တေးသံရှင်တင်ဇာမော်နှင့် တွေ့ဆုံခြင်း

တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာလျက်ရှိသည့် သီချင်းဆိုပြိုင်ပွဲများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပရိသတ် စိတ်ဝင်စားမှုများပြားသည့် သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ Myanmar Idol သီချင်းဆိုပြိုင်ပွဲဖြစ်သည်။ မကြာခင်က ကျင်းပပြီးစီးသွားခဲ့သည့် Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တစ်ဦးချင်းစီ အပေါ်၌ ပရိသတ်အားပေးမှု များပြားခဲ့သည့်အပြင် အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်ခဲ့သူများကိုလည်း တစ်ဦးချင်းစီ၏ ဝေဖန်အကြံပေးစကားများအပေါ် ပရိသတ် အားပေးနှစ်သက်မှု များပြားခဲ့သည်။ Myanmar Idol Season 2 ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ တေးသံရှင်တင်ဇာမော်သည် ပြိုင်ပွဲကာလတစ်လျှောက်လုံးတွင် ပြိုင်ပွဲဝင်များအတွက် ထိရောက်သည့် အကြံပေးစကားများအား စာနာမှုနှလုံးသားဖြင့် ပြောကြားတတ်သူတစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြု အားပေးမှုကို ရရှိခဲ့သူဖြစ်သည်။ တေးသံရှင်တင်ဇာမော်သည် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ  4 TV မဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားကာ သင်္ကြန်ကာလအပြီးတွင် ယခင်နှစ်ကပြုလုပ်ခဲ့သည့် တစ်ကိုယ်တော်ပွဲများအား တေးအယ်လ်ဘမ်အဖြစ် ပြန်လည်ထုတ်ဝေနိုင်ရန် ပြင်ဆင်လျက်ရှိသည်။ မေလကုန်တွင် မိသားစုများရှိရာ အင်္ဂလန်နိုင်ငံသို့ ပြန်ရန်စီစဉ်ထားသူ တေးသံရှင်တင်ဇာမော်နှင့်တွေ့ဆုံ၍ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည့် အတွေ့အကြုံများ၊ သင်္ကြန်ဖျော်ဖြေရေး အစီအစဉ်နှင့် မြန်မာနှစ်သစ်အတွက် ဆုတောင်းစကားများ အပါအ၀င် သိလိုသည်များကို မေးမြန်းဖြစ်ခဲ့ပါသည် . . .

မေး - မကြာခင်ရောက်ရှိတော့မယ့် သင်္ကြန်ကာလအတွက် ဖျော်ဖြေရေးအပိုင်းကို ပြင်ဆင်ထားတာလေး အရင်သိချင်ပါတယ်။

■ ဖြေ - အခုနှစ်သင်္ကြန်ကတော့ ရန်ကုန်က MRTV 4 မဏ္ဍပ်မှာ ဖျော်ဖြေမှာပါ။ လောလောဆယ်တော့ သီချင်းတွေရွေးနေတယ်။ သီချင်းအသစ်လေးတွေလည်း ဆိုချင်တယ်။ ဒါပေမဲ့ သီချင်းအသစ်တွေနဲ့က သင်္ကြန်နဲ့ လိုက်ပါ့မလား ဆိုပြီးတော့လည်း ပြန်တွေးရပါတယ်။ လောလောဆယ်တော့ သီချင်းရွေးပြီး ပြင်ဆင်နေတာပါပဲ။

မေး - သင်္ကြန်မှာ ရန်ကုန်ကပရိသတ်တွေနဲ့ တွေ့ဆုံဖျော်ဖြေရမယ့်အပြင် ရုပ်သံအစီအစဉ် ကတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေလည်း ကြည့်ခွင့်ရမယ်ဆိုတော့ အဲဒီအတွက် ခံစားမှုကိုလည်း သိချင်ပါတယ်။

■ ဖြေ - အစ်မကတော့ အရမ်းပျော်တာပေါ့နော်။ ဒီလိုလွှင့်ပေးခြင်းအားဖြင့် အိမ်မှာနေရင်း အပန်းဖြေချင်တဲ့ သူတွေလည်း ပျော်ရတာပေါ့နော်။ သင်္ကြန်မှာ အစ်မတို့ဖျော်ဖြေမယ့် မဏ္ဍပ်အထိ လာအားပေးကြမယ့် ပရိသတ်တွေအတွက်လည်း အတူတူပျော်လို့ရသလို နေပူမှာကြောက်လို့ဖြစ်ဖြစ်၊ အခြေအနေ အကြောင်းကြောင်းကြောင့်ဖြစ်ဖြစ် အိမ်မှာပဲနေမယ့်သူအတွက်ကလည်း အပန်းပြေဖို့ အစ်မသီချင်းတွေ အကောင်းဆုံး တင်ဆက်သွားမှာပါ။

မေး - အခုနှစ် အတာသင်္ကြန်အတွက် နှစ်သစ်ဆုတောင်း စကားလေးလည်း ပြောပေးပါဦး။

■ ဖြေ - အားလုံးပဲ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။ မကောင်းသောအရာတွေ အားလုံးလည်း လွင့်စဉ်ပပျောက်ပါစေ။ ကောင်းသောအကြံအစည်မှန်သမျှ အောင်မြင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

မေး - မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာကို ပရိသတ်တွေအားလုံးက ကျေနပ်ခဲ့ကြတယ်။ ပြိုင်ပွဲဝင် အားလုံးအတွက် စာနာမှုအပြည့်နဲ့ ပြောကြားပေးသလို လမ်းညွှန်မှုတွေ အမြဲဝေငှပေးတဲ့ အပေါ်မှာလည်း ကျေနပ်ကြတယ်။ ဒီပြိုင်ပွဲအပေါ် ကိုယ်တိုင်ကျေနပ်မှုကိုလည်း ပြောပြပါဦး။

■ ဖြေ - အရမ်းကျေနပ်ပါတယ်။ ဂီတကို ၀ါသနာပါရူးသွပ်ပြီး အရည်အချင်းရှိတဲ့ မျိုးဆက်သစ်လေးတွေ ထွက်ပေါ်လာဖို့ တတ်နိုင်သလောက် ပါဝင်ဆောင်ရွက် ခွင့်ရခဲ့တာဖြစ်လို့ ကျေနပ်ပါတယ်။

မေး - Myanmar Idol ပြိုင်ပွဲရော ပြိုင်ပွဲဝင်တွေအတွက်ပါ ပြောချင်တဲ့စကားရှိဦးမလား။

■ ဖြေ - ကလေးတွေ အားလုံးကတော့ သီချင်းဆိုချင်လို့၊ ၀ါသနာပါလို့ ဆိုကြတာပေါ့။ ဒီလိုပွဲမျိုးမှာ ဆုရသည်ဖြစ်စေ၊ ဆုမရသည်ဖြစ်စေ ကိုယ်ဝါသနာပါတဲ့ သီချင်းဆိုချင်တဲ့အလုပ်ကို သေချာလေ့လာဆည်းပူးပြီး ကြိုးစားနေဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။

မေး - ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ သူ့ပရိသတ်၊ ကိုယ့်ပရိသတ် အငြင်းပွားတာမျိုးတွေက အခုထိရှိနေကြတုန်းပဲ ဆိုတာတွေ့ရတယ်။ အဲဒီအပေါ်မှာရော အစ်မအနေနဲ့ ဘာများပြောချင်ပါသေးလဲ။

■ ဖြေ - ဒီလိုဖြစ်ကြတယ်ဆိုတာက ကိုယ်အားပေးချစ်ခင်တဲ့ ပြိုင်ပွဲဝင်အတွက် ဖြစ်တာပေါ့လေ။ ချစ်လို့ဖြစ်ကြတယ်လို့ မြင်ပါတယ်။ ချစ်လို့ဖြစ်ကြတဲ့ ကိစ္စအပေါ်မှာ အတတ်နိုင်ဆုံး မေတ္တာတရားနဲ့ ဖြေရှင်းကြရင်တော့ အကောင်းဆုံးပဲလို့တော့ ပြောချင်ပါတယ်။

မေး - မမကိုယ်တိုင်ကလည်း ပြိုင်ပွဲကနေ ဂီတလောကထဲ ရောက်လာတယ်။ အခု Myanmar Idol မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခွင့်ရတဲ့ အခြေအနေအထိ ရောက်လာပြီပေါ့နော်။ ဒီတော့ သီချင်းဆိုပြိုင်ပွဲတွေရဲ့ ပြောင်းလဲလာတဲ့ အနေအထားတွေကိုရော ဘယ်လိုသုံးသပ်ချင်လဲ။

■ ဖြေ - အစ်မတုန်းကတော့ ပြိုင်ပွဲဆိုတာ ဒိုင်လေးယောက်ကကြည့်ပြီး ဆုံးဖြတ်ပေးခဲ့တာလေ။ လာကြည့်တဲ့ ပရိသတ်ကလည်း အလွန်ဆုံးမှ ၃၀၀၊ ၄၀၀ ပေါ့၊  အများကြီးကို သေးငယ်ပါတယ်။ အခုကတော့ မြန်မာတစ်နိုင်ငံလုံးတင်မကဘူး။ တစ်ကမ္ဘာလုံးက မြန်မာပရိသတ်တွေအားပေးတဲ့၊ ပါဝင်ပတ်သက်ခွင့်ရှိတဲ့ပွဲပေါ့။ ဒီပြိုင်ပွဲကတော့ ဆန်ခါတင် ၁၀ ယောက်အထိပဲ အကဲဖြတ်ဒိုင်တွေက ပါဝင်ပတ်သက်ခွင့်ရှိတယ်။ ၁၀ ယောက်ကိုကျတော့ ပရိသတ်တွေအားလုံးကပဲ ပါဝင်ပတ်သက်ပြီး ရွေးချယ်ခွင့်ရတာဖြစ်လို့ ပိုပြီးကျယ်ပြန့်သွားပါပြီ။ ရလဒ်တွေကလည်း ပိုပြီးတော့ကြီးမားကြပါတယ်။ တစ်ခုသွားတူတာကတော့ နည်းတာနဲ့များတာပဲကွာမယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် ကွာပြီးမပျော်တာတွေ၊ ပြဿနာတက်ကြတာတွေက အစ်မတို့တုန်းကလည်း ရှိခဲ့ပါတယ်။ ဒါက သဘာဝတရားလို့ ထင်ပါတယ်။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတတ်ကြပါဘူး။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတရားလို့ မြင်ပါတယ်။ ပရိသတ်အများကြီးက ပါဝင်ပတ်သက်ခွင့် ရှိနေတဲ့အခါကျတော့ ဒီလိုအမြင်မတူတာတွေက ပိုပြီးသိသာ ထင်ရှားလာတာပေါ့လေ။

မေး - နောက်ထပ် Myanmar Idol Season 3 မှာ ပါဝင်ဖို့ ကမ်းလှမ်းမယ်ဆိုရင်ရော ပါဝင်ဖြစ်မလား။

■ ဖြေ - အဲဒါကတော့ တကယ်တမ်း ကမ်းလှမ်းလာတဲ့ အချိန်ကျမှပဲ အစ်မစိတ်က အဲဒီအချိန်ဘယ်လို ဖြစ်လာမယ်ဆိုတာ မသိသေးဘူး။

မေး - မကြာခင်ကထွက်ခဲ့တဲ့ 7 တေးစီးရီးသစ်ကို ပရိသတ်ကလည်း ကြိုက်ကြတဲ့အပေါ်မှာ ကျေနပ်မှုရှိလား။

■ ဖြေ - ကျေနပ်တယ်။ အစ်မဒီအခွေမှာ စိတ်ကြိုက် သီချင်းလေးတွေ ရွေးပြီးဆိုတယ်။ ပြီးတော့ အဲဒါလေးကို ထုတ်လိုက်နိုင်တယ်။ ပရိသတ်တွေကလည်း နားထောင်တဲ့အခါကျတော့ ၁၀ ပုဒ်လုံးကို ကြိုက်ချင်မှတော့ ကြိုက်မယ်ပေါ့လေ။ ခြောက်ပုဒ်ကြိုက်တဲ့သူလည်းရှိမယ်၊ လေးပုဒ်ကြိုက်တဲ့ သူလည်းရှိမယ်။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။

မေး - ဒီအခွေရဲ့ အမ်တီဗွီခွေကိုရော ထွက်ဖြစ်မလား။

■ ဖြေ - ထွက်ဖြစ်ဖို့အတွက် အစ်မကြိုးစားပါမယ်။

မေး - မိသားစုနဲ့ ခွဲနေရတာကြာပြီဆိုတော့ လွမ်းနေပြီလား။

■ ဖြေ - အစ်မတော့ မေလကုန်လောက် မိသားစုဆီပြန်မယ်။ ခဏတော့ မိသားစုနဲ့ အေးအေးဆေးဆေး အနားယူဦးမယ်လေ။ ပြီးမှပဲ ဒီကိုပြန်လာပြီး လုပ်စရာရှိတဲ့ အလုပ်တွေ ပြန်လာလုပ်ပါမယ်။ ပရိသတ်တွေကတော့ လွမ်းနေမှာပေါ့လေ။ အစ်မကလည်း ပရိသတ်တွေကို လွမ်းနေမှာပါ။

မေး - မေလကုန် မပြန်ခင်မှာ အနုပညာလုပ်ငန်းတွေ ဘာတွေထပ်လုပ် ဖြစ်ဦးမလဲ။ တစ်ကိုယ်တော်ပွဲရော ထပ်လုပ်ဖြစ်မလား။

■ ဖြေ - တစ်ကိုယ်တော်ပွဲက အစီအစဉ်တော့ရှိတယ်။ သေချာမှပဲ သတင်းထုတ်ပြန်ပါမယ်။ တခြားအနုပညာအလုပ်တော့ မရှိသေးပါဘူး။ မနှစ်က Live Show အခွေလေးအပြီးသတ် လုပ်သွားဖို့ပဲ ရှိပါတယ်။

Writer: 
■ လင်းလင်းခိုင်