ဒါရိုက်တာပြည်ဟိန်းသီဟနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာပြည်ဟိန်းသီဟနှင့် တွေ့ဆုံခြင်း
Published 21 January 2018

အနုပညာနယ်ပယ်မှာ မျိုးရိုးရှိပေမဲ့ သူ့ရဲ့အနုပညာခရီးအစကို ကိုယ်စွမ်းကိုယ်စနဲ့ စတင်ဖြတ်သန်းလျှောက်လှမ်းခဲ့ပြီး ပရိသတ်ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတွေ အများအပြားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာတစ်ဦးကတော့ ဘိတ်ကလာတဲ့ ငံပြာရည်ရဲ့ မြေး၊ ဒါရိုက်တာ သီဟကျော်စိုးရဲ့ တူဖြစ်တဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ။ ၂၀၁၆ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေအနက်က ဝင်ငွေအများဆုံး ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူ ပြည်ဟိန်းသီဟက ၂၀၁၇ ခုနှစ်အတွင်းမှာလည်း ရုပ်ရှင်ဇာတ်ကားတွေအများကြီးကို ဆက်တိုက်ရိုက်ကူးခဲ့သူဖြစ်သလို သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း ၂၀၁၇ ခုနှစ်အတွင်းမှာ ပရိသတ်အားပေးမှု များပြားခဲ့သလို ဝင်ငွေအရလည်း အောင်မြင်တဲ့ ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း  ‘လူကြီးလူကောင်းများ’ ဇာတ်ကားကြီးကိုလည်း ကိုယ်တိုင်ဇာတ်လမ်းရေးဖွဲ့ပြီး ရိုက်ကူးနေပြီး သူရိုက်ကူးထားတဲ့ သူငယ်ချင်းကိုးယောက် ရုပ်သံဇာတ်လမ်းတွဲလည်း ပြသတော့မှာဖြစ်တဲ့အတွက် ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ တွေ့ဆုံခိုက် သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် . . .

 

■ မေး- The Eye ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တဲ့ ‘လူကြီး လူကောင်းများ’ ဇာတ်ကားကို လက်ခံရိုက်ကူးရတာက အခြားဇာတ်ကားတွေကို ရိုက်ကူးရတာနဲ့ ဘာတွေကွာမလဲ။

■ ဖြေ- ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်ရိုက်ကူးမယ့် ဇာတ်ကားတိုင်းမှာ အနုပညာ ကြိုးစားဖန်တီးမှုတွေကတော့ အတူတူပါပဲ။ နောက်ပြီး ပရိသတ်တွေနှစ်သက်မှုရှိဖို့နဲ့ ထုတ်လုပ်သူတွေမှာ အကျိုးအမြတ်ရှိဖို့လည်းပါတယ်။ The Eye ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရှေ့မှာလည်း ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ထားပေးပြီးပါပြီ။ The Eye ကတော့ ရုပ်ရှင်လောကသား ၄၀၀ ကျော်ရဲ့ အကျိုးအမြတ်အတွက်ဖြစ်လို့ ကျွန်တော့်အနေနဲ့ အခြားဇာတ်ကားတွေထက်ပိုပြီး တာဝန်ကြီးတာတော့ အမှန်ပါပဲ။ ဒီဇာတ်ကားက အောင်မြင်မှ ငွေကြေးအရလည်းမြတ်မှ ကိုယ့်လောကသားတွေ အကျိုးရှိမှာဖြစ်တဲ့အတွက် ကျွန်တော့်အတွက် တာဝန်ကြီးတယ်။ အဲဒီထဲမှာမှ ဒီဇာတ်ကားမှာ မင်းသားကြီးလေးယောက် အတူပါဝင်တာဖြစ်လို့ ဒီဇာတ်ကားအတွက် ကျွန်တော်သေချာပြင်ဆင်မှုတွေလည်း လုပ်ရတယ်။ ဒါ့ကြောင့် ရှေ့မှာရိုက်ကူးဖို့လက်ခံထားတဲ့ ဇာတ်ကားကို စရန်ငွေ ပြန်လျော်ပြီး ဖျက်လိုက်ရတယ်။ ဒီဇာတ်ကားအတွက် အစစအရာရာ အသေးစိတ်ကအစ ကျွန်တော်သေချာပြင်ဆင်ပြီး လုပ်ဖြစ်ပါတယ်။

■ မေး -  ‘လူကြီး လူကောင်းများ’ ဇာတ်ကားအတွက် ဇာတ်လမ်းကလည်း အစ်ကိုပဲရေးတာဆိုတော့ မင်းသားလေးယောက်အတွက် စဉ်းစားပြီး ဇာတ်လမ်းကိုစဉ်တာလား၊ ဇာတ်လမ်းပေါ်မှာလိုက်ပြီး သူတို့တွေကို ထည့်တာလား။

■ ဖြေ-  ဇာတ်လမ်းက စဉ်းစားကတည်းက မင်းသားလေးယောက်၊ မင်းသမီးလေးယောက်ပေ့ါ။ ဇာတ်လမ်းကို သေချာစီစဉ်တယ်။ အခန်းစဉ်မှာလည်း မင်းသားလေးယောက်လုံးရော မင်းသမီးတွေအတွက်ရော ညီတူညီမျှဖြစ်အောင် စီစဉ်ထားတယ်။ ဇာတ်လမ်းကိုလည်း သေချာကိုက်အောင် ရေးထားပါတယ်။

■ မေး-  ‘လူကြီး လူကောင်းများ’ ဇာတ်ကားမှာ မင်းသမီးအသစ်တွေကို သုံးဖြစ်တဲ့အကြောင်းလေးကိုလည်း သိချင်ပါတယ်။

■ ဖြေ - ဒါကတော့ ပရိသတ်တွေအတွက် ကြည့်ရဆန်းအောင် စဉ်းစားတာလည်းပါတယ်။ နောက်ပြီး လက်ရှိ ကျွန်တော်တို့ ရုပ်ရှင်လောကမှာ မင်းသမီးရှားတဲ့ ပြဿနာတစ်ခုကို ကိုယ်တတ်နိုင်တဲ့ ဖက်ကနေပြီး ဖြည့်ချင်တာလည်းပါတယ်။ ဒါ့ကြောင့် အားလုံးတိုင်ပင်ပြီး အသစ်တွေရွေးသုံး ဖြစ်တာပါ။

■ မေး- အစ်ကို့အတွက် တာဝန်ကြီးတဲ့ဇာတ်ကားမှာ ပါဝင်မယ့် မင်းသမီးလေးယောက်က အသစ်တွေဖြစ်နေတဲ့အတွက် စိန်ခေါ်မှုပိုဖြစ်စေလား။

■ ဖြေ -   ဟုတ်ကဲ့ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူတို့ကို ဇာတ်ကားအတွက် မရွေးချယ်ခင်မှာလည်း လူချင်းတွေ့ပြီး မေးတယ်။ ဇာတ်ကားမရိုက်ခင်မှာလည်း ကိုယ်လိုချင်တဲ့ ဇာတ်ကောင်စရိုက်ဝင်ဖု့ိ စမ်းသပ်ရိုက်ကူးမှုတွေ လုပ်ဖြစ်ပါတယ်။

■ မေး -  ‘လူကြီးလူကောင်းများ’ ဇာတ်ကားက ဘယ်လိုဇာတ်လမ်းမျိုးလဲ။

■ ဖြေ-  ဒီဇာတ်ကားမှာက တစ်ယောက်ချင်းစီမှာရှိတတ်တဲ့ အကျင့်လေးတွေပေါ်မူတည်ပြီး ဟာသဇာတ်လမ်းအဖြစ် ဖန်တီးထားတာပါ။ လောဘကြီးတဲ့ လူ၊ ဒေါသကြီးတဲ့ လူ၊ ကပ်စေးနှဲတဲ့သူ၊ အလှကြိုက်တဲ့သူ စတဲ့လူကြီးလူကောင်း လေးယောက်နဲ့ တွေ့ဆုံတဲ့ ကောင်မလေးတွေအကြောင်းကို အဓိက ဇာတ်လမ်းဖွဲ့ထားတာပါ။ ဟာသဇာတ်လမ်းပါပဲ။ အဓိကဇာတ်ဆောင်တွေအပြင် အခြားသော အနုပညာရှင်တွေလည်း အများကြီးဝန်းရံပါဝင်ကြမှာပါ။

■ မေး- ဒီဇာတ်ကားကို ဘယ်တွေမှာ ရိုက်ကူးသွားမလဲ။

■ ဖြေ-  ဒီဇာတ်ကားကို ရန်ကုန်အပြင် ပြင်ဦးလွင်၊ အောင်ပန်း၊ ချောင်းသာတို့မှာသွားပြီး ရိုက်ကူးဖြစ်မှာပါ။ အဓိက ကတော့ မင်းသားတွေကလည်း ဒီဇာတ်ကားအတွက် မအားတဲ့ကြားက ပါဝင်ပေးကြတာဆိုတော့ သူတို့ရှိနေတဲ့ ဒေသတွေမှာ ရက်ညှိပြီးသွားရိုက်ရမှာပါ။

■ မေး-  ဇန်နဝါရီ ၁၉ ရက်မှာ ရုံတင်တော့မယ့် ကြီးလေးကြီး ဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့စကားလေးရှိရင် ပြောပေးပါဦး။

■ ဖြေ-  ကြီးလေးကြီး ဇာတ်ကားမှာ စရိုက်မတူညီတဲ့ လူလေးယောက်ကြားက အဖြစ်တွေကို ဟာသနှောပြီး တင်ပြထားတဲ့ ဇာတ်ကားလေးပါ။ ပရိသတ်တွေဒီဇာတ်ကား ကိုကြည့်ပြီး ရယ်မောပျော်ရွှင်ရမယ်၊ ထုတ်လုပ်သူအတွက်လည်း အကျိုးရှိမယ်ဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ ကျွန်တော်ကျေနပ်ပါတယ်။ ကြီးလေးကြီး ဇာတ်ကားကို လာကြည့်တဲ့ ပရိသတ်တွေ ဇာတ်ကားကြည့်နေစဉ်မှာ ရယ်မောပျော်ရွှင်စေမယ်လို့ ယုံကြည်ပါတယ်။

■ မေး- သူငယ်ချင်းကိုးယောက် ဇာတ်လမ်းတွဲလေးအကြောင်းလည်း ပြောပြပေးပါဦး။

■ ဖြေ - ကျွန်တော့်ကို ဇာတ်လမ်းတွဲရိုက်ပေးဖို့ ဦးသီက ပြောလာတုန်းက ဒါကြောင့် ကျွန်တော်က ဟာသဇာတ်လမ်းပဲရိုက်ဖို့ စီစဉ်ခဲ့ပေမဲ့ ဦးသီက သရဲဇာတ်လမ်းဒါမှမဟုတ် လူသတ်ကားလို ဇာတ်လမ်းမျိုး ရိုက်ပေးဖို့ပြောတယ်။ ကျွန်တော့်အနေနဲ့ အရင်တုန်းက မင်းသားမင်းသမီးအသစ်တွေနဲ့ ဗီဒီယိုဇာတ်ကားလေးရိုက်ပြီး မဖြန့်ဖြစ်ပဲသိမ်းထားတဲ့ ဒီဇာတ်လမ်းလေးကို ရိုက်ဖြစ်ခဲ့တာပါ။ ဇာတ်လမ်းကို အရင်ကတော့ သူငယ်ချင်းများလို့ နာမည်ပေးခဲ့တယ်။ ဇာတ်လမ်းတွဲရိုက်တဲ့ အခါမှာတော့ 9 လို့ ပေးဖြစ်ပေမယ့် ဦးသီက သူငယ်ချင်းကိုးယောက်လို့ ပြောင်းပေးလိုက်တာပါ။ ဒီဇာတ်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းပါ။ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ဝေဖန်တဲ့ သူရှိခဲ့ပြီး ကျွန်တော့်ဘက်က တရားစွဲဖို့အထိ ပြင်ဆင်ခဲ့ပေမယ့် အခုချိန်မှာတော့ သူ့ဘက်ကလည်း ပြန်ပြီးတောင်းပန်တဲ့အတွက် ပြေလည်မှုရသွားပါပြီ။

■ မေး - အစ်ကို့ရဲ့ ပရိသတ်တွေအတွက်ပြောချင်တဲ့ စကားရှိရင်။

■ ဖြေ - ကျွန်တော့်အနေနဲ့ ပရိသတ်တွေအတွက် အမြဲတမ်းကြိုးစားနေပါတယ်။ ဝေဖန်မှုတွေဘယ်လိုပဲရှိရှိ ကျွန်တော့်ဇာတ်ကားတွေကို လာပြီးအားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဇာတ်ကားတွေကိုကြည့်ပြီး ပရိသတ်တွေ ရယ်မောပျော်ရွှင်ရတယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်။

Most Read

Most Recent