အိန္ဒြာကျော်ဇင်၏ တူမဖြစ်သူ သရုပ်ဆောင် မေတိုးခိုင်နှင့် တွေ့ဆုံခြင်း

အနုပညာ လောကအတွင်း၌ အောင်မြင်သည့် အနုပညာရှင်များက မိမိတို့၏ အနုပညာဝါသနာဗီဇအား လက်ဆင့်ကမ်း သယ်ဆောင်မှုများ များစွာရှိပါသည်။ ယင်းသို့ အနုပညာဝါသနာကို လက်ဆင့်ကမ်း သယ်ဆောင်လာသူတစ်ဦးက အကယ်ဒမီ အိန္ဒြာကျော်ဇင်၏ တူမဖြစ်သူ သရုပ်ဆောင် မေတိုးခိုင်ပင် ဖြစ်ပါသည်။ ဆယ်ကျော်သက် အရွယ်ကတည်းကပင် အဒေါ်ဖြစ်သူနှင့် ဆင်တူသည့် မျက်နှာဟန်ပန်၊ ချစ်စဖွယ် အမူအရာများဖြင့် မဂ္ဂဇင်းဂျာနယ် ကာဗာများတွင် ပါဝင်ခွင့်ရရှိကာ အင်္ဂလန်နိုင်ငံ၌ ဖက်ရှင်ဒီဇိုင်း သင်တန်းကျောင်းကို သွားရောက် လေ့လာဆည်းပူးနေသူ တစ်ဦးလည်းဖြစ်သည်။ ကျောင်းပညာရေးအား တစ်နှစ်နားကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးသည့် ‘ရူးအောင်ချစ်တဲ့သူ ရုပ်ရှင်ဇာတ်ကား၌ အကယ်ဒမီနေတိုး၊ အဒေါ်ဖြစ်သူ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့နှင့် တွဲဖက်ပါဝင်လျက်ရှိသူ လူငယ်သရုပ်ဆောင် မေတိုးခိုင် နှင့်တွေ့ဆုံ၍ ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံများနှင့် အနုပညာ ၀ါသနာဗီဇတို့အား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - အနုပညာနဲ့ ပတ်သက်လို့ ၀ါသနာပါတယ်လို့ သိရတယ်။ ဘယ်အချိန်မှ သေချာသတိထားမိတာလဲ။

ဖြေ - အဲဒီလို လုံးဝမသိခဲ့ဘူး။ တီတီအူဝဲ ဇာတ်ကားတွေ ရိုက်တယ်ဆိုရင်တော့ အရမ်းသဘောကျတာတော့ ရှိတယ်။ ကိုယ့်ဘာသာ လုပ်ချင်တယ် ဆိုတာမျိုးတော့ သိပ်မရှိခဲ့ဘူး။ အခုတစ်ခေါက် ပြန်လာတဲ့အခါကျတော့ ဇာတ်ကား ရိုက်ကြည့်ချင်တယ် ဆိုတာမျိုး ဖြစ်လာတာပါ။ တကယ်တမ်း ဇာတ်ကားရိုက်နေရတဲ့ အခါကျတော့ အရမ်းလည်းပျော်တယ်။ ကိုယ့်ဘာသာလည်း တော်တော်လေး ၀ါသနာပါမှန်း သိလိုက်ရတာပါ။

မေး - ဇာတ်ကားရိုက်ကူးဖို့ အတွက်ရော ဘာတွေပြင်ဆင်ရလဲ။

ဖြေ - တီတီအူဝဲတို့ လေးလေးပြေတီတို့နဲ့ Camera Testing လုပ်ရတယ်။ ဇာတ်လမ်းကာရိုက်တာတို့နဲ့ ပတ်သက်လို့လည်း သေချာလေ့လာတယ်။ ကိုယ်သိတဲ့အပေါ် ဘယ်လောက်လုပ်လို့ရမလဲ ဆိုတာကို စမ်းလုပ်ကြည့်တယ်။ ဒီဇာတ်ကားကို ရိုက်ချင်တာက အန်တီလွန်းထားထားရဲ့ ၀တ္ထုဖြစ်လို့လည်းပါတယ်။ အဲဒီဝတ္ထုကို ဖတ်လိုက်ကတည်းက အရမ်းကြိုက်တယ်။ ၀တ္ထုထဲက ကောင်မလေးက သမီးနဲ့ တော်တော်တူတယ်ပေါ့နော်။ ပေါ့ပေါ့ပါးပါးလေးပဲ လုပ်ရမယ်ဆိုတော့ စိတ်လည်း အရမ်းပင်ပန်းနေတာမျိုးမရှိဘူး။ ဒီအတိုင်းပဲ ပြင်ဆင်ထားခဲ့တာပါ။

မေး - တကယ်ရိုက်ကူးတဲ့ အချိန်မှာရော မျှော်လင့်ပြင်ဆင်ထားတာနဲ့ လက်တွေ့ရိုက်ကူးမှုက ဘာတွေကွာခြားတာမျိုးရှိလဲ။ အခက်အခဲဆိုရင်ရော ဘာတွေရှိမလဲ။

ဖြေ - အခက်အခဲတော့ ရှိပါတယ်။ ကင်မရာက ၀မ်းတူးသရီးဆိုတာနဲ့ ကျောက်ရုပ်ကြီး ဖြစ်သွားတာမျိုး ရှိပါတယ်။ တဖြည်းဖြည်းနဲ့ ရိုက်ကူးမှုများလာတာနဲ့အမျှ ကင်မရာကြောက်တဲ့စိတ်လည်း နည်းလာတယ်။ လူကြောက်တာလည်း လျော့လာပါတယ်။ တကယ်ရိုက်နေပြီဆိုရင် ကျန်တာတွေ မေ့သွားတာမျိုးလည်း ရှိတယ်။ အခုရိုက်ပြီးသလောက်တော့ အားရပါတယ်။ အပျော်ဇာတ်ဝင်ခန်းတွေဆိုလည်း အပျော်ခံစားမှုနဲ့ သရုပ်ဆောင်ခဲ့တယ်။ အခုအရမ်းငိုရတဲ့ ဇာတ်ဝင်ခန်းမျိုးတွေ ရိုက်တော့လည်း တီတီအူဝဲက သင်ပေးသလို ဒါရိုက်တာ ကိုအောင်ဇော်လင်းတို့ ဦးနေတိုးတို့ကလည်း သင်ပေးပါတယ်။ အရမ်းတော့ မခက်ခဲပါဘူး။

မေး - မအူဝဲက အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တော့ သူ့ဆီက အဓိကဘယ်လိုအရာတွေကို လေ့လာသင်ယူထားလဲ။

ဖြေ - တီတီအူဝဲက စလုပ်မယ်ဆိုကတည်းက ဘေးမှာရှိနေပြီး သင်ပေးတယ်။ မရိုက်ခင်မှာလည်း ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ပေးတယ်။ အရမ်းကြီး Cute ဖြစ်ရတဲ့ ဇာတ်ဝင်ခန်းတွေဆိုရင် သမီးက အဲဒီလို သိပ်မလုပ်တတ်ဘူး။ စိတ်တွေဘာတွေလည်း မကောက်တတ်ဘူး။ အပြင်မှာလည်း ကိုယ်တိုင်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ နေနေကျဆိုတော့ နုနုနွဲ့နွဲ့ပုံစံမျိုး သရုပ်ဆောင်ရင်တော့ နည်းနည်းခက်ခဲတယ်။

မေး - အနုပညာနဲ့ ပတ်သက်လို့ရော ဘယ်လောက်အထိ ရည်မှန်းထားလဲ။

ဖြေ - သမီးကတော့ ဇာတ်လမ်းပိုကောင်းတာကို လုပ်ချင်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်းကိုမှ ဒရာမာ၊ ရိုးမန့်စ် စသည်ဖြင့် ဇာတ်လမ်းအမျိုးအစား စုံအောင် ရိုက်ကြည့်ချင်ပါတယ်။ အဲဒါမှလည်း မတူကွဲပြားတဲ့ ဇာတ်ကောင်စရိုက်မျိုးစုံကို လုပ်ခွင့်ရမှာပေါ့နော်။

မေး - ကျောင်းပညာရေး ကျတော့ရော အခုက ခဏနားထားတာလား။

ဖြေ - ကျောင်းက တစ်နှစ်နားထားတယ်။ နောက်နှစ် စက်တင်ဘာလောက် ပြန်သွားဖြစ်မယ်။

မေး - ဒီကြားထဲတော့ အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်သွားမှာပေါ့။

ဖြေ - ဟုတ်။ တီတီအူဝဲနဲ့ တိုင်ပင်ပြီးတော့ပဲ အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာပါ။

မေး - ပညာရေးကရော ဘယ်ဘာသာရပ်ကို သင်နေတာလဲ။

ဖြေ - ပညာရေးက ဖက်ရှင်ဒီဇိုင်း ဘာသာရပ်ကို လေ့လာသင်ယူနေတာပါ။ ဒီဇိုင်နာဖြစ်ချင်တယ် ဆိုတာထက် Stylist တစ်ယောက် ဖြစ်ချင်တယ်။ ဒါကြောင့်လည်း သင်ခွင့်ရတဲ့ ဘာသာရပ်တိုင်းက အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်။

မေး - ပြည်ပမှာ တစ်ယောက်တည်း ကျောင်းသွားတက်ခဲ့တာဆိုတော့ အဲဒီအတွေ့အကြုံက ကိုယ်တိုင်ဘယ်လောက်ထိ ရင့်ကျက်လာစေလဲ။

ဖြေ - ပြည်ပမှာ ကျောင်းသွားတက်တဲ့အခါ ကိုယ့်ဘာသာပဲ အားကိုးပြီး ကြိုးစားရတာဆိုတော့ ကိုယ့်ဘာသာ ယုံကြည်မှုကတော့ ပိုတိုးလာပါတယ်။ ညီမငယ်ငယ်တုန်းက လူကြောက်တာတွေရှိတယ်။ အပြင်လည်း သိပ်မသွားခဲ့ရတော့ မသွားရဲမလာရဲ ဆိုတာမျိုး ဖြစ်တာတွေရှိတယ်။ တကယ်တမ်းဟိုမှာ ကျောင်းသွားတက်တဲ့အခါ ကိုယ့်ဘာသာပဲ အားကိုးရတဲ့အတွက် အများကြီး ကိုယ့်ဘာသာ အားကိုးနိုင်လာပါတယ်။ အခုဒီဇာတ်ကား ရိုက်တော့လည်း လူကြောက်တာ သိပ်မရှိတော့ဘူး။

မေး - အနုပညာလောကဆိုတာ အများကြီး ရှုပ်ထွေးတတ်တော့ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။

ဖြေ - အဲဒါကတော့ သမီးကအရင်ကတည်းက Positive သမားဆိုတော့ Negative ပိုင်းကို သိပ်မတွေးထားဘူး။ ဖြစ်လာရင်လည်း အကောင်းမြင်စိတ်နဲ့ ဖြေရှင်းမယ်လို့ပဲ တွေးထားတယ်။ အဆိုးဖြစ်လာမလားဆိုပြီး ကြိုတွေးပြီး စိတ်ပူနေတာမျိုးတော့ မရှိဘူး။

မေး - မအူဝဲနဲ့ တော်တော်လေးတူတော့ ကိုယ်ပိုင်ဟန်ပန် တစ်ခုဖြစ်ဖို့ ဘယ်လိုအချိန်ယူ ပြင်ဆင်ရမယ်လို့ထင်လဲ။

ဖြေ - တီတီနဲ့က လုပ်ယူမထားဘဲ တော်တော်များများ တူနေတာပေါ့။ သမီးရဲ့ အ၀တ်အစားဝတ်တဲ့ အပိုင်းတော့ နည်းနည်းကွဲမယ်ထင်တယ်။ သမီးက ကြောင်တောင်တောင်တွေ ၀တ်တတ်တယ်လေ။ အမူအရာပိုင်းကတော့ လုပ်ကြည့်ရင်းနဲ့ သိလာမယ်လို့ထင်တယ်။ ကိုယ့်ဘာသာ ကွဲထွက်လာအောင်တော့ ကြိုးစားရမှာပေါ့။

မေး - ပရိသတ်တွေကို ပြောချင်တဲ့စကားများ ရှိဦးမလား။

ဖြေ - အသစ်ဆိုတော့ အမှားအယွင်းတွေ ပါခဲ့ရင်လည်း ခွင့်လွှတ်ပါလို့။ အများကြီးပဲ ဆက်ပြီးကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။                                      

 

 

Writer: 
လင်းလင်းခိုင်