ထပ်ဆင့်အကယ်ဒမီဖွေးဖွေးနှင့် တွေ့ဆုံခြင်း

အနုပညာလောကအတွင်း စတင်ဝင်ရောက်စဉ်က ဆရာဖြစ်သူ ဒါရိုက်တာဝိုင်း၏ ညွှန်ကြားမှုအတိုင်း သရုပ်ဆောင်ခွင့်ရမည့် ‘လက်ပံ’ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ရုပ်အတွက် အချိန်ယူပြင်ဆင်ကာ ဇာတ်ကောင်စရိုက်၏ ခံစားမှုအား အသက်သွင်းခဲ့သူ၊ ယင်းဇာတ်ကားဖြင့်ပင် သရုပ်ဆောင် ပီပြင်သူတစ်ဦးအဖြစ် ပရိသတ်လက်ခံခဲ့ကာ အကယ်ဒမီထူးချွန်ဆုအား သိမ်းပိုက်ရယူနိုင်ခဲ့သူ၊ နှစ်အနည်းငယ်အတွင်းတွင်ပင် အောင်မြင်သည့်ဇာတ်ကားများစွာ၌ သရုပ်ဆောင်ခဲ့ကာ ‘ကျွန်မက နှင်းဆီပါမောင်’ ဇာတ်ကားတွင် ပီပြင်သည့် သရုပ်ဆောင်မှုများဖြင့် ဒုတိယမြောက် အကယ်ဒမီကို သိမ်းပိုက်နိုင်ခဲ့သူမှာ ထပ်ဆင့်အကယ်ဒမီဆုရှင် ဖွေးဖွေးဖြစ်သည်။ နှစ်သက်သည့်ဇာတ်လမ်းနှင့် ဇာတ်ကောင်စရိုက်ကိုသာ ရွေးချယ်ကာ အရေအတွက် နည်းပါးသည့် ဇာတ်ကားကိုသာ လက်ခံရိုက်ကူးလေ့ရှိသူ အကယ်ဒမီဖွေးဖွေးက ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံး ဇာတ်ကားရိုက်ကူးမှုအဖြစ် ‘ရွှေကြာ’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက် ရှိပါသည်။ ‘ရွှေကြာ’ ဇာတ်ကားအတွက် အပြင်းအထန် ၀ိတ်ချခဲ့ပြီး အမှောင်လောကအတွင်းမှ အသက်မွေးဝမ်းကျောင်းပြုနေသူ မိန်းကလေးငယ်များနှင့် ကိုယ်တိုင်တွေ့ဆုံခဲ့သူ ဖွေးဖွေး၏ ရွှေကြာဇာတ်ကားအတွက် ပြင်ဆင်ခဲ့မှုများ၊ အနုပညာလုပ်ငန်းများနှင့် ပတ်သက်၍ ရည်မှန်းထားသည်များ အပါအ၀င် စိတ်အားထက်သန်လှသည့် အနုပညာချစ်စိတ် အကြောင်းအရာတို့ကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

မေး - ရွှေကြာဇာတ်ကားကို မရိုက်ကူးခင် ပြင်ဆင်ခဲ့ရတာလေးတွေ အရင်ပြောပြပေးပါဦး။

ဖြေ - မရိုက်ခင် နှစ်လလောက် အလိုကတည်းက အများကြီး ပြင်ဆင်ထားပါတယ်။ ကိုဝိုင်းကလည်း ပေါင် ၂၀ လောက် ၀ိတ်ချခိုင်းတဲ့အတွက် ၀ိတ်ချထားပါတယ်။ လောလောဆယ်တော့ ၁၄ ပေါင်လောက် ကျသွားပြီပေါ့။ စာအုပ်ကိုလည်း အကြိမ်ကြိမ် ပြန်ဖတ်တယ်။ ဖတ်တိုင်းလည်း ငိုရပါတယ်။ ဒီထဲက ရွှေကြာဆိုတဲ့ မိန်းကလေးအနေနဲ့ ခံစားပြီး အကြိမ်ကြိမ် ဖတ်ကြည့်ဖြစ်တယ်။ ဇာတ်ကားမရိုက်ကူးခင်မှာလည်း PSI က ပညာပေးနေတဲ့ အမျိုးသမီးလေးတွေနဲ့ သွားရောက် တွေ့ဆုံဖြစ်ခဲ့တယ်။ သူတို့ရဲ့ ခံစားမှုတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ အဓိကတော့ ဇာတ်ကားမှာ ပါဝင်ရမယ့် ရွှေကြာဆိုတဲ့ ဇာတ်ရုပ်အတွက် လိုအပ်တာတွေ အားလုံးကို ပြင်ဆင်ခဲ့ပါတယ်။

မေး - ရိုက်ကူးတဲ့ဇာတ်ကားတိုင်းမှာ ပါဝင်ရမယ့် ဇာတ်ကောင်စရိုက်နဲ့ တစ်သားတည်းဖြစ်အောင် ပြင်ဆင်တတ်တဲ့ သူဆိုတော့ အခုရော ရွှေကြာဇာတ်ရုပ်နဲ့ တစ်သားတည်း ဖြစ်နေပြီလို့ ပြောလို့ရမလား။

ဖြေ - ဖွေး ဒီဇာတ်ရုပ်အတွက် အကောင်းဆုံးလည်း ပြင်ဆင်ခဲ့တယ်။ အခုတကယ်တမ်း ရိုက်ကူးနေတဲ့ အချိန်မှာလည်း ဒီဇာတ်ရုပ်နဲ့ တစ်ထပ်တည်းကျအောင် အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်နေပါတယ်။

မေး - ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ရွှေကြာလို မိန်းကလေးတွေအတွက် ဒီဇာတ်ကားကတစ်ဆင့် ဘယ်လိုအသိပညာမျိုးတွေ အဓိက ပေးနိုင်မယ်လို့ရော မျှော်လင့်ထားလဲ။

ဖြေ - ဒီဇာတ်ရုပ်က အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အမှောင်ထဲကိုရောက်နေတဲ့ မိန်းကလေးတွေ အကြောင်းပေါ့နော်။ ဖွေး ဒီဇာတ်ကားကတစ်ဆင့် ဒီလိုမိန်းကလေးတွေအတွက် လက်လှမ်းမီသလောက် ပြောပြချင်တာက ဒီလိုဘ၀မျိုး ရောက်နေပေမယ့် ရုန်းထွက်မယ်ဆိုရင်လည်း ရုန်းထွက်လို့ရတယ်။ စိတ်ဓာတ်ကျ စိတ်အားငယ်စရာ မလိုဘူး။ သတ္တိရှိဖို့တော့ လိုတာပေါ့လေ။ ဒီလိုအခြေအနေမျိုး ဖြစ်သွားတဲ့အတွက် အားငယ်နေစရာ မလိုဘူး။ ရုန်းထွက်နိုင်တဲ့ သတ္တိပဲလိုတာပါ ဆိုတာလေးကို တတ်နိုင်သမျှ ပြောပြချင်တယ်။ ဒါကိုလည်း ရွှေကြာဆိုတဲ့ဇာတ်ကောင်ကတစ်ဆင့် ပြောပြနိုင်အောင် ဖွေး အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ အဓိကတော့ ဒီလိုဘ၀မျိုး ဘယ်မိန်းကလေးကမှ မရောက်ချင်ကြဘူး။ မလွန်ဆန်နိုင်တဲ့၊ မဖြစ်သာတဲ့ အခြေအနေ တစ်ခုကြောင့် ရောက်ကြရတယ်။ ဒီလိုရောက်သွားတဲ့ အခါမှာလည်း ဘ၀ကိုအရှုံးပေးပြီး စိတ်ဓာတ်ကျနေစရာမလိုဘဲ ဘယ်လိုနည်းလမ်းနဲ့ ရုန်းထွက်နိုင်မလဲဆိုတာကို အမြဲပဲကြံစည် စဉ်းစားနေမယ်ဆိုရင် တစ်နေ့မှာတော့ အလင်းရောင်အောက်က ဘ၀မျိုးကို ရောက်လာမှာပါ။ လှပတင့်တယ်တဲ့ ဘ၀မျိုးကို ပိုင်ဆိုင်လာမှာပါဆိုတာလေးကို သတင်းစကားပါးနိုင်ဖို့ ကြိုးစားသွားမှာပါ။

မေး - ဆရာရင်းဖြစ်တဲ့ ဒါရိုက်တာကိုဝိုင်းနဲ့ ရိုက်တဲ့အခါ မရိုက်ခင်မှာလည်း အများကြီး ပြင်ဆင်စေသလို တကယ်ရိုက်တဲ့အခါလည်း စိတ်တိုင်းမကျရင် မကျသလို သွန်သင်မှုတွေ အများကြီးလုပ်တာ တွေ့ရတယ်။ ကိုဝိုင်းနဲ့ ရိုက်ကူးခွင့်ရတဲ့အခါ ဘာတွေ အဓိက ကွာခြားသွားတယ်လို့ထင်လဲ။

ဖြေ - ကိုဝိုင်းကို ဖွေးယုံတယ်။ ကိုဝိုင်းက အနုပညာကို အရမ်းချစ်တယ်။ တန်ဖိုးထားတယ်။ ငွေကြေးအတွက် အလုပ်လုပ်ကြတာချင်းတူပေမယ့် အနုပညာအပေါ် တန်ဖိုးထားတာချင်းကတော့ ကွဲပြားတယ်လေ။ အနုပညာကို တကယ်ချစ်တဲ့ အနုပညာရှင်တွေကိုလည်း တန်ဖိုးထားတယ်။ ဒါကြောင့် ကိုဝိုင်းနဲ့ အလုပ်တွဲလုပ်တဲ့အခါ အနုပညာအတွက် အဓိကအာရုံစိုက်ပြီး လုပ်ရတဲ့အတွက် ဖွေး အရမ်းကျေနပ်ပါတယ်။ ကိုဝိုင်းရဲ့ သင်ကြားပြသမှုတွေနဲ့ပဲ ဖွေးလို့ ဖြစ်လာခဲ့တာပါ။

မေး - စာရေးဆရာမ ပုညခင်၊ ဒါရိုက်တာဝိုင်းနဲ့ ဖွေးဖွေးတို့က ကျွန်မကနှင်းဆီပါမောင်မှာလည်း မှတ်တိုင်စိုက်နိုင်ခဲ့တယ်ဆိုတော့ အခု ဒီဇာတ်ကားမှာရော နောက်ထပ်မှတ်တိုင်တစ်ခု ဖြစ်လာနိုင်မလား။

ဖြေ - ဖွေး အများကြီးလည်း ကြိုပြီးမပြောချင်ပါဘူး။ စကားတွေ အများကြီးပြောတာထက် ဖွေး အခုသရုပ်ဆောင်ခွင့်ရတဲ့ ရွှေကြာဆိုတဲ့ ဇာတ်ရုပ်နဲ့ တစ်ထပ်တည်းကျအောင် အကောင်းဆုံး ကြိုးစားနေပါတယ်။ ဒီဇာတ်ကားရုံတင်တဲ့ အချိန်ကျမှပဲ ဖွေးရဲ့ပရိသတ်တွေကို ကြည့်ရှုအားပေးပြီး အကဲဖြတ်ပေးစေချင်ပါတယ်။

မေး - ဖွေးက ရုပ်ရှင်ဇာတ်ကားတွေကို စိတ်ကြိုက်ဖြစ်တဲ့ ဇာတ်ကားလောက်ပဲ ရိုက်ဖြစ်တာဆိုတော့ ဇာတ်ကားရိုက် နည်းသထက်နည်းသွားမှာကို ပရိသတ်တွေက စိတ်ပူကြတယ်။ အဲဒီအတွက်ရော ဘယ်လိုစဉ်းစားထားလဲ။

ဖြေ - ဖွေး ဒီလောကထဲ စ၀င်လာကတည်းကလည်း ဖွေးနဲ့ တကယ်လိုက်ဖက်တဲ့၊ ဖွေးလုပ်နိုင်တဲ့ ဇာတ်ကောင်စရိုက်မျိုး၊ ဇာတ်လမ်းမျိုးကိုပဲ ရွေးပြီးရိုက်ဖြစ်ခဲ့တယ်။ ဒီနောက် ဖွေးကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်က လက်ခံပြီးတဲ့ အချိန်မှာလည်း ဒီပုံစံအတိုင်းပဲ ရွေးချယ်ရိုက်ကူးခဲ့သလို အကယ်ဒမီတွေ ရပြီးသွားတဲ့အချိန်မှာလည်း ဖွေး ဇာတ်လမ်းရွေးချယ်တဲ့ပုံစံက ဒီပုံစံပါပဲ။ ပြောင်းလဲမသွားပါဘူး။ ဒီနှစ်တွေထဲမှာ ဖွေးကိုလာကမ်းလှမ်းတဲ့ ဇာတ်ကားတွေ ရှိပေမယ့် စိတ်တိုင်းမကျတဲ့ ဇာတ်လမ်းမျိုးတွေကို ဖွေး ဂျီးများခဲ့တာတွေ၊ ငြင်းခဲ့ရတာတွေလည်း ရှိပါတယ်။ ဖွေးက အချိန်ယူပြီး စိတ်တိုင်းကျတဲ့ ဇာတ်ကားလေးတွေကိုပဲ ရိုက်ခဲ့တဲ့အပေါ်မှာ စိတ်ရှည်သည်းခံပြီး အားပေးကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဖွေးဒီလိုပဲ စိတ်တိုင်းကျတဲ့ ဇာတ်ကားတွေပဲ ရွေးပြီးရိုက်ကူးသွားပါဦးမယ်။

မေး - ဖွေး ဘယ်အသက်အရွယ်လောက်ထိပဲ အနုပညာအလုပ်တွေလုပ်မယ် ဆိုတာမျိုး ဆုံးဖြတ်ထားတာမျိုးရော ရှိလား။

ဖြေ - ဖွေး ဒီအသက်အရွယ်နဲ့ တရားပေါက်လို့လည်း မရသေးဘူးဆိုတော့ အနုပညာအလုပ်တွေကတော့ ဆက်လုပ်သွားဦးမှာပါ။ ဖွေးပရိသတ်တွေအတွက် ဖွေးဇာတ်ကားတွေ ဆက်ရိုက်ဖြစ်မှာပါ။

မေး - ရွှေကြာဇာတ်ကားက စာချုပ်ချုပ်ဆိုပြီး လုပ်ရတာဆိုတော့ ဘာတွေပြောင်းလဲသွားမယ်လို့ရော ထင်လဲ။

ဖြေ - ပိုပြီးစနစ်ကျသွားမယ်လို့ ထင်ပါတယ်။ ဖွေးတို့အရင်ကတော့ နားလည်မှုတွေနဲ့ လုပ်ကြတယ်။ အခုကတော့ စည်းကမ်းတကျ စာချုပ်နဲ့လုပ်ကြတာဆိုတော့ အလုပ်အတွက်လည်း ပိုကောင်းမယ်လို့ ထင်ပါတယ်။ သိပ်အများကြီးတော့ ဖွေးလည်းမပြောတတ်ဘူး။

မေး - ဒီနှစ်ထဲမှာရော နောက်ထပ်ရုပ်ရှင်ကားကြီး ထပ်ရိုက်ဖြစ်ဖို့ ရှိမလား။

ဖြေ - သမ္မတကြီးထံပေးစာဆိုတဲ့ ကိုဝိုင်းရိုက်ကူးမယ့်ဇာတ်ကားမှာ သရုပ်ဆောင်ပါမယ်။

မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။

ဖြေ - ဖွေးဖွေးအနေနဲ့ အနုပညာလုပ်ငန်း ဖန်တီးမှုအားလုံးကို လက်ခံအားပေးနေတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

Writer: 
လင်းလင်းခိုင်