မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံဟာ စစ်ကိုင်းပြတ်ရွေ့ အပါအ၀င် ပြက်ရွေ့ကြော အတော်များများပေါ်မှာ တည်ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်လို့ ငလျင်အန္တရာယ်ကို စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကပဲ တိုက်ကြီးမြို့အနီးမှာ အင်အားအသင့်အတင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတချို့ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ငလျင်အန္တရာယ်နဲ့ ပတ်သက်ပြီး သိမှတ်ဖွယ်ရာတွေကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစောထွေးဇော်နဲ့ တွေ့ဆုံမေးမြန်ထားပါတယ်။

မေး - ပထမဦးဆုံးအနေနဲ့ မြေငလျင်အကြောင်း၊ မြေငလျင် လှုပ်ခတ်ရခြင်းအကြောင်းတွေကို ပြောပြပေးပါ။

ဖြေ - မြေငလျင်ကတော့ သဘာဝရဲ့ဖြစ်စဉ်တစ်ခုလို့ ကျွန်တော်တို့ပြောရပါမယ်။ ကမ္ဘာမြေကြီးက တကယ်တမ်းကျတော့ အပေါ်ယံလွှာလေးပဲ ခဲပြီးတော့ တင်းနေတဲ့သဘောရှိပါတယ်။ မြေအောက်မှာတော့ ချော်ရည်ပူတွေနဲ့ လှုပ်ရှားရုန်းကန်နေတဲ့ ဟာမျိုးရှိတာပေါ့နော်။ အဲ့တာကြောင့် အခါအားလျော်စွာပဲ ဒီအောက်က တွန်းထုတ်မှုတွကြောင့် အပေါ်လွှာမှာ တစ်ခုနှင့်တစ်ခု ပွတ်တိုက်တာတို့ ထိတွေတာတို့ဖြစ်တဲ့အခါမှာ ဒီလိုပဲမြေငလျှင် လှုပ်ရှားမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်၊

မေး - မြန်မာနိုင်ငံမှာတော့ စစ်ကိုင်းပြက်ရွေ့ အပါအပါအ၀င် ပြက်ရွေ့အတော်များများ ရှိတယ်လို့ ကျွန်တော်တို့ သိထားရတယ်။ အဲဒီပြက်ရွေ့တွေနဲ့ ပတ်သက်ပြီးလည်း ရှင်းပြပေးပါဦး။

ဖြေ - ကျွန်တော်တို့မြန်မာနိုင်ငံက အာရှတိုက်နဲ့ အိန္ဒိယတိုက်သွားပြီး ထိတွေ့တဲ့နေရာ Boundary ပေါ်မှာတည်ရှိနေတယ်။ အဲဒါမျိုးထိတွေ့တဲ့ အပေါ်မှာ အထင်ကရလှုပ်ရှားမှု နှစ်ခုရှိနေတာပေါ့။ တစ်ခုက ထိုးစိုက်ပြီးတော့ ၀င်သွားတဲ့ အခြေအနေပေါ့နော်။ အဲဒါကတော့ အာရှတိုက်ကို အိန္ဒိယတိုက်ကနေပြီးတော့ ထိုးပြီးတော့ တိုးဝင်သွားတဲ့ဟာပေါ့။ အဲဒါမျိုးဇုန်တစ်ခုရှိတယ်။ နောက်တစ်ခုက အဲဒါမျိုးတွန်းဝင်ရင်းနဲ့ပဲ ဘေးကိုပွတ်ပြီးတော့ ဆွဲသွားတာမျိုးရှိတယ်။ အဲဒါမျိုးပွတ်ဆွဲသွားတဲ့ ဒဏ်ရာကြောင့် စစ်ကိုင်းပြက်ရွေ့လို့ခေါ်တဲ့ ပြက်ရွေ့လိုင်းကြီးကို ကျွန်တော်တို့ မြင်နေရတာပေါ့နော်။ Boundary ဇုန်ပေါ်မှာ ကျနေတဲ့အတွက်ကြောင့် အထင်ကရ ပြက်ရွေ့အနေနဲ့ ပြောမယ်ဆိုရင်တော့ စစ်ကိုင်းပြတ်ရွှေ့ပေါ့နော်။ ဒါပေမဲ့ ဒီပြက်ရွေ့တစ်ခုတည်း မဟုတ်ဘဲနဲ့ သူနဲ့ Particular သွားနေတဲ့ သူ့လောက်မကြီးပေမယ့် အန္တရာယ်များတဲ့ ကျောက်ကြမ်းပြက်ရွေ့တို့လိုမျိုး ကဘော်ပြက်ရွေ့လိုမျိုး အဲဒါမျိုး အလယ်အလတ်တွေ ရှိပါသေးတယ်။ အဲဒါရဲ့အပြင်ကိုလည်း ရှမ်းပြည်ဘက်မှာရှိနေတဲ့ ပြက်ရွေ့အသေးလေးတွေ အဲဒါလေးတွေကကျတော့ များသောအားဖြင့် အရှေ့အနောက်သွားတယ်။

မေး - မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ထင်ရှားတဲ့ငလျင်နဲ့ ပတ်သက်ပြီး ထူးခြားချက်ဘာတွေတွေ့ရလဲ။

ဖြေ - သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ငလျင်နဲ့ ကျွန်တော်တို့ရဲ့ သမိုင်းမှတ်တမ်းတွေက အမြဲတမ်းပဲ ဆက်နွှယ်နေတာ တွေ့ရပါလိမ့်မယ်။ ဟိုးအရင်ကဆို ဘုရားဇာတ်တော်တွေကအစ အဲဒါမျိုးဘုရားအလောင်မွေးလို့ရှိရင် ငလျင်ကြီးလှုပ်တယ်တို့ဘာတိုပေါ့။ အဲဒါက ဘာကိုပြနေလဲဆိုရင် ကျွန်တော်တို့က ဟိုးရှေးပဝေသဏီကတည်းက ငလျင်နဲ့ပတ်သက်ပြီးတော့ Awareness ပါနေတယ်ဆိုတဲ့ဟာကို ပြတာပါ။ အခုဆိုရင်လည်း ပုဂံမှာလှုပ်သွားတဲ့ ငလျင်နောက်ပိုင်း ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ ပုဂံကိုရောက်ဖြစ်ပါတယ်။ အဲဒီမှာလည်း ငလျင်တွေကို ဘုရားရဲ့နံရံတွေမှာ မှတ်တမ်းအနေနဲ့ ရေးခဲ့တာမျိုးတွေ့ရပါတယ်။

၁၉၁၁ ခုနှစ်လောက်ကစပြီးတော့ ၁၉၃၀ လောက်ဝန်းကျင်မှာ ပဲခူးနဲ့ဖြူးတို့တစ်ဝိုက်မှာ ငလျင်ကြီးတွေ တော်တော်များများလှုပ်ခဲ့တယ်။ အဲဒီမှာကျတော့ ကျွန်တော်တို့က မြေငလျင် ဘယ်လောက်ပြင်းထန်တယ်။ ဘယ်လောက်အားရှိတယ် ဆိုတာကိုပါ စနစ်တကျတွက်နိုင်တဲ့ သိပ္ပံပညာတွေလည်း ရောက်လာပြီဆိုတော့ အဲဒီကစပြီးတော့ ကျွန်တော်တို့ရဲ့ မှတ်တမ်းမှတ်ရာတွေလည်း ပိုပြီးတော့ စနစ်တကျဖြစ်ခဲ့ပါတယ်။ မေမြို့ငလျင်လို့လူသိများတဲ့ ကျောက်ကြမ်း ဖော့ကနေဖြစ်တဲ့ငလျင်ပေါ့။ အဲဒါဆိုရင် ပမာဏအတော်များပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ လှုပ်ခဲ့တဲ့ အကြီးကျယ်ဆုံး ငလျင်ထဲမှာပါတာပေါ့နော်။ အဲဒါပြီးတော့ ဆက်သွားလို့ရှိရင် ၁၉၇၅ တုန်းက လှုပ်သွားတဲ့ ပုဂံငလျင်ဆိုရင်လည်း  ပုဂံဘုရားတွေ အကြီးအကျယ် ပျက်စီးခဲ့တဲ့အတွက်ကြောင့် လူတွေရဲ့စိတ်ထဲမှာ ဒါကို Awareness ပိုရလာတာပေါ့။ ဒီဘက် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ငလျင်ကိုပိုပြီးတော့ သတိထားလာမိတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ တိုးတက်လာတာရယ်၊ ဈေးကွက်လိုအပ်ချက်အရ အထပ်မြင့်တွေဆောက်ဖို့ စပြီးဖြစ်တယ်။ ဒီလိုဆောက်တယ်ဆိုရင်လည်း မြေငလျင်နဲ့ပတ်သက်ပြီးတော့ ပိုပြီးခံနိုင်ရည်ရှိအောင် တွန်းအားပေးမှုတွေ ပါလာပါတယ်။ ထူးထူးခြားခြားဖြစ်တာဆိုရင် ဆူနာမီဖြစ်ခဲ့တဲ့ ၂၀၀၄ ကငလျင်ဆိုရင်လည်း ပိုပြီးတော့ အသေးစိတ်ကျွန်တော်တို့ လေ့လာဖြစ်တယ်။ နောက်ပြီးတော့ ၂၀၁၁ မှာဖြစ်ခဲ့တဲ့ တာလေငလျင်ဆိုလည်း အသေးစိတ် လေ့လာဖြစ်တယ်။ ၂၀၁၂ မှာဖြစ်ခဲ့တဲ့ သပိတ်ကျင်းဆိုလည်း လေ့လာဖြစ်ခဲ့တယ်။ ပြီးတော့အခု ၂၀၁၆ မှာဖြစ်ခဲ့တဲ့ ချောက်ငလျင်ဆိုလည်း ပိုပြီးတော့ အသေးစိတ်လေ့လာဖြစ်ခဲ့တယ်။

မေး - ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် ရန်ကုန်နဲ့အနီးတစ်ဝိုက်မှာ လှုပ်သွားတဲ့ ငလျင်ကြောင့် တိုက်ကြီးမြို့လိုနေရာမှာ ပျက်စီးမှုတချို့ကို တွေ့လိုက်ရတယ်ဆိုတော့ ရန်ကုန်မြို့ကြီးအတွက် ငလျင်အန္တရာယ်က ဘယ်လောက်ထိအောင် ကြီးကြီးမားမားရှိနေတယ်လို့ ဆရာသုံးသပ်မိလဲ။

ဖြေ - ရန်ကုန်မှာကတော့ အဆောက်အအုံတွေများတယ်။ ခေတ်ကာလအလိုက် ဆောက်ခဲ့တဲ့ အဆောက်အအုံတွေရဲ့ အရည်အသွေးလေးတွေလည်း ပြောင်းပြောင်းနေတာ တွေ့ရပါလိမ့်မယ်။ စစချင်းတုန်းက ကျွန်တော်တို့ ရန်ကုန်မှာ လွန်ခဲ့တဲ့အနှစ်၂၀ လောက်ကဆိုရင် မြို့ထဲမှာ ခြောက်ထပ်ရုံးလို့တောင် ပြောရတဲ့ အဆောက်အအုံပေါ့။ ဘာလို့လဲဆိုရင် ခြောက်ထပ်ဆိုတာ ကျွန်တော်တို့ဆီမှာ ထူးထူးခြားခြားမြင့်လို့ ဒီရုံးတစ်ရုံး အသစ်ပေါ်လာတဲ့ အချိန်မှာတောင်မှ ခြောက်ထပ်ရုံးလို့ပြောရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါကခေတ်အလိုက် တည်ဆောက်တဲ့ပုံတွေ ပြောင်းလာတာကို ပြတာပါ။ အဲဒါတွေမကြာခင်မှာပဲ နောက်စပြီးတော့ ရှစ်ထပ်ကန်ထရိုက်တိုက်တွေ စဆောက်လာခဲ့တယ်။ အဲဒီအချိန်မှာ သိပ်မကျွမ်းကျင်တဲ့အတွက် အရည်အသွေးမှာ အားနည်းတာမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒီကနေမှ တဖြည်းဖြည်းချင်း ကျွမ်းကျင်လာတဲ့အချိန် အထပ်မြင့်ကော်မတီပေါ်လာပြီး အထပ်မြင့်တွေ စဆောက်လာခဲ့ပါတယ်။ အခုဆိုရင် မြေငလျင်ခံနိုင်အောင် တွက်ချက်နိုင်တာတွေရှိပြီ။ ဆောက်တဲ့အရည်အသွေးတွေကလည်း အခုဆိုရင် အတော်လေးကောင်းနေပြီ။ စိတ်ချရတဲ့ အဆင့်မျိုးရောက်နေပြီဆိုတော့ နောက်ပိုင်းမှာတော့ ကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ရှေ့ပိုင်းအနှစ် ၂၀ လောက်မှာ ဆောက်ခဲ့တဲ့ အရည်အသွေးတွေကတော့ အားနည်းချက်ရှိပါတယ်။ အဲဒါတွေကို ပြန်စမ်းစစ်ပြီး ခိုင်ခံ့အောင် လုပ်သင့်တယ်လို့ မြင်ပါတယ်။

မေး - ရန်ကုန်မှာဆို ကိုလိုနီခေတ်လက်ရာ အဆောက်အအုံကြီးတွေလည်းရှိတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ တစ်ချိန်တစ်ခါက စနစ်နဲ့နည်းပညာ အားနည်းလို့ အရည်အသွေးမမီတဲ့ အဆောက်အအုံတွေလည်းရှိတယ်။ ဒီအဆောက်အအုံတွေ အပေါ်မှာပဲ လူတွေပြွတ်သိပ်နေကြတာလည်း ဒီနေ့ရန်ကုန်ရဲ့လက်တွေ့ လူနေမှုဘ၀ ဖြစ်နေတယ်။ အဲဒီတော့ ဒီအဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်အောင် ငလျင်အန္တရာယ် လျော့ပါးအောင်လို့ ဘယ်လိုတွေဆောင်ရွက်သင့်လဲ။

ဖြေ - အဆောက်အအုံတွေတိုင်းက တစ်ပြေးညီ အားနည်းတာတော့ မဟုတ်ဘူး။ အဆောက်အအုံတိုင်းမှာလည်း သူ့ရဲ့ဆောက်ထားတဲ့ပုံစံအရ အားနည်းတာ အားသာတာရှိသလို တည်ဆောက်ထားတဲ့ အရည်အသွေးကလည်း အားနည်းတာ အားသာတာရှိတာပေါ့နော်။ ဒါတွေကိုလည်း ပရောဂျက် တစ်ခုနှစ်ခုလောက်ကတော့ စပြီးတော့ လေ့လာစမ်းစစ်တာလေးတွေ စပြီးလုပ်နေပါတယ်။ အဲဒီထဲကတစ်ခုက ရန်ကုန်မှာရှိတဲ့ အရေးကြီးအဆောက်အအုံ ၅၀ လောက်ကို မျက်မြင်စမ်းစစ်တာမျိုးလုပ်တယ်။ အဲဒီထဲကနေမှ အသေးစိတ် ပြန်လေ့လာပြီးမှ ပြင်ဆင်ရင်ကော ဘယ်လိုမျိုးပြင်ဆင်ရမလဲ ဆိုတဲ့ဟာထိအောင် အသေးစိတ်ဆက်သွားမယ့် ဟာမျိုးလေးတွေ စပြီးလုပ်နေပါတယ်။ အဲဒါမျိုးလေ့လာတာတွေ ကနေပြီးတော့မှ ဖြည်းဖြည်းချင်း ဘယ်လိုအဆောက်အအုံမျိုးဆို ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ Guide Line မျိုးလေးတွေ ထွက်လာအောင်လုပ်နေတာ ရှိပါတယ်။ ဆိုတော့အလားတူ ပရောဂျက်တွေလည်း ရန်ကုန်စည်ပင်သာယာကနေ လုပ်နေတာရှိပါတယ်။ အကုန်ပူးပေါင်းပြီး လုပ်နေကြပါတယ်။ 

မေး - ပြီးခဲ့တဲ့တိုက်ကြီးကို ဦးတည်တဲ့ငလျင်ပေါ့။ ရန်ကုန်မှာလည်း အတော်လေးလှုပ်သွားတယ်။ တချို့ဆိုရင် အထပ်မြင့်ပေါ်ကနေ အောက်ကို ပြေးဆင်းတာမျိုးတွေအထိ တွေ့ရတယ်။ သူတို့အနေနဲ့ ငလျင်အန္တရာယ်ကို Awareness ဖြစ်နေတယ်။ သတိမူမိနေတာတော့ မှန်တယ်ပေါ့ဆရာ။ ဒီလိုစိုးရိမ်မှုတွေနဲ့ ကိုယ့်တိုက်ခန်းမှာ ကိုယ်မနေရဲတော့လောက်အောင် ဖြစ်ရတာမျိုးတွေကလည်း သူတို့ကို ပိုပြီးဝန်တာပိစေတယ်။ ဆိုတော့ ဆရာ့အနေနဲ့ ငလျင်ပညာရှင် တစ်ယောက်ဖြစ်တယ်။ ငလျင်ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပြည်သူလူထုကို ဘာပြောချင်လဲ။

ဖြေ - အခုရှိနေတဲ့ အဆောက်အအုံ ဟောင်းတိုင်းလည်း ပြဿနာရှိချင်မှရှိမှာပါ။ အများအားဖြင့်ကတော့ မြေငလျင်ဆိုတဲ့ဟာမျိုးက ဘေးတိုက်ယမ်းခါမှုကြောင့် နံရံပြိုတာတို့ ဘာတို့ဖြစ်လေ့ရှိတာကိုး။ ထားပါတော့ ကိုယ့်အိမ်က နံရံသိပ်ပြီးတော့ အမြင့်ကြီးတွေ ရှိနေတယ်။ နောက်ပြီးတော့ လေးလံတဲ့ပစ္စည်းတွေ စောစောကလို အုတ်တွေဘာတွေနဲ့ ဆောက်ထားတယ်ဆိုရင် ဒါဆိုရင်တော့ သတိထားရမှာပါ။ ကိုယ်အိပ်တဲ့အိပ်ရာက အဲဒါမျိုးနံရံကြီးနဲ့ကပ်နေတယ်ဆိုရင်လည်း သတိထားရမှာပါ။ အဲဒါမျိုးနံရံကြီး ရှိနေတယ်ဆိုရင်တော့ ကိုယ့်အိပ်ရာကို အဲဒီနံရံနဲ့ ဝေးတဲ့နေရာမျိုးမှာ ထားတယ်ဆိုလည်း ဒါကလည်း ကျွန်တော်တို့ Medication လုပ်တာပါပဲ။ ဒါကဘယ်အပေါ်မှာ လုပ်တာလဲဆိုတော့ အဆောက်အအုံကို ဘာမှမပြင်သေးပဲနဲ့ ကိုယ့်ရဲ့အသိနဲ့ ကိုယ့်ရဲ့ဘေးအန္တရာယ် လျော့ပါးအောင် ပြုမူဆောင်ရွက်တာမျိုးပါ။ ဆိုတော့ အဲဒါမျိုးတွေ လေ့လာခြင်းအားဖြင့်လည်း တစ်ဖက်က Physically ကျွန်တော်တို့ ဘေးအန္တရာယ်လျော့ပါးအောင် လုပ်နိုင်သလို တစ်ဖက်ကလည်းကိုယ့်ရဲ့ Knowledge နဲ့ဘေးအန္တရာယ် လျော့ပါးအောင် လုပ်နိုင်ပါတယ်။

 

မေး - ရန်ကုန်မြို့ဟာဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီးလည်းဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့တော်ကြီးလည်းဖြစ်တယ်။ ဒီမြို့နဲ့ပတ်သက်ပြီးတော့ ငလျင်အန္တရာယ် အတိမ်အနက်အပေါ်မှာ ဆရာတို့တွေ့ရှိချက်လေးကိုလည်း မျှဝေပေးပါဦး။

ဖြေ - မြို့မှာယဉ်တွေကျပ်တာတို့ လူနေထိုင်မှုတွေ အရမ်းကျပ်တာတို့ ဖြစ်တဲ့အပေါ်မှာ မြို့ကိုချဲ့ထွင်ဖို့ဆိုပြီးတော့ အစီအစဉ်ဆွဲနေကြတာလည်း ရှိပါတယ်။ ဆိုတော့မြေငလျင် အန္တရာယ်ကတော့ ရှိနေဦးမှာပါပဲ။ ကျွန်တော်ပြောခဲ့သလိုမျိုး အတိတ်သမိုင်းမှာလည်း ရှိခဲ့သလို အနာဂတ်မှာလည်း ရှိနေဦးမှာပါပဲ။ မြို့ကိုချဲ့ထွင်တာပဲဖြစ်ဖြစ် အစီအစဉ် ရေးဆွဲတာပဲဖြစ်ဖြစ် ဒီမြေငလျင်ရဲ့ ဘေးအန္တရာယ်နဲ့ သဘောသဘာဝကိုတော့ မဖြစ်မနေထည့်သွင်း စဉ်းစားဖို့လိုပါတယ်။ မြို့နေရာ ရွေးတာချဲ့တာကအစ စဉ်းစားတဲ့အချိန်မှာ ဘယ်ဘက်ကိုချဲ့ရင် ဘေးအန္တရာယ် ပိုပြီးလျော့နိုင်တယ်ဆိုတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ မဟာဗျူဟာမျိုးကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အကြမ်းဖျင်းပြောမယ်ဆိုရင် မြေငလျင်ရဲ့ သဘောသဘာဝက လှုပ်ရှားမှုကတော့ မြို့တစ်မြို့အနေနဲ့ကဆိုရင် အရှေ့ပိုင်း အနောက်ပိုင်း တောင်ပိုင်း သိပ်ပြီးကွာမှာမဟုတ်ပါဘူး။ ဘယ်မှာအဓိကကွာမလဲဆိုတော့ မြေအနေအထားပေါ်မှာ ကွာပါတယ်။ ပျော့တဲ့မြေဆိုရင် လှုပ်ရှားမှု တူပေမယ့် အဆပေါင်းများစွာ အပေါ်ပိုင်းမှာ ခါယမ်းနိုင်ပါတယ်။ ရန်ကုန်မြို့ကို အကြမ်းဖျင်း ပြောမယ်ဆိုရင် ရန်ကုန်မြို့မြောက်ပိုင်းမှာက ပဲခူးရိုးမရဲ့တောင်စွယ်ရဲ့ အစွန်ဆုံးလို ဖြစ်နေတာဆိုတော့ တောင်စွယ်ရဲ့ အပေါ်ဘက်ကို တက်တယ်ဆိုရင် မြေပိုပြီးတော့ မာပါတယ်။ သဘာဝအရလည်း လျှိုလေးတွေဘာတွေနဲ့ ပိုပြီးလှပတဲ့ မြို့လေးလည်းဖြစ်မှာပေါ့နော်။ အခုကတော့ မြို့ချဲ့တယ်ဆိုရင် တောင်ဘက်ကိုပဲ ဦးတည်နေရင် တောင်ဘက်မှာတော့ မြေပျော့တယ်။  မြေပျော့တဲ့အတွက်ကြောင့် အနည်းဆုံးကတော့ ဘေးအန္တရာယ်လည်း ပိုများနိုင်သလို ကုန်ကျစရိတ်လည်းပိုများမယ်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့လိုပေါ့။ ဓာတ်တိုင်လေးထောင်တာကအစ Pile ရိုက်ပြီးမှ ဓာတ်တိုင်ထောင်ရတဲ့ အခြေအနေမျိုး ရောက်သွားနိုင်တာပေါ့။ အဲဒါဆိုရင် ဘေးအန္တရာယ်များသလို ကုန်ကျစရိတ်လည်း များနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက သိပ်ပြီးချမ်းသာတဲ့နိုင်ငံလည်း မဟုတ်ဘူး။ ပြီးတော့ရွေးစရာမရှိတဲ့ တိုင်းပြည်မျိုးလည်း မဟုတ်တော့ မြို့ရဲ့မြောက်ဘက်ပိုင်းကို ချဲ့တာမျိုးက သဘာဝဘေးအန္တရာယ်နဲ့ ကုန်ကျစရိတ် လျော့နည်းနိုင်သလို မြို့လေးလည်း ပိုမိုလှပလာမယ်လို ထင်ပါတယ်။

မေး - ဆရာတို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အနေနဲ့လည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေအထိ တွေ့နေရတယ်။ ဆိုတော့ ရန်ကုန်မြို့ကြီးရဲ့  Downtown ထဲမှာ လူဦးရေသိပ်သည်းမှုတွေ အရမ်းများနေတယ်။ ပြီးတော့ ဒီမှာရှိတဲ့ အဆောက်အအုံတွေကလည်း အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေလို့ ပြောလို့ရနေတယ်။ အဲဒီအပေါ်မှာ ဆရာတို့အနေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီးပဲဖြစ်ဖြစ် UN နဲ့ပူးပေါင်းပြီးပဲဖြစ်ဖြစ် အန္တရာယ်လျော့ပါးအောင်လုပ်ဖို့ အစီအစဉ်များရှိပါလား။

ဖြေ - မြေငလျင်ကတော့ ကျွန်တော်တို့ရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် မြေငလျင်နဲ့ ပတ်သက်လို့ပိုပြီးသိအောင် လေ့လာတာပဲဖြစ်ဖြစ် ဘေးအန္တရာယ်ကင်းအောင် လုပ်တာပဲဖြစ်ဖြစ် အဖွဲ့အစည်းတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အဆောက်အအုံဟောင်းတိုင်း စိုးရိမ်စရာမရှိပါဘူး။ အဆောက်အအုံ ဟောင်းတယ်ဆိုတာကိုက နှစ်တစ်ခုသက်တမ်းတစ်ခု သူအစမ်းသပ်ခံပြီးပြီဆိုတဲ့ အဓိပ္ပာယ်ကိုရောက်ပါတယ်။ ကိုလိုနီခေတ်က အဆောက်အအုံတွေကို ပြောမယ်ဆိုရင် စောစောကပြောခဲ့တဲ့ ပဲခူးငလျင်လိုမျိုး၊ ဒီနောက်ပိုင်းမှာလည်း ရန်ကုန်အနီးတစ်ဝိုက်က ငလျင်အလယ်အလတ်တွေကို အစမ်းသပ်ခံပြီးသား အဆောက်အအုံတွေလို့ ပြောလို့ရပါတယ်။ အဆောက်အအုံ ဟောင်းတဲ့နေရာမှာ ဘယ်အချက် ဘယ်နေရာတွေကို ပြုပြင်ဖို့လိုအပ်တယ်ဆိုတာ လေ့လာပြီး ပြုပြင်ဖို့လိုအပ်ပါတယ်။ အများအားဖြင့်က မြေငလျင်ဒဏ်ခံနိုင်အောင် ပြုပြင်တယ်ဆိုတာမျိုးတွေက အဆောက်အအုံရဲ့ တည်ဆောက်မှု စရိတ်ထက်စာရင် အများကြီး နည်းလေ့ရှိပါတယ်။ နည်းပေမယ့်လို အဲဒီလိုပြုပြင်လိုက်တဲ့အတွက်ကြောင့် အသုံးဝင်မှုသက်တမ်းကျတော့ အဆပေါင်းများစွာ ရှည်လာစေတာပေါ့နော်။ မြေငလျင်နဲ့ ပတ်သက်ပြီးတော့ စမ်းစစ်မှုက အချိန်အခါလိုက် လုပ်သင့်တယ်။ အဲဒါမျိုးလုပ်တဲ့အချိန်မှာ ဒါကိုကုန်ကျစရိတ်လို့ ကျွန်တော်တို့ မကြည့်ဘဲနဲ့ ဒါကကိုယ့်ရဲ့ အဆောက်အအုံ ကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်တယ်လို့ တွေးစေချင်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ မြေငလျင်တစ်ခုဖြစ်လာရင် ပြည်သူလူထုအနေနဲ့ လိုက်နာကျင့်သုံးသင့်တဲ့ ဆောင်ရန်ရှောင်ရန်တွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - မြေငလျင်တစ်ခု ဖြစ်လာပြီဆိုရင် အဓိကကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ့်ရဲ့အနေအထားမှာ ဘေးကင်းလုံခြုံမှု ရှိနိုင်တဲ့နေရာမျိုးက ဘယ်လိုနေရာမျိုးလဲဆိုတာကို ကြိုပြီးမြင်ထား ကြည့်ထားဖို့လိုပါတယ်။ မြေငလျင်က မုန်တိုင်းလို ကြိုပြီးသိနိုင်မြင်နိုင်တာမျိုး မဟုတ်ပါဘူး။ ဖြစ်လာတဲ့အချိန်မှာ အမြဲတမ်း ကိုယ်အဆင်သင့် မဖြစ်တဲ့အချိန်မှာပဲ လှုပ်ပါလိမ့်မယ်။ အဲဒါမျိုးလှုပ်တဲ့အချိန်မှာ ကျွန်တော်တို့ မြေငလျင်သဘော သဘာဝကို ကြိုသိထားဖို့နဲ့ ကြောက်လန့်မသွားဖို့ လိုပါတယ်။ ကြောက်လန့်သွားရင် ကိုယ့်ရဲ့အာရုံငါးပါးက အလုပ်မလုပ်တော့ဘဲ ဖြစ်သွားနိုင်ပါတယ်။ အဲဒါမျိုးဆိုရင် ကိုယ့်ရဲ့ဆုံးဖြတ်မှုတွေကိုယ့်ရဲ့ လှုပ်ရှားမှုတွေက ပိုပြီးတော့ အန္တရာယ်ကို ဖိတ်ခေါ်သလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ ဆိုတော့ စိတ်အေးအေးရှိဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်အနီးအနားမှာရှိတဲ့ အဆောက်အအုံတွေနဲ့ ဘာတွေနဲ့ပတ်သက်ပြီး အသိပညာ ဖြန့်ဝေပေးတဲ့ စာစောင်တွေရှိပါတယ်။ လေ့လာပါဖတ်ရှုပါ။ ဖတ်ရှုပြီးတော့ ကိုယ့်အိမ်မှာ ကိုယ့်ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိနေတယ်ဆိုရင် အဲဒါကိုကိုယ်ပြုပြင်နိုင်တဲ့ အတိုင်းအတာရှိရင် ပြုပြင်ထားဖို့လိုပါတယ်။ ကိုယ့်ရဲ့အတိုင်းအတာထက် ကျော်လွန်နေတယ်ဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ လူတွေနဲ့တိုင်ပင်ပြီး ဘေးအန္တရာယ်လျော့ပါးအောင် ပြုပြင်ထားဖို့လိုပါတယ်။

Writer: 
လူမော်နိုင်