စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း

သင်္ကြန်ကာလသို့ ရောက်ရှိခါနီးတွင် လူငယ်အများစု ဆင်နွှဲလေ့ရှိသည့် ဂီတဖျော်ဖြေပွဲများအနက် တစ်ပွဲမှာ စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ရှိုးပင် ဖြစ်သည်။ နှစ်စဉ် ဧပြီလ ၁၀ ရက်ရောက်တိုင်း ကျင်းပလေ့ရှိသည့် စိုင်းစိုင်း၏ မွေးနေ့ဖျော်ဖြေပွဲများမှာ လူငယ်ပရိသတ် စိတ်ဝင်စားအားပေးမှု အများအပြား ခံယူရဆဲဖြစ်သည့် ဂီတဖျော်ဖြေပွဲ တစ်ခုလည်းဖြစ်သည်။ မွေးနေ့ဖျော်ဖြေပွဲများအား ၁၀ နှစ်ကျော်ကြာ ကျင်းပလာခဲ့ရာ၌ ယခုနှစ် မွေးနေ့ဖျော်ဖြေပွဲအား မန္တလေးမြို့တွင် ကျင်းပရန်စီစဉ်ထားကာ မန္တလေးမြို့၏ နာမည်ကျော် မြို့မတီးဝိုင်းဖြင့်လည်း တွဲဖက်တင်ဆက်ရန် စီစဉ်ထားသူ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်သည် ဧပြီလ ၂ ရက် တွင်လည်း ၎င်း၏ ကိုယ်ပိုင်အမှတ်တံဆိပ် SAI Cosmetix မှာ ကုန်ပစ္စည်းအသစ်များအား မိတ်ဆက်ခဲ့ရာ ပရိသတ်အများအပြား ၀ယ်ယူအားပေးခဲ့ကြပြန်သည်။ သရုပ်ဆောင် တေးသံရှင်စာရေးသူ အဖြစ်သာမက အလှကုန် လုပ်ငန်းရှင်တစ်ဦးအဖြစ်ပါ အောင်မြင်မှုရရှိထားသူ စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံ၍ မွေးနေ့ရှိုးအတွက် ပြင်ဆင်ထားမှုများ၊ ရှေ့ဆက်လျှောက်လှမ်းသွားမည့် အနုပညာခရီးလမ်းအကြောင်းနှင့် အသစ်ထပ်မံ မိတ်ဆက်လိုက်သည့် ကုန်ပစ္စည်းအသစ်များအကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - မွေးနေ့ရှိုးကို အခုနှစ် မန္တလေးမှာလုပ်ဖို့ ရွေးချယ်ဖြစ်တဲ့အကြောင်း အရင်ပြောပြပါဦး။

■ ဖြေ - ကျွန်တော့်ရဲ့ နှစ်စဉ်မွေးနေ့တိုင်းမှာ ပရိသတ်တွေနဲ့ အတူတူဖြတ်သန်းခဲ့တာ အခုနှစ်ဆိုရင် ၁၀ နှစ်ကျော်ကာလရှိခဲ့ပါပြီ။ ဒီနှစ်မှာလည်း ပရိသတ်တွေနဲ့အတူတူ မွေးနေ့ရှိုးလုပ်ဖို့ စဉ်းစားရာမှာ မန္တလေးက ပရိသတ်တွေက မန္တလေးမှာပွဲလုပ်ဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ ကျွန်တော့် မွေးနေ့ရှိုးကို လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၂ တုန်းက မန္တလေးမှာ သွားလုပ်ခဲ့ဖူးပြီး လေပြင်းတွေကျ၊ မိုးတွေရွာလာခဲ့တာကြောင့် ပွဲတစ်ဝက်နဲ့ ရပ်ခဲ့ရဖူးပါတယ်။ အဲဒီပွဲရဲ့ မကျေပွဲအနေနဲ့ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးမှာ ပွဲထပ်လုပ်ချင်ပါတယ်။ ရန်ကုန်မှာလည်း ဆက်တိုက်လုပ်လာခဲ့တယ်။ ကြားထဲမှာလည်း ပွဲတွေဆိုခဲ့တာရှိတဲ့အတွက် ဒီနှစ်မွေးနေ့ကိုတော့ မန္တလေးမှာ လုပ်မယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။

■ မေး - မန္တလေးမှာ လုပ်မယ့်ပွဲကို မန္တလေးမြို့နဲ့ ခွဲလို့မရတဲ့ မြို့မတီးဝိုင်းအဖွဲ့က ပါဝင်တီးခတ်ဖို့ ဆုံးဖြတ်လိုက်တာကရော။

■ ဖြေ - မြို့မတီးဝိုင်းနဲ့ သီချင်းတွဲဖက် သီဆိုဖို့ဆိုတာက ကျွန်တော်ငယ်ငယ်ကတည်းကလည်း စိတ်ကူးယဉ်ခဲ့ ဖူးပါတယ်။ အခုတစ်ခေါက် မန္တလေးမှာ လုပ်မယ့်ပွဲမှာတော့ မြို့မတီးဝိုင်းနဲ့ တွဲဖက်ပြီး ကျွန်တော့်ရဲ့ တချို့သီချင်းတွေကို ဆိုချင်ပါတယ်လို့ သွားရောက်တွေ့ဆုံ ပြောပြတဲ့အခါ မြို့မတီးဝိုင်းကလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော်ကိုယ်တိုင်လည်း အရမ်းပဲစိတ်လှုပ်ရှားနေပါတယ်။ မန္တလေးမြို့ရဲ့ ကျက်သရေဆောင် မြို့မတီးဝိုင်းနဲ့ တွဲဖက်ပြီး ကျွန်တော့်ရဲ့ ဘယ်လိုသီချင်းမျိုးတွေနဲ့ ဖျော်ဖြေရမယ်ဆိုတာကို သေချာပြင်ဆင်ရွေးချယ်ပြီး အကောင်းဆုံး ကြိုးစားတင်ဆက်သွားမှာပါ။

■ မေး - မန္တလေးမှာလုပ်မယ့် မွေးနေ့ရှိုးအတွက် တင်ဆက်ပုံတွေကိုရော စဉ်းစားထားပြီးပြီလား။

■ ဖြေ - ဖျော်ဖြေပွဲမှာ တင်ဆက်မယ့် ပုံစံအသေးစိတ်ကတော့ ပွဲလာကြည့်တဲ့အခါမှပဲ ပရိသတ်တွေ စိတ်လှုပ်ရှားစေချင်တာကြောင့် ကြိုတင်ပြောမပြ ထားချင်ပါဘူး။ ဒီနှစ်မွေးနေ့မှာ ကျွန်တော်နဲ့အတူ ငယ်ငယ်ကတည်းက လက်တွဲခဲ့တဲ့ သူငယ်ချင်းအနုပညာရှင်တွေ ပါဝင်မှာဖြစ်သလို ဂီတလမ်းကြောင်းပေါ်မှာ အတူတွဲဖက် ဖန်တီးဖြစ်နေတဲ့ မိတ်ဆွေတွေနဲ့လည်း တွဲဖက်သီဆိုမှုတွေ ပါဝင်ပါမယ်။ ကျွန်တော်ထွက်ရှိထားတဲ့ ချောကလက်ရောင် ရေခဲအိပ်မက်အခွေကနေ နောက်ဆုံးထွက်ထားတဲ့ Will You Marry Me အထိ သီချင်းတွေထဲက ရွေးချယ်သီဆိုသွားပါမယ်။ ကျွန်တော်က ပွဲတစ်ပွဲရဲ့ တင်ဆက်ချိန်ဟာ လေးနာရီလောက် အတွင်းဖြစ်မယ်ဆိုရင် ပရိသတ်တွေအတွက် သင့်တော်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အချိန်လေးနာရီအတွင်း တင်ဆက်ဖို့အတွက် သီချင်း ၃၆ ပုဒ်ကနေ ၄၆ ပုဒ်ကြားထဲကို ပြင်ဆင်ထားပါတယ်။ ကြိုတင်လေ့ကျင့်မှုတွေ အများကြီးကိုလည်း လုပ်သွားမှာပါ။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ ဒီဂျေတီး ခတ်မှုနဲ့ တွဲဖက်သီဆိုမှုတွေ ပါဝင်သလို Dream Lover တီးဝိုင်းနဲ့တွဲပြီး သီဆိုမှုတွေလည်း ပါဝင်ပါတယ်။ မြို့မတီးဝိုင်းနဲ့လည်း ကြိုးစားတင်ဆက်မှာဖြစ်လို့ ပရိသတ်တွေအတွက် မတူကွဲပြားတဲ့ ရသပေါင်းစုံ ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။

■ မေး - မွေးနေ့ရှိုးတွေကို ပရိသတ်တွေကလည်း နှစ်တိုင်းကျင်းပစေချင်ကြတယ်။ ကျင်းပတိုင်းမှာလည်း အရမ်းအောင်မြင်တဲ့အပေါ် ဘယ်လိုခံစားရလဲ။

■ ဖြေ - ကျွန်တော့်အတွက်တော့ အကြီးမားဆုံးဆုလာဘ်ပါ။ မွေးနေ့မှာ ကျွန်တော့်ကိုချစ်တဲ့ အားပေးတဲ့ ပရိသတ်တွေအများကြီးနဲ့ တွေ့ဆုံခွင့်ရတယ်။ မွေးနေ့အတူ တူဖြတ်သန်းခွင့်ရတယ်။ ကျွန်တော်ဝါသနာပါတဲ့ သီချင်းတွေ အများကြီးဆိုပြခွင့်ရတယ်။ ဒါက ကျွန်တော့်အတွက် တန်ဖိုးဖြတ်လို့မရတဲ့ မွေးနေ့လက်ဆောင်ပါပဲ။ ကျွန်တော်အမှန်တိုင်း ပြောရရင် အသက် ၁၀၀ အထိ ရှည်မယ်ဆိုရင်လည်း အဲဒီအချိန်တိုင်အောင် အခုလို သီချင်းတွေ ဆိုချင်တာပါပဲ။ ဒါပေမဲ့ ဘာမှကြိုတွေး ကြိုပြောလို့မရတဲ့ လူ့ဘ၀မှာတော့ တစ်နှစ်တာချင်း ရောက်ရှိလာတဲ့ မွေးနေ့တိုင်းမှာ အကောင်းဆုံး ကြိုးစားဖြတ်သန်းတယ်။ ပရိသတ်တွေက ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော့်အတွက် ခွန်အားတွေအများကြီး ဖြစ်စေပါတယ်။

■ မေး - SAI Cosmetix အနေနဲ့လည်း ကုန်ပစ္စည်းအသစ်တွေ အများကြီး ထပ်မိတ်ဆက်နိုင်ခဲ့တဲ့အပေါ် ခံစားချက်ကို ပြောပြပါဦး။

■ ဖြေ - ကျွန်တော်ဒီလုပ်ငန်း စတင်လုပ်ကိုင်ကတည်းက ကျွန်တော့်ကို အစစအရာရာ ကူညီပံ့ပိုးပေးတဲ့ ကျွန်တော့်အဖွဲ့ရှိပါတယ်။ သူတို့ကြောင့်လည်း ကျွန်တော်အခုလို လုပ်ကိုင်နိုင်တာပါ။ SAI Cosmetix အနေနဲ့ကတော့ ကုန်ပစ္စည်းသစ်တွေ ထုတ်လုပ်ဖြန့်ချိဖို့အတွက် အစကတည်းက ပြင်ဆင်ထားပြီးသားပါ။ ဘယ်အချိန်မှာ ဘာကိုမိတ်ဆက် ဖြန့်ချိပေးသွားမလဲဆိုတာကို သေချာပြင်ဆင်ပြီး မိတ်ဆက်ခဲ့တာပါ။ ရန်ကုန်မှာ ပွဲလုပ်ဖြစ်တာကတော့ မွေးနေ့ရှိုးကလည်း မန္တလေးမှာလုပ်မှာဆိုတော့ ရန်ကုန်ပရိသတ်တွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက်ပါ။

■ မေး - သီချင်းခွေသစ်ကိုရော ဘယ်တော့လောက် နားဆင်ခွင့်ရမလဲ။

■ ဖြေ - ကျွန်တော်ကတော့ တတ်နိုင်သလောက် အမြန်ဆုံးထွက်ချင်ပါတယ်။ အဲဒီအတွက် ကြိုးစားနေပါတယ်။ သီချင်းတိုင်းကို စိတ်တိုင်းကျတဲ့အထိ ပြင်ဆင်နေရတဲ့အတွက် အားလုံးစိတ်တိုင်းကျတာနဲ့ ထွက်နိုင်အောင် ကြိုးစားသွားမှာပါ။

■ မေး - အခုရုံတင်တော့မယ့် ဂျုံးဂျုံးဂျက်ဂျက် ဇာတ်ကားနဲ့ပတ်သက်လို့ ဘာများပြောချင်သေးလဲ။

■ ဖြေ - ဒီဇာတ်ကားကတော့ ပရိသတ်တွေအတွက် ရယ်မောစရာ၊ ထိတ်လန့်စရာ ရသအမျိုးမျိုး ပေးနိုင်မယ့် ဇာတ်ကားလေးပါ။ ကျွန်တော်တို့အားလုံး ကြိုးစားထားကြပါတယ်။ သင်္ကြန်ကာလမတိုင်ခင် ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ရင်း၊ စိတ်လှုပ်ရှားရင်း ကြည့်နိုင်မယ်လို့ထင်ပါတယ်။

■ မေး - အကယ်ဒမီမှာ ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။

■ ဖြေ - ချစ်တဲ့ပရိသတ်တွေက ရစေချင်တဲ့အတွက် ကျွန်တော်ကြည်နူးပါတယ်။ ဒါပေမဲ့ အရမ်းလည်းအားနာပါတယ်။ ကျွန်တော်အများကြီး ကြိုးစားဖို့လိုပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ရစေချင်ကြတဲ့ ပရိသတ်တွေအတွက်တော့ ကျွန်တော်အခုထက်ပိုပြီး ကြိုးစားသွားမှာပါ။                                 

 

Writer: 
လင်းလင်းခိုင်