ပန်းချီဖေညွန့်ဝေ နှင့်တွေ့ဆုံခြင်း

‘Artist  ဟာ အမြဲ အသစ်အသစ်တွေကို အမြဲရှာနေရမည်’ ဟု ခံယူထားပြီး မိမိ၏ပန်းချီလမ်းကို တစိုက်မတ်မတ် ရေးဆွဲလျှောက်လှမ်းနေသူတစ်ဦးမှာ ပန်းချီဖေညွန့်ဝေ ဖြစ်သည်။ ပန်းချီ ဖေညွန့်ဝေသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ရက်မှမတ် ၇ ရက်အထိ လောကနတ်ပန်းချီပြခန်းတွင် တစ်ကိုယ်တော် ပြပွဲတစ်ပွဲပြုလုပ်ကာ ကြိုးစားအားထုတ်ထားမှုများကို ပြသခဲ့သည်။ တစ်ကိုယ်တော်ပြပွဲတိုင်းတွင် မတူညီသည့် အားထုတ်မှု၊ မတူညီသည့် အကြောင်းအရာများဖြင့် ပြသလေ့ ရှိသူပန်းချီဖေညွန့်ဝေသည် ယခုပြပွဲတွင်ပွတ်နှိပ်ခြင်း (Rubbing) အတတ်ပညာဖြင့် စမ်းသပ်ရေးဆွဲထားသည့် ပန်းချီကားများကို ပြသခဲ့ပြန်သည်။ ၁၉ ရာစုပေပုရပိုက်များကို မှီငြမ်းကာ ပွတ်နှိပ်ခြင်း (Rubbing) အတတ်ပညာဖြင့် ရေးဆွဲထားသည့် ပန်းချီကားများအလယ်တွင် ပန်းချီဖေညွန့်ဝေနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

■ မေး - အခုပြပွဲမှာ ပြသထားတဲ့ပန်းချီကားတွေကို ဖန်တီးထားတဲ့ Rubbing နည်းစနစ်ဆိုတာကို ရှင်းပြပေးပါဦး။

■ ဖြေ - Rubbing နည်းစနစ်ဆိုတာ ပတ္တူစပေါ်မှာ ဖောင်းကြွဖြစ်စေဖို့ အသေးစိတ်တစ်ကြောင်း မျဉ်းရေးနည်းနဲ့ အခရိုင်းလစ်ဆေး သုံးပြီးပုံဖော်၊ ဖောင်းကြွဆေးခြောက်ဖို့ နှစ်ရက်လောက်ထားပြီး ရွှေရောင်အခရိုင်းလစ် ဆေးကို မိမိစိတ်ကြိုက်အနေအထားရ အောင်ဖျော်ယူပြီး ဒလိမ့်နဲ့ ပတ္တူစပေါ်က ဖောင်းကြွရုပ်ပုံတွေပေါ်ကို Rubbing (ပွတ်နှိပ်ခြင်း) နည်းပညာဖြင့် ပန်းချီကားဖန်တီးတာ ဖြစ်ပါတယ်။

■ မေး - ဒီနည်းပညာကို အသုံးပြုပြီး ပန်းချီကားဖန်တီးဖြစ်ဖို့ အိုင်ဒီယာရရှိခဲ့ပုံကို သိချင်ပါတယ်။

■ ဖြေ - လွန်ခဲ့တဲ့ ၁၉၆၀ ၀န်းကျင်လောက်က ပုံနှိပ်ခြင်းအတတ်ပညာမှာ ခဲစာလုံးနဲ့ ဘလောက်ကို အသုံးပြုပြီး မင်နဲ့လက်ထိုးစက်၊ ခြေနင်းစက်၊ မော်တာစက်တွေနဲ့ သုံးခဲ့ကြပါတယ်။ စာစီပြီးသား ခဲစာလုံးစာဖောင်ပေါ်မှာ မင်အနက်သုတ်ပြီး အပေါ်ကစက္ကူ တစ်ရွက်နဲ့ ပွတ်နှိပ်ခြင်း (Rubbing) လုပ်ခဲ့ကြတာပါ။ ဥပမာ မြစေတီ ကျောက်စာကို ကော်ပီလိုချင်ရင် အဲဒီအပေါ်မှာ ထပ်ပြီးမူပွားယူခဲ့ရတယ်လေ။ အဲဒါ Rubbing ပဲ။ အဲဒီနည်းဟန်ကို ပန်းချီမှာဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အရင်ကတည်းက စမ်းသပ်ကြည့်ခဲ့တယ်။

■ မေး - ဆရာက ဒီ Rubbing နည်းစနစ်နဲ့ ပန်းချီဆွဲတာကို စပြီးတွေ့ရှိ ဖန်တီးတဲ့သူလို့ ပြောလို့ရမလား။

■ ဖြေ - အဲဒီလိုတော့ ပြောလို့မရဘူး။ မြစေတီကျောက်စာကို ကော်ပီကူးယူတာလည်း ဒီနည်းစနစ်ပဲလေ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပဲ ဒီနည်းစနစ်ကို ဗိဿနိုးဦးတင်ဝင်း လုပ်ဖူးတယ်။ ဒါပေမဲ့ သူကရှိပြီးသားပုံစံတွေပေါ်မှာ ဒလိမ့်တုံးနဲ့ Rubbing လုပ်တာ။ ကျွန်တော်က အစအဆုံးပုံစံကအစ ဖောင်းကြွဖြစ်အောင် ဆေးနဲ့ဖန်တီးပြီး Rubbing လုပ်တာ ဖြစ်ပါတယ်။ အဲဒီတော့ဆိုလိုချင်တာက Rubbing တော့တူတယ်။ လုပ်နည်းလုပ်ဟန်တော့ မတူဘူးပေါ့။

■ မေး - ၁၉ ရာစုက ပေပုရပိုက်ပန်းချီတွေကို မှီငြမ်းရေးဆွဲထားတယ်လို့ သိရပါတယ်။ အဲဒီအကြောင်း လေးပြောပြပေးပါဦး။

■ ဖြေ - ပေပုရပိုက်တွေကို မှီငြမ်းရေးဆွဲဖြစ်တာက ဟိုတုန်းက ပေပုရပိုက်ရေးဆွဲဟန်တွေကို ပြန်လည်ဖော်ထုတ်ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ မြန်မာတို့ရဲ့ ၁၉ ရာစု ရိုးရာဓလေ့ယဉ်ကျေးမှု ပုံစံတွေကို လေ့လာတဲ့အခါ နန်းတွင်းပန်းချီတော်၊ စီးပွားရေးပန်းချီဆရာ အများစုက ရေးဆွဲပြီး ပေပုရပိုက်ပန်းချီ၊ နံရံဆေးရေးပန်းချီနဲ့ ပန်းပုတွေမှာ မှတ်တမ်းတင် ရေးဆွဲခဲ့ကြတာတွေရှိတယ်။ အခုပွဲမှာ ပြထားတဲ့ ပန်းချီကားတွေကတော့ မင်းတုန်းမင်းနဲ့ သီပေါမင်းနှစ်ဆက်တိုင် နန်းတွင်းပန်းချီ တော်အနေနဲ့ အမှုထမ်းခဲ့တဲ့ ပန်းချီဆရာကြီး ဦးကြာညွန့်ရဲ့ လက်ရာတွေ ဖြစ်ပါတယ်။

■ မေး - အကြောင်းအရာပိုင်း ရွေးချယ်မှုမှာ ပေပုရပိုက်ပန်းချီတွေကို ဆန်းသစ်ရေးဆွဲဖြစ်ခဲ့တာကရော။

■ ဖြေ - ဒါကတော့ ပန်းချီဆရာရဲ့ ရွေးချယ်မှုပေါ့။ အသုံးပြုတဲ့နည်းစနစ်နဲ့ အကြောင်းအရာ ပိုင်းလိုက်ဖက်၊ မဖက်ကိုပဲ ပြောစရာရှိတယ်။ ရွေးချယ်ခွင့်ကတော့ ပန်းချီဆရာနဲ့ပဲ ဆိုင်တယ်။ ဒါမျိုးကို သေသေချာချာ Detail ရေးမယ်ဆိုရင် ယွန်းပန်းချီဖြစ်သွားနိုင်တယ်။ ကျွန်တော်က ယွန်းကိုလည်းမလိုချင်ဘူး။ ကြားထဲမှာ ထပ်ရှာချင်တယ်။ အဲဒီအထဲမှာ ထပ်ပါတာက Rubbing လုပ်လိုက်တဲ့အတွက် ဟိုဘက်ဒီဘက် ရွှေတွေစွန်းသွားတယ်။ အဲဒီအရသာကို ကိုယ်ကကြိုက်တယ်။ တကယ် တော့ နည်းစနစ်ပဲဖြစ်ဖြစ်၊ ၀ါဒပဲဖြစ်ဖြစ်၊ စတိုင်ပဲဖြစ်ဖြစ် ရှာရတာက ပန်းချီဆရာရဲ့ ကိစ္စပဲ။

■ မေး - လက်ရှိ မြန်မာ့ပန်းချီလောကမှာ နည်းစနစ်ပိုင်းဆိုင်ရာ ဖန်တီးမှုတွေက လိုအပ်ချက်ရှိနေတယ်လို့ မြင်လားရှင့်။

■ ဖြေ - တကယ်တော့ နည်းစနစ်ဆိုတာ အဓိကမဟုတ်ဘူးလို့မြင်တယ်။ အကြောင်းအရာနဲ့ အဖြစ်အပျက်က အဓိကပဲ။ အဲဒါကို ကိုယ်ဘယ်လိုတင်ပြမလဲ။ ဘာကြောင့်လဲဆိုရင် အကြောင်းအရာကို လွတ်လွတ်လပ်လပ်ရေးဖို့ လေးနှစ်လောက် ဆင်ဆာမရှိတော့ဘူး။ ဒါကျွန်တော်တို့အတွက် ၀မ်းသာစရာပဲ။ ငှက်ပျောပင်ကို အစိမ်းမရေးဘဲဘာကြောင့် မင်္ဂလာမရှိတဲ့ အနက်ရောင်ကြီးရေးရတာလဲ လူတွေကပြောမယ်။ ဒါမြင်နေကျ၊ တကယ်တော့ မြင်နေကျမဟုတ်တဲ့အရာကို ပန်းချီဆရာက ရှာရမယ်။ မြင်နေကျရေးခဲ့ပြီးပြီလေ။ ဒီကနေ့လိုချင်နေတာက အသစ်၊ လုပ်ရမှာက Artist ရဲ့တာဝန်၊ Artist ဟာ အမြဲရှာနေရမယ်။ နည်းစနစ်က နောက်မှဖြစ်ပြီး အရင်က Artist ရဲ့ တွေးခေါ်မှုနဲ့ခံစားဖန်တီးမှုက အရင်လုပ်ရမှာလို့ မြင်တယ်။ ဘာနဲ့ ပြောပြော၊ ဘယ်လိုပြောပြော စက္ကူပေါ်မှာ ပြောမလား။ ကင်းဗတ်စ်ပေါ်မှာ ပြောမလား။ နောက်အင်စတော်လေးရှင်း၊ ပါဖောမင့်စ် လုပ်မလား။ဘယ်လိုပဲပြောပြော။ နည်းစနစ်နဲ့ အသုံးပြုမယ့် Material က အရေးမကြီးတော့ဘူး။ အခုကျွန်တော့်ပွဲက အကြောင်းအရာကအဟောင်း၊ တင်ပြမှုကတော့ ကျွန်တော့်တင်ပြမှုနဲ့ ကျွန်တော်။ အဲဒီလောက်တော့ လုပ်ဖို့လိုပြီလို့ မြင်ပါတယ်။

■ မေး - ဆရာရဲ့ ပြပွဲတွေမှာ မတူညီတဲ့ အကြောင်းအရာတွေကို ပြသခဲ့တာကလည်း ဒီသဘောတရားပဲပေါ့။

■ ဖြေ - စိန်ခေါ်မှုက Artist မှာ အမြဲရှိနေရမယ်လေ။ ကိုယ်က ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ၀န်မလေးဖို့လိုတယ်။ ကျွန်တော်က ထိုက်ထိုက်တန်တန် ကြိုးစားချင်တယ်။ ကျွန်တော့်ပွဲကို လာကြည့်တဲ့ပရိသတ်က ဒီပန်းချီ ဆရာကြိုးစားထားတာပဲ ဆိုတာလောက်လေး မှတ်ချက်ရရင်ကို ကျွန်တော်ကျေနပ်တယ်။                       

Writer: 
ပြည့်စုံနေ၀င်း