့ အလုပ်မို့လို့ လုပ်ဖြစ်တာပါ။ ဒါကြောင့် ဇာတ်ကောင်စရိုက် အစုံကို ပီပြင်အောင် လုပ်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ စစချင်းတုန်းကတော့ နန်းဆုဦးက ခပ်ဟော့ဟော့ ပုံစံတွေပဲ ရိုက်ကူးရတာ များတယ်။ အခုနောက်ပိုင်းတော့ နန်းဆုဦးဆိုတဲ့ အပြင်က ပုံစံနဲ့ လုံးဝ ကွာခြားတဲ့ ပုံစံမျိုးတွေ ရိုက်ကူးခွင့် ရလာတယ်။ အဲဒီအတွက် အရမ်းကျေနပ်ပါတယ်။ အဲဒီလို လုံးဝကွဲပြားခြားနားသွားတဲ့ ဇာတ်ကောင်စရိုက်မျိုးတွေနဲ့ ဇာတ်ကားတွေလည်း မကြာခင် ရုံတင်ပြသဖို့တွေ ရှိနေပါတယ်။ ပရိသတ်တွေ အတွက်လည်း ထူးခြားမယ်လို့ ထင်ပါတယ်။

မေး ■ အခုချိန်ထိ ရိုက်ခဲ့ပြီးသမျှထဲမှာ မလုပ်ဖူးသေးတဲ့ ဇာတ်ကောင်စရိုက်တွေ ရှိသေးလား။ ကိုယ်နဲ့ ဘယ်လိုပုံစံတွေက ပိုပြီးလိုက်ဖက်တယ်လို့ရော ထင်လဲ။
ဖြေ ■ ဇာတ်ကောင်စရိုက်ကတော့ အခုနောက်ပိုင်း တော်တော်များများလေး စုံအောင် လုပ်ခွင့်ရလာပါပြီ။ ဘယ်ဇာတ်ရုပ်နဲ့ လိုက်တယ်ဆိုတာထက် လုပ်ခွင့်ရတဲ့ ကာရိုက်တာတိုင်းကိုတော့ ကြိုးစားပြီး သရုပ်ဆောင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဇာတ်ကားထွက်လာတဲ့ အချိန်ကျရင်တော့ နည်းနည်းအားမလိုအားမရ ဖြစ်တာတော့ အမြဲကြုံပါတယ်။ ဒီနေရာလေးမှာ ဒီလိုလေး လုပ်လိုက်မိရင် ပိုကောင်းမှာပဲ ဆိုတာမျိုးပေါ့။ အဲဒီလို ဖြစ်တဲ့ နေရာလေးတွေက အားနည်းချက်လေးတွေကို ပြန်မှတ်ပြီး နောက်ဇာတ်ကားတွေမှာ ပြင်ဆင်နိုင်အောင် ကြိုးစားပါတယ်။ ပရိသတ်တွေပြောပြတဲ့ စကားတွေ၊ ဝေဖန်မှုတွေ အားလုံးကိုလည်း သေချာလေးပြင်ဆင်ပြီး ပြောင်းလဲဖြစ်တယ်။ ဒါကြောင့် အကြံပြု စကားတွေ အမြဲတမ်းပြောပြပေးတဲ့ ပရိသတ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

မေး ■ နန်းဆုဦးရဲ့ ဖက်ရှင်တွေကလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အမြဲဖြစ်တယ်ဆိုတော့ အဲဒီအတွက်ရော သီးခြားလေ့လာတာမျိုးတွေ လုပ်ဖြစ်လား။
ဖြေ ■ ဖက်ရှင်ဆိုတာက နန်းဆုဦး ငယ်ငယ်ကတည်းက ၀ါသနာပါတာ။ ဖက်ရှင်နဲ့ ပတ်သက်တဲ့ ရုပ်သံလိုင်းတွေကိုလည်း ကြည့်ဖြစ်တယ်။ စာအုပ်တွေလည်း ဖတ်တယ်။ အခု မင်းသမီး ဖြစ်လာတဲ့ အခါကျတော့ သူ့နေရာနဲ့သူ လိုက်ဖက်တဲ့ ဖက်ရှင်လေးတွေ ဖြစ်အောင်တော့ ၀တ်ဖြစ်ပါတယ်။ အဓိကတော့ ဇာတ်ကားရိုက်တဲ့ အချိန်မှာဆိုရင် ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်မျိုးတွေပဲ ၀တ်ဖြစ်တာ များတယ်။

မေး ■ အနုပညာလောကအတွင်း ဖြတ်သန်းခဲ့တဲ့ နှစ်တွေအတွင်းမှာ လုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာ ဖြတ်သန်းမှု မှတ်တိုင်လေးတွေကို ကျေနပ်တယ်လို့ ပြောလို့ရလား။
ဖြေ ■ အတိုင်းအတာ တစ်ခုအထိတော့ ကျေနပ်ပါတယ်။ နန်းဆုဦး ၀ါသနာပါတဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်တယ် ဆိုတာကလည်း အားပေးချစ်ခင်တဲ့ ပရိသတ်တွေ ရှိလို့ပါ။ ပရိသတ် အားပေးချစ်ခင်မှုသာ မရှိရင် ဒီနေရာမှာ ဒီလိုရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးလည်း ကြိုးစားသွားပါမယ်။

မေး ■ လတ်တလော အနုပညာလှုပ်ရှားမှု ဆိုရင်ရော ဘာတွေလုပ်ဖို့ ရှိမလဲ။
ဖြေ ■ လတ်တလော အနုပညာ လှုပ်ရှားမှုကတော့ ဇာတ်ကားတွေရိုက်ဖို့ လက်ခံထားတာ ရှိတယ်။ နန်းဆုဦး ပါဝင်ထားတဲ့ ဇာတ်ကားတွေလည်း ရုံတင်ဖို့တွေ၊ ထွက်ဖို့စီစဉ်ထားတဲ့ ဗီဒီယိုဇာတ်ကားတွေ ရှိပါသေးတယ်။

မေး ■ ဂီတဘက်ကိုရော ပြန်လုပ်ဖြစ်သေးလား။
ဖြေ ■ လောလောဆယ်ကတော့ ဇာတ်ကားရိုက်တဲ့ အပိုင်းကိုပဲ ဦးစားပေးနေတာဆိုတော့ သီချင်းဘက်ကိုတော့ မလုပ်ဖြစ်သေးပါဘူး။ သီချင်းဘက် လုပ်မယ် ဆိုရင်လည်း အချိန်ပေးရမှာ ဆိုတော့လေ။ ဇာတ်ကားရိုက်တဲ့ အပိုင်းကိုပဲ ဦးစားပေးဖြစ်နေတယ်။

မေး ■ ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ်ဖို့ စိတ်ကူးရော မရှိဘူးလား။
ဖြေ ■ လောလောဆယ်တော့ သရုပ်ဆောင်တစ်ယောက် အနေနဲ့ပဲ အပြည့်အ၀ အာရုံစိုက်ဖို့ ကြိုးစားနေပါတယ်။

မေး ■ ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်လေးများ ရှိဦးမလား။
ဖြေ ■ ပရိသတ်တွေအားလုံးရဲ့ ချစ်ခြင်းမေတ္တာကြောင့်သာ နန်းဆုဦးဆိုတာ ရပ်တည်နေနိုင်တာပါ။ ဒါကြောင့် ပရိသတ်အားလုံးကို အရမ်းလည်း ချစ်သလို ကျေးဇူးအများကြီးလည်း တင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ပရိသတ်အားပေးမှုနဲ့ ထိုက်တန်တဲ့သူ တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။ လိုအပ်ချက်တွေ ရှိရင်လည်း ဝေဖန်အကြံပြုပေးကြပါလို့ ပြောချင်ပါတယ်။

Writer: 
လင်းလင်းခိုင်