မြောက်ဦးပဋိပက္ခနှင့်ပတ်သက်၍ အမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ဆက်သွယ်မေးမြန်းခြင်း ...

မြောက်ဦးပဋိပက္ခနှင့်ပတ်သက်၍ အမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ဆက်သွယ်မေးမြန်းခြင်း ...
Published 18 January 2018

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်ညပိုင်းက အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးရခြင်းအခမ်းအနားအား နှစ်စဉ် ပြာသိုလတွင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် မြောက်ဦးမြို့နန်းတော်ရာကုန်း၌ ကျင်းပရန်စီစဉ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ရခိုင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်က တက်ရောက်ဟောပြောရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့စီစဉ်မှုနှင့်ပတ်သက်ပြီး ငြိမ်းစုစီပုဒ်မအရ ခွင့်ပြုချက်ယူရမည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက်တွင် အဓိကရုဏ်း ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

‘ဒီလိုမျိုးလုပ်လိုက်တာဟာ ပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ တော်တော်လေးစဉ်းစားဆင်ခြင်မှု နည်းတယ်လို့ ကျွန်တော်ကတော့ စွဲချက်တင်တယ်ဗျ’

■ မေး - မြောက်ဦးမှာဖြစ်သွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး နောက်ဆုံးဘာများသိထားရသလဲခင်ဗျ။
ဖြေ - ကျွန်တော်က မြောက်ဦးမှာမဟုတ်တော့ မသိရဘူး။

■ မေး - ဒီပွဲကို ဆရာလည်း ဟောပြောမယ်လို့ စီစဉ်ထားတယ်လို့ သိရပါတယ်ခင်ဗျ။ အဲဒီအခြေအနေလည်း ပြောပြပါဦးခင်ဗျ။
ဖြေ - ကျွန်တော်က အဲဒီပွဲကိုမတက်ဖြစ်ခဲ့ဘူး။ ဒီလိုဗျ။ ဒီမြောက်ဦးက ဇန်နဝါရီ ၁၆ ရက်နေ့ညနေပိုင်းမှာ ကျင်းပမယ်။ ကျွန်တော်က ဒုတိယပုဂ္ဂိုလ်အနေနဲ့ ဟောပြောရမှာဗျ။ အဲဒီတော့ မြောက်ဦးမတိုင်ခင်မှာ ကျောက်တော်ဘက်ကိုအထွက် ၁၀ မိုင်ကျော်လောက်အကွာမှာ တိမ်ညိုဆိုတဲ့တိုက်နယ်ရှိတာပေါ့။ တိမ်ညိုကျေးရွာအုပ်စုပေါ့။ အဲဒီတိမ်ညိုမှာ ညနေပိုင်းမှာ ပထမလူအနေနဲ့ ဟောပြောရမှာဗျ။ ကျွန်တော်အရင်ပြောပြီးမှ တစ်နာရီလောက်ကြာမှ မြောက်ဦးကိုရောက်ရမှာ။ တိမ်ညိုကို မြောက်ဦးကအဖွဲ့က လာကြိုမှာဗျ။ အဲဒါက ၁၆ ရက်နေ့။ အဲဒီနေ့မတိုင်ခင် ၁၅ ရက်နေ့မှာ ကျွန်တော်တို့ ဦးဝေဟင်အောင် (ပရဟိတလုပ်ဆောင်သူ)တို့က ရသေ့တောင်မှာ ဟောပြောပွဲတစ်ခုလုပ်တယ်ဗျ။ ကျွန်တော်တို့ကိုဖိတ်လို့ပါ။ မေယုရင်သွေးပရဟိတအသင်းက လာပြီးတော့ပြောလှည့်ပါဆိုလို့။ အဲဒီလိုဖိတ်တော့ ကျွန်တော်တို့ကလည်း သွားကြတာပေါ့ဗျာ။ အဲဒီတော့ ရသေ့တောင်ကို ဟောပြောပြီးမှ ဖြစ်စဉ်လေးတွေ ကြားရတာပေါ့ဗျာ။ ၁၅ ရက်မှာ ဟောပြောတာနဲ့ပတ်သက်လို့ ဦးဝေဟင်အောင်ကို ၅၀၅ (ခ) နဲ့တရားစွဲမယ်။ အင်မတန် ကြီးကြီးမားမားပုဂ္ဂိုလ်တွေက စွဲမယ်ဆိုပြီး သတင်းထွက်လာတယ်။ ဆိုတော့ ရသေ့တောင်ဖြစ်စဉ်ကို ကျွန်တော်တို့ကသိပြီးပြီ။ အဲဒီမှာ ၁၇ (၁) တို့ဘာတို့နဲ့ ကျွန်တော့်ကိုလည်းစွဲမယ်ဆိုတဲ့ ကောလာဟလကလည်းထွက်ပြီးပြီ။ အဲဒီလိုကြားကာလလေးမှာ စစ်တွေကနေ ကျွန်တော်တို့က ပထမဟောရမယ့် မြောက်ဦးမြို့နယ် တိမ်ညိုရွာကို စသွားကြတာပေါ့။ အဲဒီကာလမှာဘဲ။ မြောက်ဦးဘက်က ကျွန်တော့်ကို ဖုန်းဆက်တယ်။ ပွဲစီစဉ်ကျင်းပမယ့် ပုဂ္ဂိုလ်တွေဘက်ကနေပေါ့။ ပွဲနဲ့ပတ်သက်လို့ သူတို့ခွင့်ပြုမိန့်ကို တင်ထားတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း ရှေးဟောင်းသုတေသနဌာနကို တင်ထားတယ်။ သူတို့ကလည်း ခွင့်ပြုတယ်ဆိုတာမျိုးပေါ့ဗျာ။ သို့သော်လည်း အနီးကပ်ပြီးခါမှ ၁ နာရီ ၂ နှာရီ (မွန်းလွဲ) ဝန်းကျင်လောက်မှာပဲ မြို့နယ်အာဏာပိုင်တွေက ငြိမ်း၊ စု၊ စီနဲ့ တင်ဖို့ပြောတယ်။ အဲဒီအတွက် ငြိမ်း၊ စု၊ စီ ဥပဒေအရ တင်နိုင်ဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှာ ရောက်နေတယ်။ အဲဒါကြောင့် ဆရာ့ရဲ့အဖေနာမည်ရယ် အမေနာမည်ရယ် မှတ်ပုံတင်နံပါတ်ရယ် ကျွန်တော်တို့ကိုပေးပါလို့ တောင်းနေကြတယ်။ ...။ ဆိုလိုတာက ပွဲလမ်းသဘင်နဲ့ပတ်သက်ရင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် သူတို့ကကြိုလျှောက်တယ်။ ကျွန်တော်မှတ်မိသလောက် ဇန်နဝါရီ ၁၃ ရက်နဲ့ထင်တယ်။ အဲဒီရက်စွဲနဲ့ပွဲကျင်းပခွင့်ပါမစ်ကို ပေးတယ်။ ဒါထွေအုပ်ရဲ့ဟာနော်။ သို့သော်လည်း ညနေပိုင်းမှာ ငြိမ်းစုစီနဲ့ တင်ပါဆိုတဲ့အခါမှာ လေးဆယ့်ရှစ်နာရီ ကြိုတင်ရတာဆိုမို့လို့ မြို့နယ်ရဲတပ်ဖွဲ့က ခွင့်မပြုဘူး။ ပါမစ်က တစ်ခုတော့ရှိတယ်။ ငြိမ်း၊ စု၊ စီနဲ့ခွင့်မပြုဘူးဆိုတော့ ကျွန်တော်တို့က ဟောပြောလို့မရတော့ဘူးဗျ။ အဲဒီတော့ ၆ နာရီ ကျော်လောက်မှာပေါ့။ မှောင်လည်း မှောင်ပါပြီ။ ပွဲကျင်းပတဲ့ပုဂ္ဂိုလ်တွေနဲ့သွားပြီးတော့ ကျင်းပတဲ့နေရာမှာ ရောက်နေကြတဲ့ပရိသတ်တွေကို သွားနှုတ်ဆက်ပါတယ်။ ဒီလိုပဲ ကျွန်တော်က ပြောခွင့်မရတော့ပါဘူး။ ဥပဒေအရ ကျွန်တော်ပြန်ရပါတော့မယ်ဆိုတာကို ကျွန်တော်က နှုတ်ဆက်တာပေါ့ဗျာ။ အဲဒါလေးတော့ ကျွန်တော်လုပ်ခဲ့ပါတယ်။ နောက် မြောက်ဦးကလာတဲ့ပုဂ္ဂိုလ်တွေကလည်း မြောက်ဦးကိုမသွားပါတော့နဲ့ လုံခြုံတဲ့စစ်တွေကိုပဲပြန်ပါဆိုပြီးတော့ စစ်တွေအရောက်လိုက်ပို့ကြပါတယ်။ မဟာမြတ်မုနိကုန်းအလွန်မှာ သူတို့ကိုပြန်လွှတ်ပြီး ကျွန်တော့်မိတ်ဆွေကားနဲ့အတူ ၁၀ နာရီဝန်းကျင်လောက်မှာ စစ်တွေကို ပြန်ရောက်ပါတယ်။

■ မေး - အခုဖြစ်သွားတဲ့ဖြစ်စဉ်အပေါ်မှာရော ဘယ်လိုရှုမြင်ထားပါသလဲခင်ဗျ။
ဖြေ - အဲဒီတော့ ပြည်နယ်အစိုးရပဲ ပြောမလားဗျ။ သူတို့ရဲ့ချဉ်းကပ်ပုံက လိုအပ်ချက်ကြီးမားသွားတယ်ဗျ။ ဆိုပါတော့ဗျာ။ အခုကာလက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို သွားနေကြတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားတာပေါ့။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို သွားမယ်လို့ လက်ရှိအစိုးရလည်း ပြောဆိုနေတယ်လေ။ အဲဒီတော့ မျိုးနွယ်စုကြီးတွေမှာ အတိတ်သမိုင်းရှိတာပေါ့ဗျာ။ သင်ခန်းစာတွေပေါ့။ မှတ်မှတ်ရရနေ့တွေ ရက်တွေလတွေကို ခုကာလမှာ လွပ်လွပ်လပ်လပ် ကျင်းပခွင့်ပေးခြင်းမပေးခြင်း အကျိုးသက်ရောက်မှုကို တွေးသင့်တာပေါ့ဗျာ။ အဲဒီတော့ မြန်မာမှာလည်းပါတော်မူတဲ့နေ့လေ။ သီပေါမင်းနဲ့ စုဖုရားလတ်ရတနာဂီရိကိုပါသွားတာလေ။ ရခိုင်မှာလည်း ဒီလိုမျိုးဖြစ်ခဲ့မှာပေါ့။ မွန်မှာလည်းရှိမှာပေါ့။ ရှမ်းမှာလည်းဖြစ်မှာပေါ့။ အဲဒီလိုမျိုးမှတ်မှတ်ရရနေ့တွေကို ကျင်းပခွင့်ကိုပေးသင့်တယ်ဆိုတဲ့ အယူအဆကိုရှိသင့်တာပေါ့ဗျာ။ ပြည်ထောင်စုမပြိုကွဲရေးဆိုတာကို အတင်းအကျပ် စည်းနှောင်ထားခြင်းထက် ပြည်ထောင်စုမှာ လွပ်လွပ်လပ်လပ် မိမိတို့ရဲ့ဆန္ဒအလျောက် ပူးပေါင်းကြတာဖြစ်တယ်။ တန်းတူအခွင့်အရေးရတာဖြစ်တယ်။ အဲဒါမျိုးနဲ့ ကျွန်တော်တို့စည်းနှောင်သင့်တာပေါ့ဗျာ။ အသိနဲ့သတိနဲ့ ယုံကြည်ချက်နဲ့ စည်းနှောင်သင့်တာပေါ့ဗျာ။ အတင်းအကျပ်စည်းနှောင်မှုထက် ပိုပြီးအားကောင်းတယ်ထင်တယ်ဗျ ကျွန်တော်ကလေ။ ကျွန်တော်ကယေဘုယျပြောပြတာပါ။ ဒီလိုပွဲမျိုးဟာ ကျင်းပတဲ့နေရာကလည်း နန်းရာကုန်းဗျ။ ဒီနန်းတော်ကိုမီးရှို့ခဲ့တယ်။ ဒီနန်းတော်ရဲ့ကြေးပြားတွေက မင်းကွန်းခေါင်းလောင်းကြီးဖြစ်သွားတယ်ဆိုတာမျိုးက ရခိုင်သမိုင်းမှာရှိတာကိုး။ ဒီနေရာမှာ သွေးမြေကျခဲ့တယ်ဆိုတာရှိတာကိုးဗျ။ အဲဒီတော့ ဒီနန်းရာကုန်းမှာကျင်းပမယ့် ကျင်းပဖို့လည်း တစ်လကျော်ကျော်လောက်စီစဉ်ထားပြီးပြီ။ . . . နန်းရာကုန်းအဝန်းအဝိုင်းမှာဖြစ်လာမယ့် လူဦးရေထူထပ်မှုနဲ့ အခုလိုဖျက်လိုက်တယ်ဆိုရင် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုနဲ့ အေးအေးဆေးဆေး ကျင်းပခွင့်ပေးလိုက်ရင် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုနဲ့ ယှဉ်ပြရမှာပေါ့။ အစိုးရတစ်ရပ်အနေနဲ့။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်က။ တကယ်တော့ ခုနကပြောသလို ဖျက်ကိုဖျက်ရမယ်။ အဲဒါမျိုးသူတို့ဘက်က ဆုံးဖြတ်ရင် အထိအခိုက်အနည်းဆုံးနဲ့ ဘယ်လိုဒီပြဿနာကိုဖြေရှင်းမှာလဲ။ ရဲတပ်ဖွဲ့ရဲ့ လုပ်ရိုးလုပ်စဉ် ဒီလိုဖြစ်ရင် ဘယ်လိုထုံးတမ်းအစဉ်အလာရှိသလဲ။ ဒိုင်းတို့၊ ရော်ဘာတုတ်တို့၊ မျက်ရည်ယို ဗုံးတို့ရှိတာပဲဗျ။ ပုဒ်မ ၁၄၄ ထုတ်တာတို့၊ ဝမ်နင်ပေးတာတို့၊ ကြေညာတာတို့၊ ရော်ဘာကျည်သုံးတို့ လုပ်ရမှာပေါ့ဗျ။ လိုအပ်ရင် မီးသတ်တို့ဘာတို့၊ ပတ်ဝန်းကျင်ကို မီးတွေလင်းအောင်လုပ်မှာတို့ လုပ်ရမှပေါ့ဗျ။ အချိန်တိုအတွင်းလုပ်လို့ရပါတယ် ဒီခေတ်က။ ဘာမှပြင်ဆင်တာတို့ဘာတို့မရှိဘဲနဲ့ ဒီလိုမျိုးဖြစ်လာနိုင်တာကို ကြိုသိပါရက်နဲ့။ ဒီလိုမျိုးလုပ်လိုက်တာဟာ ချဉ်းကပ်ပုံမှားတယ်။ ဒီလိုမျိုးလုပ်လိုက်တာဟာ ပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ တော်တော်လေး စဉ်းစားဆင်ခြင်မှုနည်းတယ်လို့ ကျွန်တော်ကတော့ စွဲချက်တင်တယ်ဗျ။ အဲဒီလုပ်ရပ်ဟာ ပြည်ထောင်စုအစိုးရကို သွားထိခိုက်မှာပေါ့။

■ မေး - ဆရာ့ကို ၁၇ ( ၁) မတရားအသင်းဥပဒေနဲ့ စွဲဆိုထားတာရော ဟုတ်ပါသလား။
ဖြေ - အဲဒီလိုမျိုးသတင်းကတော့ ကျွန်တော်မြောက်ဦးကို မသွားခင်ကတည်းက အဲဒီလိုမျိုးထွက်ပါတယ်။ ရသေ့တောင်က ဒီလိုမျိုးစွဲထားပါတယ်။ ဝေဟင်အောင်က ပုဒ်မတစ်ခု၊ ကျွန်တော်က ပုဒ်မတစ်ခုစွဲခံထားရပါတယ် ဆိုပြီးတော့ပေါ့။ ဝေဟင်အောင်နဲ့ပတ်သက်တဲ့ စာလေးကတော့ အခုအွန်လိုင်းမှာ ပြန့်နေပါတယ်။

Most Read

Most Recent