ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေနှင့် တွေ့ဆုံခြင်း

နိုင်ငံတကာမှ အနုပညာရှင်များနှင့် မြန်မာအနုပညာရှင်များ ပူးပေါင်းကာ ရုပ်ရှင်ဇာတ်ကားများ ပူးပေါင်းရိုက်ကူးမှုမှာ ယခုနှစ်ပိုင်းအတွင်း ပိုမိုများပြားလာလျက် ရှိနေပါသည်။ ယင်းသို့ မြန်မာအနုပညာရှင်များနှင့် အနုပညာလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ထားသူများအနက် တစ်ဦးမှာ အွန်လိုင်း အသုံးပြုသူများကြားတွင် ရေပန်းစား ပျံ့နှံ့လျက်ရှိသည့် ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေပင်ဖြစ်သည်။ ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေသည် Myanmar Media 7 နှင့်လက်တွဲကာ ဇာတ်ကားရိုက်ကူးခြင်း၊ ကြော်ငြာရိုက်ကူးခြင်း အပါအ၀င် အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်ထားသူတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံသို့ မကြာခဏ လာရောက်လေ့ရှိသူ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် Ve Ve နှစ် (၂၀) ပြည့်ပွဲတွင် တက်ရောက်ခဲ့ကာ Ve Ve အချိုရည် ကြော်ငြာအားလည်း ရိုက်ကူးခဲ့ပါသည်။ အကယ်ဒမီ နေတိုးနှင့် တွဲဖက်သရုပ်ဆောင်ရမည့် ရုပ်ရှင်ကားကြီး ရိုက်ကူးရန်လည်း မတ်လဆန်းတွင် ပြန်လည် လာရောက်မည်ဖြစ်ကာ ယင်းဇာတ်ကားအတွက် ပြင်ဆင်လျက်ရှိသူ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေနှင့် တွေ့ဆုံ၍ မကြာခင် ရိုက်ကူးတော့မည့် ဇာတ်ကားအတွက် ပြင်ဆင်နေမှုများ၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စိတ်ခံစားချက်များ အပါအ၀င် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - အခုတစ်ခေါက် မြန်မာနိုင်ငံကို ပြန်လာတဲ့အချိန်မှာ ခံစားရတဲ့ ခံစားမှုလေး အရင်ဆုံး ပြောပြပါဦး။

ဖြေ - မြန်မာနိုင်ငံကို အခုတစ်ခေါက်လာတဲ့ အချိန်မှာ တစ်ခေါက်ထက် တစ်ခေါက်ပိုမို တိုးတက် ပြောင်းလဲလာတာတွေ အများကြီးကို တွေ့မြင်ရပါတယ်။ အမြဲတမ်း မပြောင်းလဲတဲ့ အရာတစ်ခုကတော့ ကျွန်မအပေါ်မှာ ထားရှိတဲ့ မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုပါ။ ဒီကိုလာတဲ့ အချိန်တိုင်းမှာ မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု၊ နွေးထွေးမှုတွေကို ခံစားရတဲ့အတွက် ပျော်ရွှင်ကျေနပ်မိပါတယ်။

မေး - အခုတစ်ခေါက် လာဖြစ်တဲ့ ခရီးစဉ်ကရော ဘာအတွက် လာဖြစ်ခဲ့တာလဲ။

ဖြေ - အခုတစ်ခေါက် ခရီးစဉ်မှာက Ve Ve ကြော်ငြာ ရိုက်ကူးဖို့အတွက်ပါ။ တစ်ခါတည်းမှာပဲ Ve Ve နှစ် (၂၀) ပြည့်ပွဲရှိတဲ့အတွက် တက်ဖြစ်ခဲ့ပါတယ်။ ကြော်ငြာရိုက်ကူးဖို့ အတွက်ကတော့ အရင်ကတည်းက ပြင်ဆင်ထားပြီးဖြစ်လို့ အရမ်းကြီး မခက်ခဲပါဘူး။

မေး - ကိုနေတိုးနဲ့ ရုပ်ရှင်ကားကြီးလည်း မကြာခင် ရိုက်တော့မယ်ဆိုတော့ အဲဒီအတွက် ဘာတွေပြင်ဆင်နေလဲ။

ဖြေ - အဓိကကတော့ ယဉ်ကျေးမှုနဲ့ ဘာသာစကားက လုံးဝကွဲပြားနေတဲ့အတွက် အဲဒီအပိုင်းတွေကို သေချာလေ့လာ ပြင်ဆင်နေပါတယ်။ ဘာသာစကားပိုင်းကိုလည်း ပိုပြီးတတ်ကျွမ်းလာအောင် လေ့ကျင့် သင်ယူနေပါတယ်။ အမူအရာပိုင်းနဲ့ ပတ်သက်လို့ကတော့ ဒီဇာတ်ကားက ကျွန်မအတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားပါ။ ဒါကြောင့် သရုပ်ဆောင်မှုနဲ့ ပတ်သက်ရင် မသိသေးတာတွေ၊ မတတ်သေးတာတွေ အများကြီး ရှိနေပါသေးတယ်။ အဲဒါတွေ အတွက်တော့ ဇာတ်ကားတွေများများ ကြည့်ဖြစ်တယ်။ ကိုယ့်ဘာသာ မှန်ကြည့်ပြီး သရုပ်ဆောင် လေ့ကျင့်ဖြစ်တယ်။ စိတ်ခံစားမှုသွင်းပြီး အမူအရာ လုပ်ကြည့်ဖြစ်ပါတယ်။

မေး - တကယ်တမ်း ရိုက်မယ့်အချိန်မှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အတွက်ရော ဘာတွေပြင်ဆင်ထားလဲ။

ဖြေ - ကျွန်မအတွက် အစိမ်းသက်သက်လို့ ဆိုရမယ့် ဇာတ်ကားရိုက်ကူးမှု ဖြစ်တဲ့အပြင် ရိုက်ကူးရမယ့် နေရာကလည်း မြန်မာနိုင်ငံမှာ ဖြစ်တယ်။ ရိုက်ကူးမယ့် သူတွေကလည်း ၀ါရင့်အနုပညာရှင်တွေ ပါဝင်တဲ့အတွက်        စိတ်လှုပ်ရှားဖို့လည်း အရမ်းကောင်းပါတယ်။ အခက်အခဲတို့၊ စိန်ခေါ်မှုတို့ကတော့ ဘယ်အလုပ်မှာမဆို ရှိမှာပါပဲ။ အဲဒီအတွက်တော့ မစိုးရိမ်ပါဘူး။ အကောင်းဆုံး ကြိုးစားသွားပါမယ်။

မေး - တွဲဖက်သရုပ်ဆောင်မယ့် ကိုနေတိုးနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်လဲ။

ဖြေ - သူက ၀ါအရမ်းရင့်နေပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ပရိသတ်တွေ အများကြီးရှိတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ သူနဲ့တွဲဖက် သရုပ်ဆောင်ခွင့်ရတဲ့အတွက် အတွေ့အကြုံကောင်းတွေ အများကြီးရမယ်လို့ မျှော်လင့်ထားပါတယ်။ အရမ်းလည်း သဘောကောင်းတဲ့အတွက် အခက်အခဲတော့ အများကြီးရှိမယ် မထင်ပါဘူး။ နားလည်မှုရှိရှိနဲ့ ကြိုးစားသွားမှာပါ။

မေး - ဒီဇာတ်ကားအပေါ်မှာ မြန်မာပရိသတ်တွေ စိတ်ဝင်စား အားပေးမှုနဲ့ ပတ်သက်လို့ရော ဘယ်လောက်ထိ မျှော်လင့်ထားလဲ။

ဖြေ - အရင်ကလည်း မြန်မာနိုင်ငံကို လာရောက်ပြီး ကြော်ငြာရိုက်ကူးမှုတွေ အပါအ၀င် အနုပညာလုပ်ငန်းတွေ လာရောက် လုပ်ကိုင်တဲ့အခါ ပရိသတ်တွေက အရမ်းအားပေးကြပါတယ်။ အခုရိုက်ကူးမယ့် ဇာတ်ကားမှာတော့ ၀ါရင့်အနုပညာရှင်တွေလည်း ပါဝင်ကြတယ်။ ဇာတ်လမ်းကလည်း အရမ်းကောင်းမွန်တယ်။ အများကြီး ပြင်ဆင်ထားတဲ့အတွက် မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို အများကြီးရမယ်လို့ ယုံကြည်ပါတယ်။

မေး - ဇာတ်ကားရိုက်ကူးမှု အတွက်က ဘယ်တော့ပြန်လာမှာလဲ။

ဖြေ - ဒီဇာတ်ကားက မတ်လထဲမှာ ရိုက်ကူးမှာ ဖြစ်တဲ့အတွက် မတ်လမှာ မြန်မာနိုင်ငံကို ပြန်လာဖြစ်မှာပါ။

မေး - နောက်ထပ် အနုပညာ လုပ်ငန်းတွေရော မြန်မာနိုင်ငံမှာ ထပ်လုပ်ဖြစ်သွားမလား။

ဖြေ - မြန်မာပရိသတ်တွေက အားပေးချစ်ခင်နေသရွေ့တော့ မြန်မာနိုင်ငံကို လာရောက်ပြီး အနုပညာအလုပ်တွေ လုပ်ဖြစ်မှာပါ။

မေး - သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ သီးခြားလေ့လာ သင်ယူဖြစ်တာရောရှိလား။

ဖြေ - သင်တန်းအနေနဲ့ တက်ဖြစ်တာတော့မရှိဘဲ ဇာတ်ကားများများကြည့်ပြီး လေ့လာဖြစ်တယ်။ ကိုယ့်ဘာသာ အမူအရာ လေ့ကျင့်ဖြစ်တယ်။ တကယ်ရိုက်ကူးတဲ့ အခါကျရင်လည်း ဒါရိုက်တာ ညွှန်ကြားတဲ့အတိုင်း ကြိုးစားပြီး သရုပ်ဆောင်သွားပါမယ်။ လေ့လာဖို့ကတော့ အများကြီး လိုအပ်ပါသေးတယ်။

မေး - မြန်မာပရိသတ်တွေကို ပြောချင်တဲ့စကား လက်ဆောင်များရှိမလား။

ဖြေ - မြန်မာပရိသတ်တွေကို ပြောချင်တာကတော့ ကျွန်မကိုအမြဲတမ်းပဲ ချစ်ခင်အားပေးကြတယ်။ ဒီကိုလာရောက်တိုင်းလည်း နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ပြသကြတယ်။ အဲဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကိုနေတိုးနဲ့ ရိုက်ကူးမယ့် ဇာတ်ကားအတွက်လည်း အများကြီး ပြင်ဆင်နေပါတယ်။ ပထမဆုံး အတွေ့အကြုံ ဖြစ်တဲ့အတွက် အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိခဲ့မယ်ဆိုရင်လည်း ခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။ ဆက်လက်ပြီးတော့လည်း အများကြီး ကြိုးစားသွားပါဦးမယ်။

မေး - မြန်မာနိုင်ငံမှာ နေထိုင်ရတဲ့အချိန်မှာရော ဘယ်လိုခံစားရလဲ။ အစားအသောက်၊ ရာသီဥတု၊ ဓလေ့ထုံးစံတွေနဲ့ အကျွမ်းတ၀င် ဖြစ်ရဲ့လား။

ဖြေ - မြန်မာနိုင်ငံမှာ နေထိုင်ရတဲ့ အချိန်မှာ အမြဲတမ်းပဲ ရင်းနှီးနွေးထွေးမှုကို ခံစားရပါတယ်။ မြန်မာတွေက သိတဲ့သူပဲဖြစ်ဖြစ်၊ မသိတဲ့သူပဲဖြစ်ဖြစ် ရင်းနှီးနွေးထွေးကြတယ်။ အမြဲတမ်းပဲ ပြုံးနေလေ့ရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာနေရတဲ့ အချိန်တွေက စိတ်ချမ်းသာစရာ ကောင်းပါတယ်။ အစားအသောက်တွေ ဆိုရင်လည်း စားကောင်းတယ်။ ရာသီဥတု နည်းနည်းပူတာ တစ်ခုပါပဲ။

Writer: 
လင်းလင်းခိုင်