တေးသံရှင် မနောနှင့် တွေ့ဆုံခြင်း

ယခင်နှစ် သင်္ကြန်ကာလတွင် မြို့ကြီးများ အနှံ့ပျံ့နှံ့ခဲ့သည့် တေးသီချင်းတစ်ပုဒ်မှာ တေးသံရှင် မနော၏ ‘မိချော’ ဟု အမည်ပေးထားသည့် တေးသီချင်းပင် ဖြစ်သည်။ ထို့နောက် တစ်နှစ်တာအတွင်း အလှူပွဲ ကထိန်ပွဲများတွင် ဆက်လက်ပျံ့နှံ့ အောင်မြင်ခဲ့သည့် တေးသီချင်းမှာ တေးသံရှင်မနော၏ ‘ဗိုလ်အောင်ဒင်လို လူကြမ်း’ သီချင်းပင်ဖြစ်သည်။ အော်လ်တာနေးတစ် ဂီတဟန်ပန် တေးသီချင်းများဖြင့် ဂီတလောကအတွင်း စတင်ဝင်ရောက်ခဲ့သော်လည်း မြန်မာသံစဉ် တေးသီချင်းများဖြင့် ပရိသတ်လက်ခံ အားပေးမှု ရရှိခဲ့သူ တေးသံရှင်မနောမှာ ပြီးခဲ့သည့် လအနည်းငယ်အတွင်းက နယ်မြို့တစ်မြို့၌ ပြုလုပ်သည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ဝေဖန်မှုအချို့ ကြုံတွေ့ခဲ့ရသည့်အပြင် လတ်တလောတွင်လည်း ‘ဗိုလ်အောင်ဒင်လို လူကြမ်း’ တေးသီချင်းပါ ဗိုလ်အောင်ဒင်အမည်အား အသုံးပြုမှုနှင့် ပတ်သက်၍ ဂီတအစည်းအရုံးတွင် ဖြေရှင်းပေးနိုင်ရန် စာပို့ထားခြင်း ခံရသူဖြစ်သည်။ တေးသံရှင်မနောနှင့် တွေ့ဆုံဖြစ်သည့်အခိုက် ဗိုလ်အောင်ဒင်တေးသီချင်းနှင့် ပတ်သက်၍ ပြောကြားလိုသည်များ၊ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွက် ပြင်ဆင်ထားသည်များ၊ ဆက်လက်လုပ်ဆောင်သွားမည့် အနုပညာ လုပ်ငန်းများ အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး ■ လတ်တလောမှာ ဗိုလ်အောင်ဒင် သီချင်းနဲ့ ပတ်သက်လို့ ဂီတအစည်းအရုံးကို မူပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး စာပို့ထားတာ ရှိတယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်လို့ ဘာများ ပြောချင်တာများ ရှိမလဲရှင့်။
ဖြေ ■ လောလောဆယ်ကတော့လေ ကျွန်တော်တို့ဆီလည်း ဂီတအစည်းအရုံးဘက်က ဘာမှ အကြောင်းမကြားသေးဘူးဆိုတော့ ကျွန်တော်လည်း အကြောင်းစုံကို သေချာ မသိရသေးဘူး။ အဲဒီတော့ ဘာဖြစ်တယ် ဆိုတာလည်း သေချာပြောလို့ မရဘူးပေါ့လေ။ ဒါကြောင့် ဘာမှတော့ ပြောချင်တာ မရှိပါဘူး။ အကြောင်းစုံသိရမှပဲ ပြောလို့ရမှာပေါ့နော်။

မေး ■ ဒီသီချင်းကို ဖန်တီးသီဆိုခဲ့စဉ်တုန်းက ခံစားမှုနဲ့ အောင်မြင်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည် ဆိုတာကိုရော သိခဲ့တာမျိုး ရှိမလား။
ဖြေ ■ ဒီသီချင်းက ကျွန်တော်ရေးတာ မဟုတ်ပါဘူး။ ကိုသဟာအောင် ရေးတာပါ။ သူရေးတာကလည်း ခိုင်းနှိုင်းပြီး ရေးဖွဲ့တဲ့ သဘောပါ။ ကျွန်တော်သိရသလောက်တော့ အဲဒီလို သဘောမျိုးပါ။ တချို့ဆိုလည်း ဗျတ္တလို ပန်းဆက်သမား ဆိုပြီး ခိုင်းနှိုင်းတာမျိုး ရှိတယ်လေ။ ဒီသီချင်းကလည်း နာမည်ကိုက ဗိုလ်အောင်ဒင်လို လူကြမ်းဆိုတော့ ဒါက ခိုင်းနှိုင်းပြီး ရေးဖွဲ့တဲ့ သဘောပါ။ ဒါကို ကျွန်တော်က ဆိုတယ်ပေါ့နော်။ ဗိုလ်အောင်ဒင်ဆိုတဲ့ နာမည်ကို အလွဲသုံးတာတော့လည်း မဟုတ်ပါဘူး။ ဒီနာမည်ကိုသုံးပြီး စီးပွားရှာတာမျိုးလည်း မဟုတ်ဘူးလေ။ ကျွန်တော်တို့ ဂီတလောက၊ အနုပညာလောကမှာ ဒီလိုထင်ရှားတဲ့ အကြောင်းအရာတွေကို စံနမူနာတစ်ခု အနေနဲ့ ယူပြီး ဖန်တီးကြတာမျိုးတွေလည်း ရှိပါတယ်။ ဒီသီချင်းကလည်း ဒီသဘောမျိုးပါပဲ။ ကျန်တာကတော့ ထွေလီကာလီ မတွေ့ရပါဘူး။

မေး ■ ကိုမနောကို ပရိသတ်အားပေးမှု အများကြီး ရထားတယ်။ ဒါပေမဲ့ မကြာခင်ကလည်း မြို့တစ်မြို့မှာ ပရိသတ် အထင်လွဲစရာ အခြေအနေတစ်ခု ကြုံခဲ့သလို အခုလည်း ဖြေရှင်းရမယ့် အကြောင်းတစ်ခု ဖြစ်လာတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ ■ ဒါမျိုးကတော့ စဉ်းစားစရာက ပြဿနာတစ်ခု ဖြစ်လာပြီဆိုရင် ကိုယ်အသုံးမကျလို့လား၊ တစ်ဖက်သူက အားနည်းတာလား ဆိုတာကို ပြန်စဉ်းစားရတာပေါ့နော်။ အခု ကြုံရတဲ့ ကိစ္စတွေမှာတော့ ကျွန်တော့်ဘက်ကလည်း တခြားသူ နစ်နာအောင် လုပ်ထားတာမျိုး မရှိဘူး။ တခြားသူအပေါ် စိတ်ဓာတ်မကောင်းလိုက်တာမျိုး မရှိတဲ့အတွက် ခံစားမှုက ဘာမှမရှိပါဘူး။ ကိုယ့်ဘက်ကလာတဲ့ ဂယက် မဟုတ်တဲ့အတွက် တခြားဘာမှ ထွေထွေထူးထူး မခံစားရပါဘူး။ စိတ်ထဲမှာလည်း သိပ်မထားဘူး။

မေး ■ မနှစ်တုန်းက သင်္ကြန်မှာ ကိုမနောရဲ့ မိချောသီချင်းက အရမ်းပေါက်ခဲ့တယ်နော်။ ဒီနှစ်သင်္ကြန်ကရော ကိုမနောသီချင်းတွေနဲ့ သင်္ကြန်ဖြစ်လာမယ်လို့ ပြောလို့ရမလား။
ဖြေ ■ အဲဒီလိုတော့ ပြောလို့ မရပါဘူးခင်ဗျာ။ သင်္ကြန် ဆိုတာမျိုးက အားလုံးလည်း ပျော်ကြတဲ့ အချိန်၊ စိတ်လွတ်ကိုယ်လွတ် ပျော်ကြတဲ့ အချိန်ဆိုတော့ မြူးကြွတဲ့ သီချင်းလေးတွေ အားလုံးလိုက်ဖက်ပါတယ်။ မနှစ်တုန်းကလည်း မိချောသီချင်းလေး ပေါက်ခဲ့တယ်ဆိုတာက သင်္ကြန်ချိန်ခါနဲ့ လိုက်ဖက်တဲ့ သီချင်းလေးဖြစ်လို့ ထင်ပါတယ်။ အခုနှစ်မှာလည်း ကျွန်တော့်သီချင်းမှ မဟုတ်ပါဘူး။ မြူးကြွတဲ့ ပျော်ရွှင်စေတဲ့ သီချင်းတွေ အားလုံးနဲ့ သင်္ကြန်ချိန်ခါကတော့ လိုက်ဖက်တယ်လို့ ထင်ပါတယ်။

မေး ■ သင်္ကြန်ကိုရော ဘယ်မှာဖျော်ဖြေဖို့ စီစဉ်ထားလဲ။
ဖြေ ■ သင်္ကြန်ကတော့ ဖျော်ဖြေဖို့က နားထားပါတယ်။ မိသားစုနဲ့ ခရီးထွက်မယ်။ မိသားစုနဲ့ လည်မယ်လို့ စီစဉ်ထားတယ်။ ဒီသင်္ကြန်ကိုတော့ မိသားစုကိုပဲ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး ■ သင်္ကြန်အပြီးမှာရော အနုပညာအလုပ်တွေ ဘာတွေလုပ်ဖြစ်ဖို့ ရှိမလဲ။
ဖြေ ■ သင်္ကြန်အပြီးမှာ တစ်ကိုယ်တော် တေးစီးရီးသစ်တစ်ခွေ ထွက်ဖို့ လုပ်နေပါတယ်။ “ချမ်းမြေ့ပါစေ အမေ” ဆိုတဲ့ စီးရီးရဲ့ ဗွီစီဒီလေး ထွက်ဖို့လည်း ပြင်ဆင်နေပါတယ်။ ဖျော်ဖြေပွဲလေးတွေလည်း ဆိုဖို့ လက်ခံထားတာတွေ ရှိပါတယ်။

မေး ■ အသစ်ထွက်ရှိမယ့် စီးရီးကရော မြန်မာသံစဉ်ပဲလား။
ဖြေ ■ အသစ်ထွက်မယ့် စီးရီးကတော့ စတီရီယိုပါ။

မေး ■ ကိုမနော အရင်ကဆိုရင် အော်လ်တာဂီတဆန်တဲ့ သီချင်းပုံစံလေးတွေ အဆိုများတယ်။ အခုနောက်ပိုင်းရော ဘယ်လိုဂီတပုံစံတွေ ဆိုဖြစ်မလဲ။
ဖြေ ■ ကျွန်တော်ကတော့ တစ်ခွေနဲ့ တစ်ခွေကို မတူတဲ့ ဂီတပုံစံလေးတွေ ဆိုချင်တယ်။ ဒါကြောင့် အခွေသစ်အတွက် စီစဉ်ရာမှာ တေးရေးလည်း မတူသလို ဆိုတဲ့ သီချင်းပုံစံတွေလည်း မတူပါဘူး။ အကြောင်းအရာပိုင်းလည်း ကွဲပြားအောင် စဉ်းစားပါတယ်။ အဓိကတော့ ပရိသတ်အတွက် တစ်ခွေနဲ့ တစ်ခွေ မတူညီတဲ့ ဂီတရသကို ခံစားနိုင်စေဖို့ပါ။ နောက်ပိုင်း ဆက်လုပ်ဖြစ်မှာကတော့ စတီရီယိုလိုင်းပဲ လုပ်ဖြစ်ပါမယ်။ မြန်မာသံစဉ်ပိုင်းကိုတော့ နည်းနည်းလောက်ပဲ လုပ်မယ်လို့ စိတ်ကူးထားတယ်။

Writer: 
လင်းလင်းခိုင်