<

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အဇတ်ဝကျေးရွာမှ ပဲစိုက်တောင်သူ ကိုမြင့်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံစိုက်ဧက ၁၁ သန်းကျော်ရှိရာ မတ်ပဲ ၂၅  ရာခိုင်နှုန်း၊ ပဲတီစိမ်း ၂၆  ရာခိုင်နှုန်း၊  ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း၊  ကုလားပဲ ရှစ်ရာခိုင်နှုန်း  စိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံမှ ပဲမျိုးစုံသီးနှံအများဆုံး ၀ယ်ယူလျက်ရှိသည့် အိန္ဒိယနိုင်ငံက ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများအား ကန့်သတ်ကုန်စည်အမျိုးအစားအဖြစ် သတ်မှတ်ကာ ပဲတင်သွင်းမှုမူဝါဒ ပြောင်းလဲလိုက်သည်။ အိန္ဒိယနိုင်ငံက ၂၀၁၇ ခုနှစ် သြဂုတ် ၅ ရက် မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ပဲစင်းငုံတင်သွင်းမှုကို တစ်နှစ်လျှင် တန်ချိန်နှစ်သိန်း၊၂၀၁၇ ခုနှစ် သြဂုတ်၂၁  ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းမှုကို တစ်နှစ်လျှင် တန်ချိန်သုံးသိန်သတ်မှတ်ခဲ့ခြင်းကြောင့် မြန်မာ့ဈေးကွက်အတွင်း ပဲဈေးနှုန်းများ ထိုးဆင်းခဲ့သည်။ လတ်တလောတွင် ဈေးကွက်ပျောက်နေသော ပဲများအစား အခြားဈေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် အသိပေးလျက်ရှိသော်လည်း ပဲစိုက်တောင်သူအများစု မတ်ပဲ၊ ပဲတီစိမ်းတို့ကိုသာ ဆက်လက်စိုက်ပျိုးနေဆဲ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်းမှ ပဲစိုက်တောင်သူများနှင့်တွေ့ဆုံခိုက် ပဲစိုက်ဧက လျော့နည်းသွားခြင်းမရှိဘဲ ယခင်နှစ်များအတိုင်း စိုက်ပျိုးထားမှုအခြေအနေများကို မေးမြန်းထားသည်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။

‘ကျွန်တော်တို့ တွက်ခြေကိုက်တဲ့ဈေးတော့ ရမယ်မထင်ဘူး။ ဒါပေမဲ့ စိုက်ထားတဲ့ အရင်းကျေမယ့်ဈေးတော့ ရမယ်မျှော်လင့်ပါတယ်။ အရင်းရတယ်ဆိုရင်ပဲ ဒီလယ်ကို ပစ်မထားနိုင်ဘူး။ မစိုက်ဘဲထားလို့မရဘူး’

 

■ မေး ။ သုံးခွမြို့နယ်ထဲမှာ ပဲတီစိမ်းစိုက်ပျိုးတဲ့ အခြေအနေက စပြီးပြောပြပေးပါ။

■ ဖြေ ။  ကျွန်တော်တို့ရွာမှာ ပဲတီစိမ်းကို အဓိကစိုက်ပျိုးပါတယ်။ ကျွန်တော်တို့ တစ်နယ်လုံး ပဲတီစိမ်းကိုပဲ အားထားစိုက်တယ်၊  ခါတိုင်းနှစ်တွေစိုက်ဧကအတိုင်း ဒီနှစ်လည်း စိုက်ကြပါတယ်။

■ မေး ။ ပဲအထွက်နှုန်းကရော။

■ ဖြေ ။ ပြီးခဲ့တဲ့နှစ်တွေမှာ အထွက်နှုန်းတွေက နဲနဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိတ်စက်တွေနဲ့ရိတ်တော့ ပဲအထွက်နှုန်းတော့ နည်းနည်းလျော့သွားတယ်။ စက်တွေသုံးပြီး ရိတ်တဲ့အခါ  ပဲအထွက်နှုန်း နည်းနည်းလျော့တယ်။

လက်ရှိ ကျွန်တော်လုပ်ကိုင်နေတာက ၁၂ ဧကခွဲရှိပေမယ့် ကျွန်တော်တို့အဇတ်ဝ ကျေးရွာမှာတင် တောင်သူက ၁၉၈ ဦး၊ စိုက်  ၁၅၉၁ ဧကရှိတယ်။ ဒါက စပါးစိုက်တာ၊ စပါးစိုက်သမျှတွေမှာ ပဲအကုန်စိုက်ပါတယ်။ ကျန်တောင်နည်းနည်းပါးပါးပဲ။ ဆိုတော့ ဧက ၁၅၀၀ လောက်စိုက်တယ်။ တချို့တောင်သူတွေဆို  တစ်ဦးထဲ ဧက ၅၀၊ ၅၀ အထက်လုပ်ကိုင်နေတဲ့ တောင်သူတွေလည်း ရှိပါတယ်။

ပဲအထွက်နှုန်းက ရိတ်စက်နဲ့ရိတ်တဲ့အခါ နဲနဲဆုတ်လာတယ်။ ပထမနှစ်မှာ တစ်ဧကကို ၂၀ လောက် သီးရင် နောက်နှစ်မှာ ၁၇ တင်း၊ ၁၈ တင်းပေါ့။ ၁၇၊ ၁၈ တင်းလောက် ကနေ ၁၆ တင်းလောက်ပဲ ထွက်တယ်။ ဒီနှစ် အတိုင်းအတာမှာ ဘယ်လောက်လျော့ဦးမလဲ မသိသေးဘူး။ ဒါက ရိတ်စက်တွေကြောင့် အလေအလွင့်တွေကနေ ဖြစ်တယ်။ စပါးရိတ် လိုက်တဲ့အခါ ရိတ်စက်ရဲ့ ဘီးရာတွေကြောင့် ပဲပင်ကပေါက်တော့ ပေါက်တယ်၊ အသီးမသီးနိုင်တော့ဘူး။ အပင်ကတော့ ဒီလောက်ကြီး မဆိုးလှပါဘူး။ ရိတ်စက်နဲ့ရိတ်တာက စပါးမှည့်တယ်ဆိုရင် အခုက ပွဲစားကလည်း စပါးဝယ်တာမှာ စိမ်းစိမ်းစိုစို ၀ယ်တာပဲ။ ၀ယ်တဲ့ အခါ မိုးရေထဲမှာ ရိတ်တဲ့အခါ ဘီးရာက အများကြီးထင်ကျန်တာပေါ့။ ထင်သွားတဲ့အခါ သိပ်သည်းမှုက ပိုများပြီး ပဲစိုက်တဲ့အခါ ပဲပင်က ပိုဆိုးသွားတာပေါ့။

■ မေး ။ ပဲတစ်ဧကစိုက်ရင် ကုန်ကျစရိတ်က အကြမ်းဖျင်းဘယ်လောက်ရှိမလဲ။

■ ဖြေ ။  ပဲတစ်တင်းရဲ့ မျိုးစေ့ဖိုးက ငါးသောင်းပဲထားလိုက်တော့၊ ထွန်စက်ခက လေးသောင်းကျတယ်၊  ဆေးဖိုးက အနည်းဆုံး ငါးသောင်းလောက်ကုန်တယ်။ ဒါတောင် အလုပ်သမား ဆေးဖျန်းခ မပါသေးဘူး။ အလုပ်သမားခက နေ့ပြတ်နဲ့ ပေးရတာ။ ဆေးက ရှစ်ကြိမ်လောက် ဖျန်းရတယ်၊ အခုကျွန်တော်တို့ လယ်တွေ တစ်ရက်တစ်မွန်းတည့်ဖျန်းရတယ်။ နောက်ပိုင်းတွေကျတော့  အပင်နည်းနည်းကြီးလာရင် နှစ်ရက်ကနေ နှစ်ရက်ခွဲ၊ နှစ်ရက်ခွဲကနေ သုံးရက်ပေါ့။ အဲဒီလောက်အထိ ကူးရတယ်။ ဆိုတော့ ဖျန်းရတဲ့အကြိမ်က ရှစ်ကြိမ်လောက် ဖျန်းရတယ်။ ဆိုတော့ ရက် ၂၀ လောက်ရှိတယ်။ အလုပ်သမားခက တစ်နေ့ကို ၇၀၀၀ ကျပ်၊ ရက် ၂၀ ဆိုတော့  ၁၄၀၀၀၀ လောက်ကုန်တယ်။ ဆိုတော့ ဆေးဖျန်းခချည်းပဲ နှစ်သိန်းခွဲလောက်ကျတယ်။ ဒါက ကျွန်တော့် ၁၂ ဧကခွဲမှာ တစ်ရာသီစာမှာ ကုန်ကျစရိတ်ကို ပြောတာ။

■ မေး ။ လက်ရှိ ပဲဈေးအခြေအနေက ဘယ်လိုရှိလဲ။ အမြင့်ဆုံးဈေးကောင်း ရခဲ့တဲ့နှစ်က ဘယ်တုန်းကဖြစ်မလဲ။

■ ဖြေ ။  ၂၀၁၅ လောက်က ဈေးကောင်းရခဲ့တယ်။ ၆၅၀၀၀ ကျပ်ဈေးနဲ့ ရောင်းခဲ့ရတယ်။ လက်ရှိပဲဈေး အခြေအနေကတော့ ဘာသံမှ မကြားသေးပါဘူး။

■ မေး ။ မြန်မာနိုင်ငံကပဲကို အိန္ဒိယကို အဓိက တင်ပို့ခဲ့တာပါ။ အိန္ဒိယဘက်က မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတွေကို သူတို့ဆီကို တင်သွင်းခွင့် ကန့်သတ်ထားတယ်။ ဆိုတော့ ဒီနှစ် ပဲဈေးကတောင် သူတွက်ခြေကိုက်တဲ့ ဈေးနှုန်းဖြစ်ပါ့မလား။ တစ်ဖက်ကလည်း ပဲဈေးကောင်းလာမလားမကောင်း ဘူးဆိုတဲ့အခြေအနေမှာ အရင်နှစ်တွေအတိုင်း အပြည့်အ၀ စိုက်ထားတယ်ဆိုတဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။

■ ဖြေ ။  ဈေးအနေနဲ့ဆိုရင်တော့ ခုနက  ကျွန်တော်ပြောသလို တစ်တင်းကို လေးသောင်းလောက်ရမှ အဆင်ပြေရုံပဲ ရှိသေးတယ်။ အမြတ်အစွန်းမပါသေးဘူး။ လေးသောင်းထက် ဈေးနည်းနည်း အေးသွားတာမျိုး ရှိခဲ့ဖူးတယ်။

အခုချိန်မှာ Export အခြေအနေက ဘာမှန်းမသိနိုင်သေးဘူး။ ပြည်ပကိုသွားမှလည်း ကျွန်တော်တို့ ပဲဈေးကကောင်းမှာပေါ့နော်။ ကျွန်တော် သတင်းတွေထဲမှာ ဖတ်ရသိရပါတယ်။ တကယ်လို့ နိုင်ငံခြားက မ၀ယ်ဘူးဆိုရင် မြန်မာနိုင်ငံက ၀ယ်ပေးပါ့မယ်တဲ့။ အစိုးရအနေနဲ့ ၀ယ်ပေးမယ်လို့ သိရပါတယ်။

ပြောရရင် ကျွန်တော်တို့ တွက်ခြေကိုက်တဲ့ဈေးတော့ ရမယ်မထင်ဘူး။ ဒါပေမဲ့ စိုက်ထားတဲ့အရင်းကျေမယ့် ဈေးတော့ရမယ် မျှော်လင့်ပါတယ်။ အရင်းရတယ်ဆိုရင်ပဲ ဒီလယ်ကို ပစ်မထားနိုင်ဘူး။ မစိုက်ဘဲထား လို့မရဘူး။ ဒီအတိုင်းပစ်ထားရင် နောက်နှစ်ကျလယ်က အရိုင်းဖြစ်သွားမယ်၊ အဲဒါကြောင့်မို့ ကျွန်တော်တို့ ပဲတီစိမ်းကို ဆက်စိုက်ထားပါတယ်။ ဈေးကောင်းကိုအရမ်း မမျှော်လင့်ပေမဲ့ ကိုယ်လယ်တွေ အရိုင်းဖြစ်သွားမှာစိုးလို့  ပဲတီစိမ်းကို ဆက်ပြီး စိုက်ထားရတာပါ။

■ မေး ။ ပဲဈေးကွက်အလားအလာက ဘာမှန်းမသိသေးတော့ အဓိကပဲစိုက်ဒေသတွေမှာ ပဲအစား အခြားဈေးကွက်ဝင် သီးနှံတွေအစားထိုး  စိုက်ပျိုးကြပါဆိုတာမျိုးတွေ  ပြောလာကြတယ်။

■ ဖြေ ။  ကျွန်တော်တို့ဆီမှာတော့ ဘာမှလာပြီး မပြောကြပါဘူး။ တီဗွီမှာလွှင့်တာတော့ ကြားရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီကို ကွင်းဆင်းပြီးပြောတာမျိုးတော့ မတွေ့မိပါဘူး။ ကျွန်တော်တို့ ၀န်းကျင်မှာတော့ ကိုယ်စိုက်နေကျ ပဲတွေပဲ ဆက်လက်စိုက်ပျိုးနေကြပါတယ်။ ကျွန်တော်တို့ဒေသက ပဲအဓိကထွက်တဲ့ နေရာထဲမှာ ပါပါတယ်။ ရန်ကုန်တိုင်းအနေနဲ့ပြောရင် သုံးခွမြို့နယ်က ပဲလည်းအထွက်ဆုံး၊ ပဲအရည်အသွေးလည်း အကောင်းဆုံးလို့ သိရပါတယ်။

■ မေး ။ ပဲကို ပြည်ပတင်ပို့တဲ့အခါ ကုန်ကြမ်းအတိုင်း တင်ပို့တာပေါ့နော်။ တချို့ပဲတွေမှာ ဆေးတွေအရမ်းသုံးထားလို့ ဓာတုဓာတ်ကြွင်းတွေ တွေ့ရှိတယ်ဆိုပြီး တကယ့်ဈေးကောင်းရတဲ့ အီးယူ၊ ဂျပန်ဈေးကွက်တွေ ပို့တဲ့အခါမှာ ပြဿနာရှိတာတွေ ကြားရပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ မြင်ပါသလဲ။

■ ဖြေ ။ အမှန်က ဆေးသုံးတယ်ဆိုတာ  ကုန်သည်ကြီးတွေ သူတို့ဂိုဒေါင်တွေမှာ ပဲသိုလှောင်ဖို့ ဆေးဖျန်းတယ်။ ပဲအပင်တွေကို ဖျန်းတဲ့ဆေးက ပဲမခူးခင် အပင်မှာတင် အာနိသင်ကုန်သွားတယ်။ အဆီဖိတ်ပိုးသတ် ဆေးဆိုရင် သူ့သက်တမ်းဆေးရဲ့ အာနိသင်က ၂၂ရက်ကြာတယ်။ ပဲခူးခါနီး ၁၅ ရက်ပဲ ကျန်တော့တယ်ဆိုရင် အဆီပိတ်ဆေးကို မဖျန်းပါနဲ့တော့ဆိုပြီး ပြောတာတွေရှိတယ်။ စောစောက ကျွန်တော်ပြောပြခဲ့တဲ့ ပဲဖျန်းတာက ရှစ်ကြိမ်ရှိတယ်ဆိုတာမှာ အပင်လေးတွေ စထွက်လာပြီး ၁၅ ရက်သားမှာ ပိုးသတ်ဆေးစဖျန်းတယ်။ ငါးရက်အကြာ ခြောက်ရက်အကြာမှာ တစ်ခါထပ်ဖျန်းတယ်။ သူ့ရက်နဲ့သူပေါ့။ နောက်ရက်တွေမှာ တချို့လယ်သမားက အားဆေးမထည့်ဘူး၊ မြေဆီနဲ့ပိုးသတ်ဆေးရော ဖြန်းတယ်။ တချို့လယ်သမားက အားဆေးနဲ့ ပိုးသတ်ဆေးရောဖြန်းတယ်။ ပထမအသုတ်တွေမှာ မှိုဆေးတွေ ထည့်ဖျန်းတယ်။ မှိုစွဲရင် အသီးအားနည်းလို့ မှိုဆေးထည့်ဖျန်းတာ။ နောက်ဆုံးအကြိမ်က နောက် ၁၅ ရက်ကြာရင် ပဲခူးတော့မယ်ဆိုရင် ဆေးကိုဖြတ်လိုက်ပြီ။ ဘာဆေးမှထပ် မဖျန်းတော့ဘူး။ အမှန်တကယ်က လယ်သမားဆီက ဆေးက ပါခဲပါတယ်။ ကုန်သည်တွေက သိုလှောင်ရုံမှာ ဆေးပြားတွေထည့်တယ်၊ ဆေးတွေဖျန်းထားတယ်။ သိုလှောင်ထားတဲ့ပဲကို ဆေးမထည့်ထားရင်လည်း ပိုးကိုက် သွားမှာလေ၊ အဲဒါကြောင့် ဆေးထည့်ထားရတာပေါ့။ တောင်သူတွေကြောင့် တစ်ခုတည်းနဲ့တော့ ဒီဓာတုဓာတ်ကြွင်းပြဿနာရှိတာ မဟုတ်ပါဘူး။ သိုလှောင်ရုံတွေမှာ ဆေးဖြန်းတဲ့ကိစ္စတွေလည်း ရှိပါတယ်။

■ မေး ။ ပဲလုပ်ငန်းခွင်မှာ တခြားကြုံတွေ့နေရတဲ့ အခက်အခဲက ဘာတွေရှိဦးမလဲ။

■ ဖြေ ။ အဲဒါက အလုပ်သမားပြဿနာပဲ။ လုပ်သားရှားတယ်။ ငှားချင်တိုင်းငှားမရဘူး။ မိန်းကလေးဆိုရင်လည်း အထည်ချုပ်ကို သွားတယ်။ ယောက်ျားလေးတွေက ထိုင်းကိုသွားတယ်။ ပြည်ပထွက်ပြီး အလုပ်လုပ်နေကြတယ်။ ဒီလိုဖြစ်နေတာ နှစ်နှစ်ကျော်ပြီ၊ အလုပ်သမားရှားတော့ အလုပ်သမားတစ် ယောက်ကိုတစ်နေ့ ထမင်းသုံးနပ်ကျွေးပြီး တစ်နေ့ကို ၇၀၀၀ ကျပ်ပေးတာကိုတောင် ငှားချင်တိုင်းငှားမရဘူး။

■ မေး ။ ထပ်မံဖြည့်စွက်ပြောချင်တာများရှိရင် ပြောပြပေးပါ။

■ ဖြေ ။ ကျွန်တော်တို့ကတော့ ပဲဈေးကောင်းချင်တယ်။ ကျွန်တော်တို့က စပါးထက်ပဲကို ပိုပြီးအားထားစိုက်တယ်။ ပဲကဈေးကွက်တစ်ခုတည်း အားကိုးပြီးပို့နေရတာဆိုတော့ အဲဒီဈေးကွက်ကလည်း မ၀ယ်ရော  အကုန်တိုင်ပတ်ကုန်ရော။ ဈေးကောင်းရမယ့်နိုင်ငံတွေ ကိုပို့ဖို့၊ ပဲဈေးကွက်ပြန်ကောင်းလာဖို့ ကျွန်တော်တို့ ပဲတောင်သူတွေကို လို အပ်တဲ့နည်းပညာတွေ မျိုးကောင်းမျိုးသန့်တွေ ပံ့ပိုးပေးစေချင်ပါတယ်။ ဘာလို့လဲဆိုရင် အခုကျွန်တော်တို့သုံးနေတာက ကိုယ့်မျိုးနဲ့ကိုယ် ပြန်စိုက်နေတာဖြစ်ပါတယ်။ စောစောကပြောတဲ့ ဓာတုဓာတ်ကြွင်းပြဿနာကလည်း ကျွန်တော်တို့ ပဲစိုက်တောင်သူကနေ ကုန်သည်အဆုံး အားလုံးဝိုင်းလုပ်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

December 31, 2017














Copy Protected by Chetan's WP-Copyprotect.