Assignment အဖွဲ့မှ တေးရေး၊ တေးဆို အေသင်ဇော်ဇော်နှင့် တွေ့ဆုံခြင်း

ဂီတလောကအတွင်း တိုးဝင်ရောက်ရှိလာသည့် လူငယ် ဂီတ ၀ါသနာရှင်များစွာ ရှိသည့်အနက် လတ်တလော လူငယ်ပရိသတ်များ သတိပြု အားပေးလျက်ရှိသူ တစ်ဦးမှာ Assignment အဖွဲ့၏ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်သူ တေးသံရှင် အေသင်ဇော်ဇော်ပင်ဖြစ်သည်။ ငယ်စဉ်ကတည်းကပင် ဂီတ၀ါသနာကို ထမ်းပိုးကာ အခက်အခဲများစွာအား ရင်ဆိုင်ဖြတ်သန်း၍ ဂီတလောက ခရီးကြမ်းအား လျှောက်လှမ်းလာခဲ့သူဖြစ်သည်။ ဂျာနယ်လစ်တစ်ဦးအဖြစ်မှသည် တေးသံရှင် တစ်ဦးအဖြစ် ကူးပြောင်းရောက်ရှိလာခဲ့ပြီးနောက် ‘စာသင်ကျောင်းတွေ ပိတ်ထားတယ်’ တေးစီးရီးသစ်အား ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်သည်။ စာသင်ကြားခွင့်မရသည့် ကလေးငယ်များ၏ဘ၀များ၊ လူငယ်များကြားမှ မွန်းကျပ်မှုများနှင့် ထွက်ပေါက်မဲ့ခံစားမှုများ၊ ချစ်ခြင်းမေတ္တာဖွဲ့ခံစားမှုများ အပါအ၀င် တေးသီချင်းကောင်းများစွာအား ဖန်တီးသီဆိုထားသူ လူငယ်တေးသံရှင် အေသင်ဇော်ဇော်နှင့်တွေ့ဆုံ၍ ဂီတလောကတွင်း ဖြတ်သန်းမှု အမှတ်တရများ၊ ဆက်လက်လုပ်ဆောင်လျက်ရှိသည့် ဂီတလုပ်ငန်းများ အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ဂီတကို ၀ါသနာပါတာ ဘယ်အရွယ်လောက် စပြီး သတိထားဖြစ်လဲ။
ဖြေ - သီချင်းကို ငယ်ငယ်တည်းက ကြိုက်တာ။ တော်တော်ငယ်ငယ်တည်းကပါ။

မေး - ဂီတနဲ့ ပတ်သက်လို့ ရူးသွပ်ခဲ့ရတဲ့ အမှတ်တရတွေကို ပြောပါဦး။
ဖြေ - အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျနော်ကြိုက်တဲ့ ရှိုးပွဲတွေ သွားကြည့်တဲ့အခါ အဆိုတော်တွေကို ပရိသတ်တွေက အားပေးတိုင်း ကြက်သီးထပြီး မျက်ရည်ကျတယ်။ တစ်ယောက်တည်း သီချင်းဆိုတဲ့အခါ မျက်လုံးမှိတ်ပြီး လူတွေ အားပေးနေတာမျိုး မကြာခဏ တွေးခဲ့ဖူးတယ်။

မေး - ဂီတလောကမှာ နောက်ခံမရှိသူ တစ်ယောက်အနေနဲ့ ဒီလမ်းကြောင်းပေါ်မရောက်ခင် ကြုံရတဲ့အခက်အခဲ၊ စိန်ခေါ်မှု။
ဖြေ - အရမ်းများလို့ ရပ်ပစ်ဖို့ကို အခုထိ တွေးတွေးမိနေတုန်းပါ။ ဂီတက နုညံ့သလောက် သူ့အနောက်ကိုလိုက်တဲ့ ဘ၀တွေက အရမ်းကြမ်းတယ်။ "မင်း အဲ့ဒါချည်းလုပ်နေတာ ဘာဖြစ်မယ်ထင်လဲ" ဆိုတဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ စကားမရှိခဲ့ဘူး။ ဒါပေမဲ့ သီချင်းလုပ်နေရရင်လည်း အားလုံးမေ့ထားလို့ ရပါတယ်။

မေး - ASSIGNMENT အဖွဲ့ကို အရင်စဖွဲ့တာလား။ သီချင်းတွေ အရင်ရေးတာလား။
ဖြေ - သီချင်းတွေကို ရေးတာကြာပြီ။ စရေးတဲ့သီချင်းတွေဆို ဘယ်ရောက်ကုန်မှန်းတောင် မသိဘူး။ Assignment ကတော့ ၂၀၁၂ နောက်ပိုင်းလောက်မှ စဖွဲ့ဖြစ်တာ။ သီချင်းကတော့ အမြဲရေးနေခဲ့တာပဲ။

မေး - ASSIGNMENT ဆိုတဲ့ နာမည်ပေးဖြစ်ပုံနဲ့ အဖွဲ့ ဖွဲ့စည်းဖြစ်ခဲ့ပုံက။
ဖြေ - နာမည်ကတော့ ကျနော်ရွေးတာပါ။ လူတွေက ကံစီမံရာပဲလေ။ ဘဝမှာ အရာရာတော်တော်များများက Assigned အလုပ်ခံထားရသလို ကျနော်တို့ ငြင်းဆန်ဖို့ခက်တယ်။ ဖွဲ့ဖြစ်ပုံကတော့  ကျနော် ၂၀၁၂ လောက်က ဂစ်တာကိုပေါက် သင်တန်းမှာ ဂစ်တာသင်တယ်။ အဲ့က သင်တန်းဆရာ ကိုချစ်မင်းသူနဲ့ ဆုံပြီး ဒါစလုပ်ဖြစ်တာပဲ။ နောက် GMI စတူဒီယိုက အင်ဂျင်နီယာ ကိုကျီးပေါင်က အဖွဲ့မှာ ပါလာခဲ့တယ်။သူတို့နှစ်ယောက် အဓိက တီးကြတာပါ။ တခြားမိတ်ဆွေတွေလည်း လိုအပ်သလို ကူညီတီးခတ်ပေးခဲ့ကြတယ်။

မေး - ဂျာနယ်လစ်လည်း လုပ်ခဲ့တော့ သီချင်းရေးတဲ့ခါ အချက်အလက်တွေနဲ့ လူတွေကြားက အကြောင်းအရာတွေ ပိုရေးဖြစ်တာလား။
ဖြေ - ဂျာနယ်လစ်ဖြစ်ခဲ့ရတာ ကျေနပ်တယ်။ ကျနော် လူတွေနဲ့ ဘ၀အကြောင်း ကဗျာတွေ ရေးတယ်။ ဆောင်းပါးတွေ ရေးတယ်။ အတွေးအမြင်အက်ဆေးတွေ ရေးတယ်။ ဒါတွေက သီချင်းရေးတာကို ကျေးဇူးပြုတယ်။ ဒါပေမဲ့ အဲဒီဖန်တီးမှုတွေထဲမှာ ဘောင်တွေ ခက်မထားဖို့လည်း ကိုယ့်ကိုယ်ကို သတိပေးဖြစ်ပါတယ်။

မေး - စာသင်ကျောင်းတွေ ပိတ်ထားတယ် သီချင်းကို ရေးဖို့ ဘယ်လို Inspiration ရခဲ့လဲ။
ဖြေ - ကလေးတစ်ယောက်ဟာ ကျောင်းနေရဖို့ အခွင့်အရေး ရှိနေသင့်တယ်လေ။ ဒါပေမဲ့ ဆင်းရဲမွဲတေမှုတွေ၊ တခြားအကြောင်းတွေကြောင့် ကျောင်းမနေကြရဘူး။ ကျနော်တို့ နိုင်ငံမှာ ကျောင်းနေအရွယ်ကလေး လေးသန်းကျော် ကျောင်းမနေရဘူး။ သူတို့ကို နေရာစုံမှာ အမြဲမြင်နေရတာပဲ။ ဒီသီချင်းကြားပြီး သူတို့ကို လူတွေ ပိုဂရုစိုက်ပေးစေချင်တယ်။

မေး - ဒဏ်ရာအိမ်၊ အမှန်မြင်ပါ သူငယ်ချင်း သီချင်းတွေ ရေးဖြစ်တဲ့ ခံစားချက်။
ဖြေ - ဒဏ်ရာအိမ်ရေးတော့ မျက်ရည်ကျတယ်။ အသံသွင်းတော့ စတူဒီယိုထဲမှာ မျက်ရည်ကျတယ်။ တစ်ခေါက်ပဲ သွင်းပြီး နောက်ပြန်မဆိုဖြစ်တော့ဘူး။ အဲ့အတိုင်းအယ်လ်ဘမ်ထဲ ထည့်လိုက်တာ။ ကွယ်လွန်သွားတဲ့ အမေနဲ့ အိမ်အကြောင်းမို့ပါ။ အမှန်မြင်ပါ သူငယ်ချင်းကတော့ ဒီအတိုင်းပဲ သူငယ်ချင်းတွေကို အားပေးထားတာ။

မေး - သီချင်းတွေ အကုန်လုံးကို တစ်ယောက်တည်း ရေးထားတာဆိုတော့ နောက်ပိုင်း တေးရေးလုပ်ဖြစ်မယ် ထင်လား။
ဖြေ - သီးသန့်ကြီးတော့ တေးရေး ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အကြောင်းတိုက်ဆိုင်ရင်တော့ ဖြစ်ချင်ဖြစ်မှာပါ။

မေး - ပထမဆုံး အယ်လ်ဘမ်ထွက်ပြီးတဲ့အချိန်က ပြန်ရခဲ့တဲ့ စိတ်ကျေနပ်လေး ပြောပါဦး။
ဖြေ - အစကတော့ ပျော်တယ်။ နောက်တော့ တစ်ခုခုလိုနေသလား ပြန်စဉ်းစားရင်း ငါ အလောကြီးသွားလားလို့ ပြန်တွေးမိပြန်ရော။ ဘာဖြစ်ဖြစ် အဲ့ဒါလုပ်နိုင်ခဲ့တာက ရှေ့ဆက်သွားဖို့ လမ်းစတစ်ခု ဖောက်မိလိုက်တာပါပဲ။

မေး - အယ်လ်ဘမ်ရောင်းရငွေထဲက တချို့ကို ပညာသင်ကြားခွင့်မရတဲ့ကလေးတွေအတွက် လှူဒါန်းမယ်ဆိုတော့ အကောင်အထည်ဖော်ဖြစ်ပြီလား။
ဖြေ - ကျနော်ဆီက ၀ယ်တဲ့အယ်လ်ဘမ်ထဲ တချို့ငွေတွေတော့ လှူဖြစ်ပါတယ်။ ဒါပေမဲ့ ဖြန့်ချိရေးနဲ့ကျတော့ ကျနော်တို့ အယ်လ်ဘမ်ကို အချိန်တော်တော်ကြာ ဆက်ရောင်းပြီးမှ ရှင်းကြရမှာပါ။

မေး - ဂီတပုံစံအသစ်၊ ကွဲပြားတဲ့စာသားဟန်တွေနဲ့ ဖန်တီးမှုအပေါ် ပရိသတ်တုံ့ပြန်မှုက ဘယ်လိုရှိတယ်လို့ မြင်လဲ။
ဖြေ - အရင်က ယောကျာင်္းလေး တော်တော်များများ ကျနော့်ကို  ကြည့်မရခဲ့ဘူး။ ဒါပေမဲ့ ကျနော် သီချင်းတွေ နားထောင်ပြီးကြတဲ့နောက်မှာတော့ သူတို့ တော်တော်များများ ကျနော့်ကို ကြည့်လို့ ရလာကြတဲ့ပုံပဲ။ အဟဲ။ စာတွေ ပို့ပြီးတော့လည်း အားပေးတယ်။ တချို့လည်း အပြင်မှာ လာတွေ့ကြတယ်။ သီချင်းပုံစံတွေ ကြိုက်တဲ့အကြောင်းနဲ့ ဆက်လုပ်ဖို့ ပြောကြတယ်။

မေး - ဂီတအမျိုးအစားတွေ အများကြီးထဲကမှ Alternative ကို စိတ်ဝင်စားမှု ဘာကြောင့်ပိုတာလဲ။
ဖြေ - စိတ်ထဲမှာ ဖြစ်နေတာ။ ဘယ်လိုပြောရမှန်း မသိဘူး။ သူက ပုံစံလည်း စုံတယ်။ ကျနော်ကလည်း တစ်သက်မှတ်တည်း ရှိမနေချင်ဘူး။ အော်တာကို ကြိုက်တယ်။ တခြားသီချင်းတွေလည်း ကြိုက်ပါတယ်။

မေး - ရှိုးပွဲတွေ ထပ်ဆိုမယ့် အစီအစဉ်ရှိလား။
ဖြေ - ရှိုးပွဲအကြီးတွေကတော့ ခေါ်တဲ့သူရှိမှ ဆိုရမှာပေါ့နော်။ ခေါ်တယ်ဆိုတာကလည်း ပရိတ်သတ်က ကိုယ့်ကို များများလက်ခံဖို့ လိုတာပေါ့။ အိပ်မက်ကတော့ စတိတ်အကြီးကြီးပေါ်မှာ ပရိသတ်အများကြီးကို သီချင်းတွေ ဆိုပြချင်တာ။ အခုကတော့ ပရိုမိုးရှင်းပွဲတွေနဲ့ ညနေခင်းအပျော်တမ်းပွဲတွေပဲ ဆိုဖြစ်တယ်။

မေး - သီချင်းအသစ်တွေ ထပ်လုပ်ဖြစ်နေလား။
ဖြေ - ဟုတ်ကဲ့ လုပ်ဖြစ်တယ်။ ဒီနှစ်ထဲမှာပဲ နောက်အယ်လ်ဘမ်တစ်ခု ထွက်နိုင်ဖို့ ကြိုးစားနေတယ်။ သီချင်းရေးတဲ့ အပိုင်းတော့ ပြီးပါပြီ။ လူအများလက်ခံနိုင်တဲ့ အယ်လ်ဘမ်တစ်ချပ်ဖြစ်ဖို့ လုပ်နေပါတယ်။

မေး- လက်ရှိ ဂီတရေစီးကြောင်းအပေါ် အမြင်လေး။
ဖြေ - အဲ့ဒါကြီးက ပြောရင် အများကြီးပဲ။ မပြောတာက ပိုကောင်းမယ် ထင်တယ်နော်။ ရေစီးကြောင်းကိုပြောရင် စီးပွားရေးပိုင်းရော၊ ဖန်တီးမှုပိုင်းရော၊ လူတွေ လက်ခံလာကြတဲ့ပိုင်းရော အများကြီးမို့ပါ။ ကျနော်တို့ လုပ်ချင်တာ လုပ်နိုင်ဖို့ပဲ တွေးထားတယ်။ အဲ့အတိုင်းပဲ သွားနေတယ်။

မေး - နောက်ဆုံးအနေနဲ့ ပရိသတ်ကို စကားလက်ဆောင်ပါးချင်တာလေးတစ်ခုခု ပြောပေးပါဦး။
ဖြေ - Facebook မှာ ASSIGNMENT ဆိုပြီး ကျနော်တို့ စာမျက်နှာလေး ရှိပါတယ်။ သီချင်းတွေအကုန် တင်ထားပါတယ်။ အကောင်းဆုံးလည်း ဆက်ကြိုးစားနေမှာပါလို့ ပြောချင်ပါတယ် ခင်ဗျ .... ။

Writer: 
လင်းလင်းခိုင်