မိုးဟေကိုနှင့် တွေ့ဆုံခြင်း

မိုးဟေကိုနှင့် တွေ့ဆုံခြင်း
Published 26 December 2017

အနုပညာလောကမှာ ပရိသတ် ချစ်ခင်အားပေးမှုနဲ့အတူ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့သူတွေထဲမှာ မိုးဟေကိုလည်း တစ်ဦးအပါအဝင်ပါပဲ။  သူရဲ့ အနုပညာ လှုပ်ရှားမှုတွေနည်းသွားခဲ့တဲ့ နှစ်ကာလတွေ အနည်းငယ်ကြာသွားပေမယ့် အနုပညာ အလုပ်တွေကိုတော့အဆက်ပြတ်မသွားအောင် လုပ်ကိုင်ခဲ့သူ မိုးဟေကိုအနေနဲ့ အနုပညာနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် မိုး ရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်ပြီး ဇာတ်ကားတွေ ရိုက်ကူးနေခဲ့ပါတယ်။ သူရဲ့ထုတ်လုပ်ရေးမှ ရုံတင်ပြသခဲ့ပြီးဖြစ်တဲ့ 'ခိုးဆိုးလုနှိုက်' ဇာတ်ကားက ပရိသတ်တွေရဲ့ အားပေးမှုအများကြီး ရရှိခဲ့သလို လက်ရှိမှာလည်း ဒီဇင်ဘာ ၂၂ ရက်ကစလို့ နိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ 'ခိုးဆိုးလုနှိုက်' ဇာတ်ကားရဲ့ ဒုတိယဇာတ်ကားအဖြစ်ရိုက်ကူး တင်ဆက်လိုက်တဲ့ ' တောကျီးကန်း' ဇာတ်ကားရုံတင်နေပြီး အဲဒီဇာတ်ကားမှာတော့ မိုးဟေကိုကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ သူ့ရဲ့အနုပညာကြိုးစားမှုတွေနဲ့ အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

 

မေး - မိုး ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ ခိုးဆိုးလုနှိုက် ဇာတ်ကားရဲ့အဆက်အဖြစ် တောကျီး ကန်းဇာတ်ကားကို ဆက်ပြီးရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းလေးကို အရင်သိပါရစေ။

ဖြေ -  မိုးအနေနဲ့ ' ခိုးဆိုးလုနှိုက်' ဇာတ်ကားရိုက်ကူးနေတဲ့အချိန်ကတည်းက ကိုစတီးလ်ကို ဇာတ်လမ်းအရ ချိတ်ဆက်လို့ရတဲ့ ဇာတ်ကားပဲဖြစ်ဖြစ် နောက်ထပ်ဇာတ်လမ်းလေး စဉ်းစားထားပေးဖို့ တောင်းဆိုခဲ့တာပါ။ နိုင်ငံခြားဇာတ်ကားတွေမှာ အဲဒီလိုပုံစံလေးတွေရိုက်ကြတာကို သဘောကျလို့ စီစဉ်ဖြစ်တာပါ။ ပထမဆုံး ရုံတင်ခဲ့တဲ့ ခိုးဆိုးလုနှိုက် ဇာတ်ကားကလည်း အောင်မြင်ခဲ့တယ်။ ပရိသတ်တွေ ကြိုက်နှစ်သက်တယ်ဆိုတော့ ဒုတိယဇာတ်ကားကိုလည်း ပရိသတ်တွေဆီ အမြန်ရောက်အောင် စီစဉ်ခဲ့ကြတာပါ။  ပထမဇာတ်ကား မအောင်မြင်ခဲ့ရင်လည်း ဒီဇာတ်ကားကတော့ ဇာတ်လမ်း တစ်ခုအနေနဲ့ မိုးတို့ သီးသန့်ရိုက်သွားဖို့ စီစဉ်ထားခဲ့ကြတဲ့ ဇာတ်လမ်းပါ။

 

မေး - တောကျီးကန်း(ခိုးဆိုလုနှိုက် ၂)ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ အကြောင်းလေးလည်း ပြောပြပေးပါဦး။

ဖြေ -  မိုးအနေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ဖြစ်ခဲ့တာက စီးပွားရေးလုပ်ငန်းကို အဓိကရည်ရွယ်ခဲ့တာပါ။ ကိုယ်ချစ်တဲ့ အနုပညာနဲ့တွဲဖက်ပြီး လုပ်ကိုင်နိုင်မယ့် စီးပွားရေးလုပ်ငန်းပေါ့။ ကိုယ်တိုင်သရုပ်ဆောင်ချင်တဲ့ ဇာတ်ကားတွေချည်း ထုတ်လုပ်ဖို့အတွက် ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒီ တောကျီးကန်း ဇာတ်ကားမှာ ပါဝင်ဖြစ်ခဲ့တာကလည်း အရင်ရှေ့ဇာတ်ကားတွေမှာကတည်းက ဒါရိုက်တာက ပါဝင်ပေးဖို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ မိုးအနေနဲ့ နောက်ဇာတ်ကားတွေမှပဲ ဝင်ရိုက်မယ်လို့ ပြောခဲ့တော့ ဒီဇာတ်ကားမှာတော့ ကိုယ့်ရဲ့ကတိအတိုင်း ပါဝင်ဖြစ်တာပါ။ နောက်ပြီး ပါဝင်ဖြစ်ခဲ့တာကလည်း ဒီဇာတ်က မင်းသမီးအနေနဲ့က အားဖြည့်မှုပိုင်းလောက်ပဲပါတဲ့ ဇာတ်ကောင်နေရာမျိုးဖြစ်ပြီး အခြားသရုပ်ဆောင်တွေရဲ့ အဓိကဇာတ်လမ်းမျိုးဖြစ်တဲ့အတွက်လည်း မိုးအနေနဲ့ ပါဝင်အားဖြည့်ဖြစ်တာပါ။

 

မေး - ကိုယ်ပိုင်ထုတ်လုပ်ရေးကနေပြီး ကိုယ့်စိတ်ကြိုက်ဖြစ်တဲ့ ကိုယ်တိုင်လည်း ရိုက်ကူးချင်တယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေကို ရိုက်ကူးဖို့စီစဉ်ထားတာရှိလား။

ဖြေ - မိုးအနေနဲ့ ထုတ်လုပ်ရေးလုပ်တယ်ဆိုတာ ကိုယ့်ဇာတ်ကားတွေချည်းရိုက်ကူူးဖို့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဇာတ်လမ်းကောင်းတာမျိုး၊ ပရိသတ်တွေကြိုက်နိုင်မယ်ဆိုတဲ့ ဇာတ်ကားမျိုးတွေ၊ ဈေးကွက်အနေအထားအရရော အဆင်ပြေမယ့်ဇာတ်လမ်းမျိုးတွေကိုပဲ အဓိကရွေးချယ်ပြီး အဲဒီဇာတ်လမ်းတွေနဲ့ လိုက်ဖက်မယ့် သရုပ်ဆောင်တွေနဲ့ပဲ အဓိက ရိုက်ကူးဖြစ်တာပါ။ ကိုယ့်စိတ်ကြိုက်ဆိုတဲ့ ဇာတ်လမ်းမျိုးက စဉ်းစားထားတာပဲရှိတာပါ။ အခုကတော့ ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်းလေးတွေဖြစ်အောင် ရွေးချယ်ရိုက်ကူးနေပါတယ်။ ၂၀၁၈ အတွက်ပေးထားတဲ့ ဇာတ်ညွှန်းတွေလည်းရှိပါတယ်။ အဲဒါတွေလည်း ဖတ်နေပါတယ်။

 

မေး - မိုး ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ တောကျီးကန်းပြီးရင် ဘယ်လိုဇာတ်လမ်းမျိုးတွေ တင်ဆက်သွားဖို့ရှိမလဲ။

ဖြေ -  မိုးရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ကား ကိုးကားရိုက်ကူးထားပြီးပါပြီ။ အဲဒီထဲက တောကျီးကန်းက လေးကားမြောက်ရုံတင်ဖြစ်တဲ့ကားပါ။ ။ နောက်ထပ်ကားတွေလည်း အမြန်ဆုံး ရုံ တင်ပြသနိုင်ဖို့စီစဉ်နေပါတယ်။ ဒါပေမဲ့ အခုက ရုံတင်စနစ်အပြောင်းအလဲတွေလည်း ဖြစ်နေတော့ ကြိုပြီးပြောဖို့ အဆင်မပြေသေးပါဘူး။

 

မေး - မိုးဟေကိုအနေနဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်တာ နည်းသွားတာတဲ့အကြောင်းလည်း ပြောပြပေးပါဦး။

ဖြေ -  အရင်ကတည်းက မိုးအနေနဲ့ အနုပညာအလုပ်တွေကို လျှော့သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။ နောက်ပြီး အားလုံးလည်းသိတဲ့အတိုင်း မိုးရဲ့မေမေ ကျန်းမာရေးအခြေအနေကြောင့်လည်း မိုးအနေနဲ့ အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့တာပါ။ မေမေ့ ကျန်းမာရေးကလည်း ကျောက်ကပ်ဆေးရတာမျိုးဆိုတော့ မိုးအတွက် အနုပညာအလုပ်လုပ်နိုင်တဲ့အချိန်က နည်းသွားပါတယ်။ ဒါပေမဲ့ မိုးအနေနဲ့ အနုပညာအလုပ်တွေကိုတော့ ရပ်လိုက်မှာမဟုတ်ပါဘူး။ မိုးကို ချစ်တဲ့ ပရိသတ်တွေကလည်း မိုးကိုကြည့်ချင်တယ်၊  မေမေလည်းကျန်းမာမယ်၊ မိုးအနေနဲ့လည်း အချိန်ပေးနိုင်မယ်၊ ဇာတ်လမ်းကလည်းကောင်းပြီး ကိုယ်ပါဝင်ရမယ့် ဇာတ်ကောင်ကလည်း ကိုယ်လည်းလုပ်နိုင်မယ်၊ ကိုယ်နဲ့လည်း လိုက်ဖက်မယ်ဆိုရင် ရိုက်ကူးမှာပါ။

 

မေး -  တောကျီးကန်းဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ - ဒီဇာတ်ကားလေးမှာ ပါဝင်ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင် အားလုံးက အကောင်း ဆုံးဖြစ်အောင် ကြိုးစားထားကြတဲ့ပါတယ်။ ဇာတ်လမ်းလေးကလည်း ထင်မှတ်မထားတဲ့အချိုး အကွေ့လေးတွေနဲ့ ဆွဲဆောင်နိုင်မယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ပရိသတ်တွေ လာအားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

 

မေး - ပရိသတ်တွေအတွက် စကားလက်ဆောင်လေးပြောပေးပါ။

ဖြေ - မိုးအနေနဲ့ ၁၀ နှစ်ကျော်ကြာ အနုပညာသက်တမ်းတစ်လျှောက်မှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အရမ်းကြီးအောင်မြင်တယ်လို့ မခံယူခဲ့ပါဘူး။  မိုးဒီနေ့အချိန်အထိ အခုလိုရပ်တည်နိုင်တာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါ။ အဲဒီအတွက် မိုးအနုပညာအလုပ်တွေ ကြိုးစားလုပ်ဖြစ်မှာပါ။ ပရိသတ်တွေအားလုံး အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ပါစေ။ ကျန်းမာချမ်းသာပြီး စီးပွားရေးတွေလည်း ကောင်းကြပါစေလို့ ဆိုတောင်းပေးပါတယ်။

Most Read

Most Recent